၁ တိမောသေ ၄:၁-၁၆

 ဘုရားသခင်ထံမှလာသော သတင်းစကား*က နောင်ကာလတွင် အချို့သောသူတို့သည် ယုံကြည်ခြင်းကိုစွန့်၍ နတ်ဆိုးတို့၏ လှည့်ဖြားတတ်သော သတင်းစကားကိုလည်းကောင်း၊ သွန်သင်ချက်များကိုလည်းကောင်း အာရုံစိုက်ကြလိမ့်မည်ဟု တိကျပြတ်သားစွာဆို၏။ ၂  ထိုသူတို့သည် ဩတ္တပ္ပစိတ် သံပူခတ်ခြင်းခံရသော အရေခြုံသူတို့၏ မုသားစကားကြောင့် ထိုသို့ဖြစ်ရ၏။ ၃  ထိုသူတို့သည် အိမ်ထောင်ပြုခြင်းကို တားမြစ်ကြ၏။ ယုံကြည်ခြင်းရှိ၍ အမှန်တရားကို ကောင်းစွာသိသောသူတို့ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ စားသောက်ရန် ဘုရားသခင်ဖန်ဆင်းတော်မူသည့် အစာအချို့ကို ကြဉ်ရှောင်ရန်လည်း ပညတ်ထားကြ၏။ ၄  အကြောင်းမူကား ဘုရားသခင် ဖန်ဆင်းတော်မူသော အရာမှန်သမျှသည် ကောင်းမွန်သည်ဖြစ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ခံယူမည်ဆိုလျှင် မည်သည့်အရာကိုမျှ မငြင်းပယ်သင့်။ ၅  ထိုအရာတို့သည် ဘုရားသခင်၏ တရားစကားတော်နှင့် ဆုတောင်းခြင်းအားဖြင့် သန့်ရှင်းစင်ကြယ်ပြီးဖြစ်၏။ ၆  ညီအစ်ကိုများကို ထိုသို့အကြံပေးခြင်းအားဖြင့် သင်သည် ခရစ်တော်ယေရှု၏ အမှုတော်ဆောင်ကောင်းဖြစ်လိမ့်မည်။ သင်အတတ်နိုင်ဆုံး လိုက်နာသော ယုံကြည်ခြင်းနှင့် မွန်မြတ်သည့်သွန်သင်ချက်များနှင့်ဆိုင်သော တရားစကားတော်များဖြင့် မိမိကိုယ်ကို အားဖြည့်ထားသူဖြစ်လိမ့်မည်။ ၇  သန့်ရှင်းသောအရာကို မထီမဲ့မြင်ပြုသည့်၊ အဘွားအိုပြောတတ်သည့် ဒဏ္ဍာရီပုံပြင်များကို ပယ်လော့။ ဘုရားတရားဆည်းကပ်ခြင်းကို ရည်မှန်းချက်ထားကာ မိမိကိုယ်ကို လေ့ကျင့်လျက်နေလော့။ ၈  အကြောင်းမူကား ကိုယ်ကာယလေ့ကျင့်မှုသည် အနည်းငယ် အကျိုးရှိသော်လည်း ဘုရားတရားဆည်းကပ်ခြင်းမူကား ယခုအသက်၊ အနာဂတ်အသက်တို့နှင့်ဆိုင်သော ကတိတော်ကိုရစေသည်ဖြစ်၍ အရာရာ၌ အကျိုးရှိ၏။ ၉  ထိုစကားသည် အကြွင်းမဲ့ လက်ခံထိုက်သော သစ္စာစကားဖြစ်၏။ ၁၀  ထိုအကြောင်းကြောင့် ငါတို့သည် လူအမျိုးမျိုးတို့၏ကယ်တင်ရှင်၊ အထူးသဖြင့် သစ္စာရှိသူတို့၏ ကယ်တင်ရှင်ဖြစ်သော အသက်ရှင်တော်မူသည့် ဘုရားသခင်ကို မျှော်လင့်ကြသောကြောင့် အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်လျက်နေကြ၏။ ၁၁  ဤမိန့်မှာချက်များကိုပေး၍ သင်ကြားလျက်နေလော့။ ၁၂  သင်၏အသက်ငယ်ရွယ်ခြင်းကို မည်သူမျှ မထီမဲ့မြင်မပြုစေနှင့်။ သို့ဖြစ်မည့်အစား သင်၏အပြောအဆို၊ အပြုအမူနှင့် ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတို့တွင် သစ္စာရှိသူများအတွက် စံနမူနာဖြစ်စေလော့။ ၁၃  ငါရောက်လာချိန်တိုင်အောင် လူထုရှေ့ကျမ်းစာဖတ်ခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း၊ သွန်သင်ခြင်းတို့ကို အဆက်မပြတ် ကြိုးစားလုပ်ဆောင်လော့။ ၁၄  ပရောဖက်ပြုချက်အားဖြင့်လည်းကောင်း၊ အသက်ကြီးသူအဖွဲ့က သင့်အပေါ် လက်တင်သောအခါတွင်လည်းကောင်း သင်၌ အပ်ပေးသော ဆုကျေးဇူးကို လျစ်လျူမရှုနှင့်။ ၁၅  ထိုအရာများကို ဆင်ခြင်သုံးသပ်လော့။ လူအပေါင်းတို့ရှေ့တွင် သင်၏တိုးတက်မှုကို ထင်ရှားစေရန် ထိုအရာများကို စွဲမှတ်လော့။ ၁၆  ကိုယ်ကိုလည်းကောင်း၊ ကိုယ့်သွန်သင်ခြင်းကိုလည်းကောင်း အမြဲဂရုပြုလျက်နေလော့။ ထိုအရာများနှင့်အညီ နေထိုင်လော့။ သို့ပြုလျှင် ကိုယ်ကိုလည်းကောင်း၊ ကိုယ့်သွန်သင်ခြင်းကို နားထောင်သူတို့အားလည်းကောင်း ကယ်တင်လိမ့်မည်။

အောက်ခြေမှတ်ချက်များ

ဂရိ၊ “နျူမာ။” နောက်ဆက်တွဲ ၈ ရှု။