၁ တိမောသေ ၆:၁-၂၁

 ဘုရားသခင်၏ နာမတော်နှင့် သွန်သင်တော်မူချက်သည် ကဲ့ရဲ့ရှုတ်ချခြင်းနှင့် ကင်းလွတ်မည်အကြောင်း ကျွန်ခံရာ ထမ်းပိုးအောက်တွင် ရှိသူမှန်သမျှသည် မိမိ၏သခင်ကို အကြွင်းမဲ့ ရိုသေထိုက်သူဟု ယူမှတ်ကြစေ။ ၂  ထို့ပြင် သင်တို့၏သခင်များသည် ယုံကြည်ခြင်းတူသူ ညီအစ်ကိုများဖြစ်လျှင် သူတို့ကို မထီလေးစားမပြုစေနှင့်။ မိမိတို့အစေခံပေးသောသူတို့သည် ယုံကြည်သူများ၊ ချစ်အပ်သူများဖြစ်သောကြောင့် သာ၍တလိုတလား အစေခံကြစေ။ ဤအကြောင်းအရာများကို သွန်သင်၍ တိုက်တွန်းနှိုးဆော်နေလော့။ ၃  တစ်စုံတစ်ဦးသည် အခြားသောအယူဝါဒကို သွန်သင်၍ ငါတို့သခင် ယေရှုခရစ်၏ တရားစကားတော်တည်းဟူသော အကျိုးဖြစ်ထွန်းသည့် တရားစကားတော်ကိုလည်းကောင်း၊ ဘုရားတရားဆည်းကပ်မှုနှင့်ညီသော သွန်သင်ချက်ကိုလည်းကောင်း လက်မခံလျှင်၊ ၄  ထိုသူသည် မာနထောင်လွှား၍ မည်သည့်အရာကိုမျှ နားမလည်ဘဲ အမေးပုစ္ဆာများဆွေးနွေးခြင်း၊ စကားလုံးများနှင့်ပတ်သက်၍ ငြင်းခုံခြင်း၌ ဝါသနာကြီးသောသူဖြစ်၏။ ထိုအပြုအမူသည် ငြူစူခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ ဆဲဆိုခြင်း၊ မလိုတမာစိတ်ဖြင့် မယုံသင်္ကာဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေတတ်၏။ ၅  စိတ်ယိုယွင်း၍ အမှန်တရားကင်းမဲ့သူတို့တွင် အရေးမပါသောကိစ္စများဖြင့် အပြင်းအထန် ငြင်းခုံခြင်းတို့ကိုလည်း ဖြစ်ပေါ်စေတတ်၏။ ဘုရားတရားဆည်းကပ်ခြင်းသည် အကျိုးစီးပွားဖြစ်စေသည်ဟု ထိုသူတို့ ထင်တတ်ကြ၏။ ၆  အမှန်စင်စစ်၊ ကျေနပ်ရောင့်ရဲမှုဖြင့် ဘုရားတရားဆည်းကပ်ခြင်းသည် များစွာအကျိုးပေး၏။ ၇  အကြောင်းမူကား ငါတို့သည် ဤလောကသို့ မည်သည့်အရာကိုမျှ ယူလာခဲ့သည်မဟုတ်။ ထွက်သွားလျှင်လည်း မည်သည့်အရာကိုမျှ ယူသွားနိုင်မည်မဟုတ်။ ၈  သို့ဖြစ်၍ ငါတို့သည် စားစရာ၊ ဝတ်စရာ၊ နေစရာရှိသမျှနှင့် ကျေနပ်ရောင့်ရဲနေကြရမည်။ ၉  ချမ်းသာရန် စိတ်ပိုင်းဖြတ်ထားသူတို့မူကား လူတို့ကို လုံးလုံးပျက်စီး ဆုံးရှုံးစေတတ်သော သွေးဆောင်ခြင်း၊ ကျော့မိခြင်းနှင့် မိုက်မဲ၍ ထိခိုက်နစ်နာစေနိုင်သည့် အလိုဆန္ဒများထဲသို့ ကျရောက်ကြ၏။ ၁၀  အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် အကျိုးပျက်စေသော အရာအမျိုးမျိုး၏ မူလအမြစ်ဖြစ်၏။ လူအချို့သည် ငွေကိုတပ်မက်ခြင်းကြောင့် ယုံကြည်ခြင်းတရားမှ လမ်းလွဲသွားပြီး ဝေဒနာများစွာဖြင့် ကိုယ့်ကိုယ်ကိုယ် ထိုးနှက်ကြပြီ။ ၁၁  အို၊ ဘုရားသခင်၏လူ၊ သင်မူကား ထိုအရာများကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားတရားဆည်းကပ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ရှိရန် အစဉ်ကြိုးစားအားထုတ်*လော့။ ၁၂  ယုံကြည်ခြင်းတိုက်ပွဲကို ကောင်းစွာတိုက်လော့။ ထာဝရအသက်ကို ကိုင်စွဲလော့။ သင်သည် ထာဝရအသက်ရရန် ခေါ်တော်မူခြင်းခံရ၍ ထိုအသက်အတွက် သက်သေအများရှေ့တွင် ကောင်းစွာ ဝန်ခံခဲ့ပြီ။ ၁၃  အရာခပ်သိမ်းကို အသက်ရှင်စေတော်မူသော ဘုရားသခင့်ရှေ့မှောက်တွင်လည်းကောင်း၊ ပုန္တိပိလတ်မင်းထံ ကောင်းစွာ သက်သေခံသော ခရစ်တော်ယေရှုရှေ့မှောက်တွင်လည်းကောင်း ငါသည် သင့်ကို မိန့်မှာသည်ကား၊ ၁၄  ငါတို့သခင် ယေရှုခရစ် ထင်ရှားတော်မူသည့်နေ့တိုင်အောင် အစွန်းအထင်းမရှိ၊ အပြစ်တင်ခွင့်မရှိဘဲ ပညတ်တော်ကို စောင့်ရှောက်လော့။ ၁၅  ပျော်ရွှင်သော၊ တစ်ပါးတည်းဖြစ်သော၊ ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်ဖြစ်သော မင်းကြီးသည် ချိန်းချက်ထားသောကာလတွင် ထင်ရှားတော်မူလိမ့်မည်။ ၁၆  ထိုမင်းကြီးသည် မချဉ်းကပ်နိုင်သော အလင်း၌ စံတော်မူ၍ မသေနိုင်သောအဖြစ်ကို တစ်ပါးတည်းရထားသောသူ၊ မည်သူမျှ မမြင်ဖူး၊ မမြင်နိုင်သောသူ ဖြစ်တော်မူ၏။ ကိုယ်တော်၌ ဂုဏ်အသရေနှင့် အစွမ်းခွန်အား ထာဝစဉ်တည်ရှိပါစေ။ အာမင်။ ၁၇  လက်ရှိလောကစနစ်တွင် ချမ်းသာကြွယ်ဝသူတို့သည် စိတ်နေမြင့်ခြင်း မရှိရန်လည်းကောင်း၊ မမြဲသောစည်းစိမ်ကို မကိုးစားဘဲ ငါတို့ပျော်မွေ့နိုင်ရန် အရာခပ်သိမ်းကို ကြွယ်ဝစွာ ပေးသနားတော်မူသော ဘုရားသခင်အား ကိုးစားရန်လည်းကောင်း သူတို့ကို မိန့်မှာလော့။ ၁၈  ကောင်းမှုပြုခြင်း၊ မွန်မြတ်သောအကျင့်၌ ကြွယ်ဝခြင်း၊ ရက်ရောစွာပေးကမ်းခြင်း၊ သူတစ်ပါးကိုဝေမျှရန် အသင့်ရှိခြင်း၊ ၁၉  အနာဂတ်အတွက် အုတ်မြစ်ကောင်းဖြစ်သော ဘဏ္ဍာကို မိမိတို့အတွက် သိမ်းဆည်းခြင်းတို့ကို ပြုကြရန်လည်းမိန့်မှာလော့။ သို့ဖြင့် မှန်သောအသက်ကို ခိုင်မြဲစွာ ကိုင်စွဲထားနိုင်ကြမည်။ ၂၀  အို၊ တိမောသေ၊ သင်၌ ယုံကြည်လွှဲအပ်ထားသောအရာကို စောင့်ရှောက်လော့။ သန့်ရှင်းသောအရာကို မထီမဲ့မြင်ပြုသည့် အချည်းနှီးသော စကားများကိုလည်းကောင်း၊ “အသိပညာ” ဟုတလွဲခေါ်သည့် ရှေ့နောက်မညီသော အယူအဆများကိုလည်းကောင်း ရှောင်လော့။ ၂၁  ထိုသို့သော အသိပညာဖြင့် ဟိတ်ဟန်ထုတ်ခြင်းကြောင့် လူအချို့သည် ယုံကြည်ခြင်းတရားမှ လမ်းလွဲခဲ့ကြပြီ။ မဟာကရုဏာတော်သည် သင်တို့နှင့်အတူ ရှိပါစေ။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “မီအောင်လိုက်။”