၁ တိမောသေ ၁:၁-၂၀

 ငါတို့၏ကယ်တင်ရှင် ဘုရားသခင်နှင့် ငါတို့၏မျှော်လင့်ရာဖြစ်သော ခရစ်တော်ယေရှုတို့၏ အမိန့်တော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော် ငါပေါလုသည်၊ ၂  ယုံကြည်ခြင်း၌ သားစစ်ဖြစ်သော တိမောသေထံ စာရေးလိုက်ပါ၏။ အဖဘုရားသခင်နှင့် ငါတို့သခင် ခရစ်တော်ယေရှုတို့ထံမှ မဟာကရုဏာတော်၊ သနားကြင်နာခြင်း၊ ငြိမ်သက်ခြင်းသည် သင်နှင့်အတူ ရှိပါစေ။ ၃  ငါသည် မက်ဆီဒိုးနီးယားပြည်သို့ သွားခါနီးတွင် သင့်ကို ဧဖက်မြို့၌ နေရစ်ရန် တိုက်တွန်းခဲ့သည့်အတိုင်း ယခုလည်း တိုက်တွန်းပါ၏။ ဤသို့ဖြင့် ကွဲပြားသောအယူဝါဒကို မသွန်သင်ကြရန် အချို့သောသူတို့အား သင်မိန့်မှာနိုင်မည်။ ၄  ယုံကြည်ခြင်းနှင့်ဆိုင်သော ဘုရားသခင်စီမံပေးရာများထက် အမေးပုစ္ဆာများကိုသာ ဖြစ်စေတတ်သော ဒဏ္ဍာရီပုံပြင်များနှင့် မကုန်ဆုံးနိုင်သော ဆွေစဉ်မျိုးဆက်စာရင်းများကို အာရုံမစိုက်ကြရန်လည်း မိန့်မှာနိုင်မည်။ ၅  ထိုသို့မိန့်မှာရသည့် ရည်ရွယ်ချက်မှာ စင်ကြယ်သောနှလုံးမှလည်းကောင်း၊ ကြည်လင်သော ဩတ္တပ္ပစိတ်မှလည်းကောင်း၊ ဟန်ဆောင်မှုကင်းသော ယုံကြည်ခြင်းမှလည်းကောင်း ထွက်ပေါ်လာသော ချစ်ခြင်းမေတ္တာ ရှိစေရန်ဖြစ်၏။ ၆  အချို့သောသူတို့သည် ထိုအရာများမှ သွေဖည်၍ အကျိုးမရှိသောစကားပြောခြင်းသို့ လွဲသွားကြ၏။ ၇  ထိုသူတို့သည် မိမိတို့ပြောနေသော အရာများကိုလည်းကောင်း၊ မိမိတို့အခိုင်အမာအဆိုပြုသော အရာများနှင့်ပတ်သက်၍လည်းကောင်း သိနားလည်ခြင်းမရှိဘဲ ပညတ်ကျမ်းဆရာများ ဖြစ်လိုကြ၏။ ၈  ပညတ်တရားကို မှန်ကန်စွာ ကျင့်သုံးလျှင် ထိုတရားသည် ကောင်းမွန်ကြောင်း ငါတို့ သိကြ၏။ ၉  ပညတ်ဥပဒေ ထုတ်ပြန်ရသည့်အကြောင်းကိုလည်း ငါတို့ သိကြ၏။ ထိုပညတ်ဥပဒေသည် ဖြောင့်မတ်သူအတွက် မဟုတ်။ တရားမဲ့သူ၊ အာခံတတ်သူ၊ ဘုရားတရားမဲ့သူ၊ အပြစ်ပြုသူ၊ မေတ္တာကရုဏာမရှိသူ၊ ဘုရားတရားကိုမထီမဲ့မြင်ပြုသူ၊ အမိအဖ သို့မဟုတ် အခြားသူကိုသတ်သူ၊ ၁၀  မတရားမေထုန်ပြုသူ၊ ယောက်ျားချင်းမေထုန်ပြုသူ၊ ပြန်ပေးဆွဲသူ၊ လိမ်လည်သူ၊ မဟုတ်မမှန်ကျိန်ဆိုသူ၊ အကျိုးဖြစ်ထွန်းသော သွန်သင်ချက်နှင့် ဆန့်ကျင်သည့် အမှုရှိသမျှကို ပြုကျင့်သူတို့အတွက် ဖြစ်၏။ ၁၁  ထိုသွန်သင်ချက်သည် ပျော်ရွှင်သောဘုရားသခင်၏ ဘုန်းကြီးသောသတင်းကောင်းနှင့်အညီ ဖြစ်၏။ ထိုသတင်းကောင်းကို ငါ့အား အပ်နှင်းထား၏။ ၁၂  ငါ့ကို တန်ခိုးပေးတော်မူသော ငါတို့သခင် ခရစ်တော်ယေရှုအား ကျေးဇူးတင်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် ငါ့ကို အမှုတော်ဆောင်ရန် ခန့်အပ်ခြင်းဖြင့် သစ္စာရှိသူဟု ယူမှတ်တော်မူ၏။ ၁၃  ငါသည် ယခင်က ဘုရားကိုစော်ကားသူ၊ ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းသောသူဖြစ်ခဲ့သော်လည်း ထိုသို့ခန့်အပ်ခံရ၏။ အကြောင်းမူကား ငါသည် ယုံကြည်ခြင်းကင်းမဲ့၍ မသိနားမလည်ဘဲ ပြုမိသောကြောင့် သနားတော်မူခြင်း ခံရ၏။ ၁၄  သို့သော် ငါတို့သခင်၏ မဟာကရုဏာသည် ခရစ်တော်ယေရှုနှင့်ဆိုင်သော ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာတို့နှင့်တကွ အလွန်ကြွယ်ဝ၏။ ၁၅  ခရစ်တော်ယေရှုသည် အပြစ်ရှိသောသူတို့ကို ကယ်တင်ရန် ဤလောကသို့ ကြွလာတော်မူသည်ဟူသော စကားသည် သစ္စာစကား၊ အကြွင်းမဲ့လက်ခံထိုက်သော စကားဖြစ်၏။ အပြစ်ရှိသောသူတို့တွင် ငါသည် အထင်ရှားဆုံးဖြစ်၏။ ၁၆  သို့သော် ထာဝရအသက်ရရန် ခရစ်တော်ယေရှုကို ယုံကြည်အားထားမည့်သူတို့အတွက် နမူနာဖြစ်စေခြင်းငှာ ကိုယ်တော်သည် အပြစ်ရှိသောသူတို့တွင် အထင်ရှားဆုံးဖြစ်သူ ငါ့အား အစွမ်းကုန်စိတ်ရှည်မည်အကြောင်း ငါ့ကို သနားတော်မူရခြင်းဖြစ်၏။ ၁၇  ထာဝရဘုရင်ဖြစ်သော၊ ဖောက်ပြန်ပျက်စီးခြင်းမရှိသော၊ မျက်မြင်မရသော၊ တစ်ဆူတည်းသော ဘုရားသခင်သည် ကာလအစဉ်အဆက် ဘုန်းတော်၊ ဂုဏ်တော် ထင်ရှားတော်မူစေသတည်း။ အာမင်။ ၁၈  ငါ့သား တိမောသေ၊ သင့်ကို တိုက်ရိုက်ရည်ညွှန်းသော ပရောဖက်ပြုချက်များနှင့်အညီ ထိုမိန့်မှာချက်ကို သင့်အား ငါလွှဲအပ်ရခြင်းမှာ ကောင်းသောစစ်ပွဲကို ဆင်နွှဲနိုင်ရန်လည်းကောင်း၊ ၁၉  ယုံကြည်ခြင်းနှင့် ကြည်လင်သော ဩတ္တပ္ပစိတ်တို့ကို ထိန်းသိမ်းနိုင်ရန်လည်းကောင်း ဖြစ်၏။ အချို့သူတို့သည် ကြည်လင်သော ဩတ္တပ္ပစိတ်ကို ငြင်းပယ်သဖြင့် ယုံကြည်ခြင်းသင်္ဘောပျက်ခြင်း ကြုံရကြ၏။ ၂၀  ထိုသူတို့တွင် ဟုမေနဲနှင့် အာလေဇန္ဒြုတို့ ပါဝင်ကြ၏။ ဘုရားကို မစော်ကားရန် ဆုံးမသွန်သင်ခံရမည်အကြောင်း သူတို့ကို စာတန်၏လက်သို့ ငါအပ်လိုက်လေပြီ။

အောက်ခြေမှတ်ချက်များ