ဧဖက် ၄:၁-၃၂

 ထို့ကြောင့် သင်တို့သည် ခေါ်တော်မူခြင်းနှင့် ထိုက်တန်စွာ လျှောက်လှမ်းကြရန် သခင်အတွက် အကျဉ်းသားဖြစ်သူ ငါသည် သင်တို့ကို တောင်းပန်ပါ၏။ ၂  စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့နှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ မေတ္တာတရား၌ အချင်းချင်း သည်းခံခြင်းရှိလျက်၊ ၃  ငြိမ်သက်ခြင်း အနှောင်အဖွဲ့အားဖြင့် ဘုရားသခင့်စွမ်းအားတော်ကြောင့်ရသော တစ်လုံးတစ်ဝတည်းအဖြစ်ကို ကြိုးစားအားထုတ်၍ စောင့်ရှောက်ကြလော့။ ၄  သင်တို့ကို မျှော်လင့်ခြင်းတစ်ခုတည်းသို့ ခေါ်တော်မူသကဲ့သို့ပင် ခန္ဓာကိုယ်တစ်ခုတည်း၊ ဘုရားသခင့်စွမ်းအားတော် တစ်ခုတည်းသာရှိ၏။ ၅  သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ နှစ်ခြင်းတစ်ပါးတည်းရှိ၏။ ၆  လူခပ်သိမ်းတို့၏အဖ ဘုရားသခင်တစ်ဆူတည်း ရှိတော်မူ၏။ ကိုယ်တော်သည် အလုံးစုံတို့၏အထက်တွင်ရှိ၍ အရာခပ်သိမ်းအားဖြင့် ရှိသမျှတို့တွင် လုပ်ဆောင်တော်မူ၏။ ၇  ခရစ်တော်သည် ငါတို့အား ဆုကျေးဇူးပေးတော်မူသည့်အတိုင်း မဟာကရုဏာတော်ကို အသီးသီး ခံကြရပြီ။ ၈  သို့ဖြစ်၍ ကျမ်းစာတွင် “ကိုယ်တော်သည် တက်ကြွတော်မူသောအခါ  သုံ့ပန်းများကို ချီဆောင်သွားတော်မူ၏။ ထိုအခါ လူ့အသွင်ဆုများကို ပေးတော်မူ၏” ဟုဆို၏။ ၉  “ကိုယ်တော်သည် တက်ကြွတော်မူ၏” ဟုဆိုသော် အောက်အရပ်မြေကြီးသို့ ဆင်းသက်တော်မူသည်ဟူ၍လည်း ဆိုလိုသည် မဟုတ်လော။ ၁၀  ဆင်းသက်တော်မူသောသူကား အလုံးစုံကို ပြည့်စုံစေမည်အကြောင်း ကောင်းကင်တစ်ခွင်လုံး၏အထက်ကို ကျော်လွန်၍ တက်သွားတော်မူသောအရှင်ဖြစ်၏။ ၁၁  ကိုယ်တော်သည် လူအချို့ကို တမန်တော်များ၊ အချို့ကို ပရောဖက်များ၊ အချို့ကို ဧဝံဂေလိတရားဟောပြောသူများ၊ အချို့ကို သိုးထိန်းများ၊ ဆရာများအဖြစ် ခန့်ထားတော်မူ၏။ ၁၂  သို့ဖြင့် သန့်ရှင်းသူတို့ကို ပြန်တည့်မတ်ပေးရန်၊ အမှုတော်ဆောင်ရန်၊ ခရစ်တော်၏ ခန္ဓာကိုယ်ကို တည်ဆောက်ပေးရန်ဖြစ်၏။ ၁၃  ငါတို့ရှိသမျှသည် ယုံကြည်ခြင်း၌လည်းကောင်း၊ ဘုရားသခင်၏ သားတော်ကို တိကျမှန်ကန်စွာ သိကျွမ်းခြင်း၌လည်းကောင်း တစ်လုံးတစ်ဝတည်းဖြစ်၍ ခရစ်တော်၏ ပြည့်စုံခြင်းပမာဏ အဆင့်တည်းဟူသော ကြီးရင့်သူအဖြစ်သို့ ရောက်သည်အထိဖြစ်၏။ ၁၄  သို့ဖြစ်၍ ငါတို့သည် နို့စို့သူငယ်များ ဖြစ်ကြတော့မည်မဟုတ်။ လိမ်လည်လှည့်ဖြားသူများနှင့် မှားယွင်းစေရန် ကလိမ်ဉာဏ်ဆင်သူများ၏စကားကို နားထောင်သဖြင့် လှိုင်းပုတ်ခံရ၍ ခပ်သိမ်းသော သွန်သင်ခြင်းလေ တိုက်ရာဘက်သို့ တိမ်းယိမ်းကြတော့မည်မဟုတ်။ ၁၅  ငါတို့သည် အမှန်တရားကို ဟောပြောလျက် ဦးခေါင်းဖြစ်သော ခရစ်တော်တွင် အရာရာ၌ ချစ်ခြင်းမေတ္တာအားဖြင့် ကြီးပွားကြစို့။ ၁၆  ကိုယ်တော်အားဖြင့် ခန္ဓာကိုယ်တစ်ခုလုံး၏ အဆစ်အပိုင်းများသည် လိုက်ဖက်စွာ စေ့စပ်ပေါင်းစည်းလျက် ပူးပေါင်းဆောင်ရွက်ကြ၏။ ကိုယ်အင်္ဂါအသီးသီးတို့သည် လိုအပ်သလို လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို