ဟီဘရူး ၂:၁-၁၈

 ထို့ကြောင့် ငါတို့သည် မည်သည့်အခါမျှ မရွေ့မျောသွားရန် ငါတို့ကြားခဲ့ရာများကို သာမန်ထက် ပို၍အာရုံစိုက်ဖို့လို၏။ ၂  အကြောင်းမူကား ကောင်းကင်တမန်များမှ တစ်ဆင့် မိန့်တော်မူသော တရားစကားတော်သည် ခိုင်မြဲ၍ အပြစ်ကျူးလွန်မှုတိုင်းနှင့် နာခံမှုမဲ့သော လုပ်ရပ်တိုင်းကို တရားမျှတစွာ စီရင်ခဲ့သည်ဆိုလျှင်၊ ၃  ငါတို့သခင်မှတစ်ဆင့် မိန့်တော်မူ၍ ကိုယ်တော်၏စကားကိုကြားခဲ့သူများက ထောက်ခံသော ဤမျှကြီးမြတ်သည့် ကယ်တင်ခြင်းအကြောင်းကို ငါတို့လျစ်လျူရှုမည်ဆိုပါက မည်သို့လွတ်မြောက်နိုင်မည်နည်း။ ၄  ထိုအကြောင်းကို ဘုရားသခင်သည်လည်း အလိုတော်နှင့်ညီသော လက္ခဏာများ၊ အတိတ်နိမိတ်များ၊ တန်ခိုးပါသောလုပ်ရပ်များနှင့် သန့်ရှင်းသောစွမ်းအားတော်*၏ ဆုကျေးဇူးများပေးခြင်းဖြင့် ထောက်ခံတော်မူ၏။ ၅  အကြောင်းမူကား ငါတို့ပြောဆိုနေသော နောင်လာမည့် လူနေထိုင်ရာမြေကြီးကို ကောင်းကင်တမန်များအား အပ်ပေးသည်မဟုတ်။ ၆  သို့သော် သက်သေတစ်ဦးက “လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော် အောက်မေ့ရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော် ဂရုစိုက်တော်မူရသနည်း။ ၇  သူ့ကို ကောင်းကင်တမန်များထက် အနည်းငယ်နိမ့်ကျစေတော်မူ၏။ ဘုန်းအသရေ၊ ဂုဏ်အသရေနှင့် ချီးမြှောက်တော်မူ၍ ကိုယ်တော့်လက်ရာတော်များကို အုပ်စိုးရန် ခန့်အပ်တော်မူ၏။ ၈  အရာခပ်သိမ်းကို ခြေတော်အောက်၌ ချထားတော်မူ၏” ဟုရေးသားခဲ့၏။ အရာခပ်သိမ်းကို သူ့အား အပ်ပေးရာတွင် ဘုရားသခင်ချန်ထားသောအရာ တစ်စုံတစ်ခုမျှမရှိ။ သို့သော် ယခုအခါတွင် သူ့အား အရာခပ်သိမ်းကို အပ်ပေးတော်မူကြောင်း ငါတို့မတွေ့ရသေး။ ၉  ကောင်းကင်တမန်များထက် အနည်းငယ်နိမ့်ကျသော ယေရှုသည် အသေခံတော်မူသောကြောင့် ဘုန်းအသရေ၊ ဂုဏ်အသရေနှင့် ချီးမြှောက်ခံရကြောင်းကိုမူ ငါတို့တွေ့မြင်ရ၏။ ကိုယ်တော်သည် ဘုရားသခင်၏မဟာကရုဏာတော်အားဖြင့် လူအားလုံးအတွက် အသေခံခဲ့ရ၏။ ၁၀  အကြောင်းမူကား များစွာသောသားတို့ကို ဘုန်းအသရေတော်သို့ ဆောင်သွင်းရာတွင် သူတို့ကို ကယ်တင်သော ကိုယ်စားလှယ်ချုပ်အား ဆင်းရဲဒုက္ခခံစေခြင်းဖြင့် စုံလင်စေခြင်းသည် အရာခပ်သိမ်းကို မိမိအဖို့ ဖြစ်စေတော်မူသောအရှင်အတွက် သင့်လျော်ပေ၏။ ၁၁  သန့်ရှင်းစေသောသူနှင့် သန့်ရှင်းခံရသောသူတို့သည် တစ်ပါးတည်းမှဖြစ်လာသောကြောင့် ကိုယ်တော်သည် သူတို့ကို “ညီအစ်ကိုများ” ဟုခေါ်ရန် ရှက်တော်မမူ။ ၁၂  ထို့ကြောင့် “ကိုယ်တော်၏နာမကို ကျွန်ုပ်ညီအစ်ကိုတို့အား ဖော်ပြပါမည်။ အသင်းတော်၏အလယ်တွင် ကိုယ်တော်အား ချီးမွမ်းသီချင်းဆိုပါမည်” ဟုကိုယ်တော်ဆို၏။ ၁၃  တစ်ဖန် “ငါသည် ကိုယ်တော်ကို ကိုးစားပါမည်၊” နောက်တစ်ဖန် “ငါနှင့် ငါ့အား ယေဟောဝါပေးသော သားသမီးများဖြစ်၏” ဟုဆို၏။ ၁၄  ထို “သားသမီး” များသည် အသွေးအသားဖြစ်သောကြောင့် ကိုယ်တော်သည်လည်း အသွေးအသားကို ခံယူတော်မူ၍ မိမိ၏သေခြင်းအားဖြင့် သေခြင်းတရားကိုဖြစ်ပေါ်စေသူ မာရ်နတ်ကို ဖျက်ဆီးတော်မူ၏။ ၁၅  ထို့ပြင် သေခြင်းတရားကို ကြောက်သဖြင့် တစ်သက်တာလုံး ကျွန်ခံနေရသူတို့ကို လွတ်မြောက်စေတော်မူ၏။ ၁၆  အမှန်မှာ ကိုယ်တော်သည် ကောင်းကင်တမန်များကို ထောက်မသည်မဟုတ်၊ အာဗြဟံ၏အမျိုးအနွယ်ကို ထောက်မတော်မူ၏။ ၁၇  သို့ဖြစ်၍ ကိုယ်တော်သည် အဘက်ဘက်တွင် မိမိ “ညီအစ်ကိုများ” နှင့် တူညီနေရ၏။ ဤနည်းဖြင့် လူတို့၏အပြစ်များအတွက် အပြစ်ဖြေရာယဇ် ပူဇော်ရန် ဘုရားသခင်၏အမှုတော်ဆောင်ရာတွင် သနားကြင်နာသော သစ္စာရှိယဇ်ပုရောဟိတ်မင်းဖြစ်လာ၏။ ၁၈  စမ်းသပ်ခံရသောအခါ ကိုယ်တိုင်ဆင်းရဲဒုက္ခခံခဲ့ရသဖြင့် စမ်းသပ်မှုခံရသူများကို ကူညီမစနိုင်တော်မူ၏။

အောက်ခြေမှတ်ချက်များ

ဗြဲ ၂:၄ ဂရိ၊ “နျူမာ။” နောက်ဆက်တွဲ ၈ ရှု။