ချစ်ခြင်းမေတ္တာ၌ တည်ဆောက်၍ ကြီးထွားလာစေ၏။ ၁၇  ထို့ကြောင့် လူမျိုးခြားတို့သည် မိုက်မဲသော စိတ်သဘောနှင့် လျှောက်လှမ်းသည့်နည်းတူ သင်တို့သည် မလျှောက်လှမ်းကြတော့ရန် သခင်၏နာမအားဖြင့် ငါတိုက်တွန်းနှိုးဆော်ပါ၏။ ၁၈  ထိုသူတို့သည် စိတ်နှလုံးခိုင်မာ၍ မသိနားမလည်သောကြောင့် ဉာဏ်အလင်းကွယ်လျက် ဘုရားသခင်ပေးတော်မူမည့် အသက်နှင့် ကင်းကွာလျက် ရှိကြ၏။ ၁၉  သူတို့သည် အရှက်အကြောက် မရှိကြဘဲ၊ မသန့်ရှင်းသောအကျင့်* အမျိုးမျိုးကို ငမ်းငမ်းတက်ကျင့်ရန် မိမိတို့ကိုယ်ကို အကျင့်ပျက်ခြင်း*လက်သို့အပ်လိုက်ကြ၏။ ၂၀  သို့သော် သင်တို့သည် ခရစ်တော်ထံမှ ထိုသို့ သင်ယူခဲ့ကြသည်မဟုတ်။ ၂၁  သင်တို့သည် ကိုယ်တော်၏တရားကို ကြားနာခဲ့ကြပြီ။ ယေရှု၌ရှိသော အမှန်တရားအတိုင်း သွန်သင်ခြင်းကို ခံခဲ့ကြပြီ။ ၂၂  သင်တို့သည် ဘဝလမ်းစဉ်ဟောင်းအတိုင်း လှည့်ဖြားတတ်သော ဆန္ဒများနှင့်အညီ ယိုယွင်းလျက်ရှိသော ပင်ကိုစရိုက်ဟောင်းကို ချွတ်ပယ်ရန် သွန်သင်ခံကြရပြီ။ ၂၃  သင်တို့၏စိတ်သဘော*ကို အသစ်ပြုပြင်ကြရမည်။ ၂၄  ထို့ပြင် စစ်မှန်သော ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်းတို့နှင့်အညီ ဘုရားသခင်၏ အလိုတော်အတိုင်း ဖန်ဆင်းခံရသော စရိုက်သစ်ကို ဝတ်ဆင်သင့်၏။ ၂၅  ထို့ကြောင့် မုသားပြောခြင်းကို ဖယ်ရှား ၍ သင်တို့အသီးသီးသည် လူသားချင်းအား မှန်သောစကားကိုသာ ပြောဆိုကြလော့။ အကြောင်းမူကား ငါတို့သည် အင်္ဂါချင်းများ ဖြစ်ကြ၏။ ၂၆  ဒေါသထွက်လျှင်လည်း အပြစ်မပြုနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။ ၂၇  မာရ်နတ်ကို အခွင့်မပေးကြနှင့်။ ၂၈  ခိုးတတ်သောသူသည် နောက်တစ်ဖန် မခိုးတော့ဘဲ မိမိလက်နှင့် ကောင်းသောအလုပ်ကို ကြိုးစားလုပ်ကိုင်ပါစေ။ သို့မှသာ အကူအညီလိုအပ်သူကို ပေးကမ်းဝေငှနိုင်မည်။ ၂၉  သင်တို့၏နှုတ်ထဲမှ မကောင်းသော စကားတစ်ခွန်းမျှ မထွက်ပါစေနှင့်။ ကြားနာသူတို့အတွက် နှစ်လို့ဖွယ်ဖြစ်စေရန် လိုအပ်သည့်အခါ တည်ဆောက်မှုဖြစ်စေသော ကောင်းသည့်စကားကိုသာ ပြောဆိုကြလော့။ ၃၀  ဘုရားသခင်၏ သန့်ရှင်းသောစွမ်းအားတော်ကို ဝမ်းမနည်းစေကြနှင့်။ ရွေးနုတ်ခံရမည့်နေ့ရက်အတွက် သင်တို့ကို ထိုစွမ်းအားတော်ဖြင့် တံဆိပ်ခတ်တော်မူပြီ။ ၃၁  ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို မကောင်းမှုရှိသမျှနှင့်တကွ ဖယ်ရှားကြလော့။ ၃၂  အချင်းချင်း ကြင်နာမှုပြ၍ သနားစာနာကြလော့။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် သင်တို့ကို အကြွင်းမဲ့ခွင့်လွှတ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း အကြွင်းမဲ့ခွင့်လွှတ်ကြလော့။

အောက်ခြေမှတ်ချက်များ

သို့မဟုတ် “ညစ်ညမ်းခြင်း၊ ယုတ်ညံ့ခြင်း၊ တဏှာရာဂအားကြီးခြင်း။”
သို့မဟုတ် “လိင်ပိုင်းတွင်စည်းကမ်းမရှိခြင်း၊ လိင်ပိုင်းကိုယ်ကျင့်သိက္ခာမဲ့ခြင်း၊ အရှက်မရှိခြင်း။”
သို့မဟုတ်၊ “စိတ်ကိုစေ့ဆော်ပေးသောအစွမ်း။”