လုကာ ၉:၁-၆၂

 ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးကို စုဝေးစေပြီးလျှင် နတ်ဆိုးရှိသမျှကို နိုင်ရသော၊ ရောဂါဝေဒနာများကို ပျောက်ကင်းစေနိုင်သော တန်ခိုးအာဏာကို အပ်ပေးတော်မူ၏။ ၂  ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောရန်၊ လူနာတို့ကို ကျန်းမာစေရန် သူတို့ကို စေလွှတ်၍၊ ၃  “သင်တို့သည် လမ်းခရီးအတွက် အဘယ်အရာကိုမျှ ယူမသွားကြနှင့်။ တောင်ဝှေး၊ ရိက္ခာအိတ်၊ စားစရာ၊ ငွေကို မယူကြနှင့်။ အင်္ကျီနှစ်ထည်ကိုလည်း မဆောင်ကြနှင့်။ ၄  သင်တို့သည် မည်သည့်အိမ်သို့မဆို ဝင်လျှင် ထိုနေရာမှ မထွက်မသွားမီ ထိုအိမ်တွင် တည်းခိုကြလော့။ ၅  သင်တို့ကို လက်မခံဘဲနေလျှင် ထိုမြို့မှထွက်သွားစဉ် သူတို့အတွက် သက်သေဖြစ်စေရန် သင်တို့၏ခြေဖဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့” ဟု မိန့်တော်မူ၏။ ၆  ထို့နောက် သူတို့သည် ရောက်လေရာအရပ်ရပ်တွင် သတင်းကောင်းကို ပြောကြားလျက်၊ အနာရောဂါများကို ပျောက်ကင်းစေလျက် တစ်ရွာမှတစ်ရွာ လှည့်လည်ကြ၏။ ၇  ထိုအမှုအရာရှိသမျှကို နယ်စားမင်းဟေရုဒ် ကြားသော် ကြံရာမရ ဖြစ်လေ၏။ အကြောင်းမူကား လူအချို့က ယောဟန်သည် သေခြင်းမှထမြောက်လေပြီဟု ဆိုကြ၏။ ၈  အချို့က ဧလိယပေါ်ထွန်းပြီဟု ဆိုကြ၏။ အချို့က ရှေးပရောဖက်တစ်ပါးပါး ထမြောက်ပြီဟု ဆိုကြ၏။ ၉  ဟေရုဒ်မင်းကလည်း “ငါသည် ယောဟန်၏ဦးခေါင်းကို ဖြတ်ခဲ့ပြီ။ ငါကြားနေရသော သတင်းများသည် မည်သူ့အကြောင်းနည်း” ဟုဆိုလျက် ကိုယ်တော်ကို တွေ့မြင်ရန် ရှာကြံလေ၏။ ၁၀  တမန်တော်တို့သည် အထံတော်သို့ ပြန်လာသော် မိမိတို့ပြုခဲ့သမျှကို ကြားလျှောက်ကြ၏။ ကိုယ်တော်သည် သူတို့ကို သီးခြားခေါ်ပြီးလျှင် ဘက်ဆိုင်းဒါ ဟုခေါ်သောမြို့သို့ အတူသွားကြ၏။ ၁၁  လူအုပ်သည် ထိုအခြင်းအရာကို သိလျှင် နောက်တော်သို့ လိုက်ကြ၏။ ကိုယ်တော်သည် ထိုသူတို့ကို လက်ခံကြိုဆိုလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြော၍ ဖျားနာသူတို့ကို ကျန်းမာစေတော်မူ၏။ ၁၂  နေ့အချိန် ကုန်လုသောအခါ တစ်ဆယ့်နှစ်ပါးသည် ကိုယ်တော်ထံ ချဉ်းကပ်လျက် “လူအုပ်သည် ပတ်ဝန်းကျင် ရွာဇနပုဒ်များသို့သွား၍ တည်းခိုစရာနှင့် စားစရာကိုရှာရန် လွှတ်တော်မူပါ။ အကြောင်းမူကား ဤအရပ်သည် လူသူကင်းမဲ့ရာ အရပ်ဖြစ်ပါ၏” ဟု လျှောက်ကြ၏။ ၁၃  ထိုအခါ ကိုယ်တော်က “စားစရာကို သင်တို့ပေးကြ” ဟု မိန့်တော်မူသော်၊ သူတို့က “ကျွန်ုပ်တို့သည် သွား၍ ဤလူရှိသမျှအတွက် စားစရာကို မဝယ်လျှင် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတစ်ပါး အဘယ်စားစရာမျှ မရှိပါ” ဟုလျှောက်ကြ၏။ ၁၄  ထိုတွင် ယောက်ျား ငါးထောင်ခန့် ရှိ၏။ ထို့ကြောင့် “လူများတို့ကို တစ်စုလျှင် ငါးဆယ်စီ၊ အုပ်စုလိုက် လျောင်းကြစေ” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ၁၅  ထိုအခါ တပည့်တော်တို့သည် အမိန့်တော်အတိုင်း လူအပေါင်းတို့ကို လျောင်းစေကြ၏။ ၁၆  ထို့နောက်ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့ မော့ကြည့်လျက် ဆုတောင်းပြီးမှ မုန့်ကိုဖဲ့ပြီးလျှင် လူအုပ်ကိုဝေငှရန် တပည့်တော်တို့အား ပေးတော်မူ၏။ ၁၇  လူအပေါင်းတို့သည် အဝစားကြပြီးနောက် စားကြွင်းစားကျန်များကို ကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းရကြ၏။ ၁၈  ထို့နောက် ကိုယ်တော်တစ်ပါးတည်း ဆုတောင်းနေစဉ် တပည့်တော်တို့သည် အထံတော်သို့ ချဉ်းကပ်လာကြရာ ကိုယ်တော်က “လူအုပ်သည် ငါ့ကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟူ၍ မေးတော်မူ၏။ ၁၉  သူတို့က “နှစ်ခြင်းဆရာယောဟန် ဟု ဆိုကြပါသည်။ အချို့က ဧလိယ၊ အချို့ကမူ ရှေးပရောဖက်တစ်ပါးပါး ထမြောက်ခြင်းဖြစ်သည်ဟု ဆိုကြပါ၏” ဟူ၍ လျှောက်ကြ၏။ ၂၀  “သို့ဆိုလျှင်၊ ငါမည်သူဖြစ်သည်ဟု သင်တို့ဆိုကြသနည်း” ဟူ၍မေးသော်၊ ပေတရုက “ကိုယ်တော်သည် ဘုရားသခင်စေလွှတ်တော်မူသော ခရစ်တော်ဖြစ်ပါသည်” ဟုပြန်လျှောက်လေ၏။ ၂၁  ထိုအခါ ကိုယ်တော်က ဤအကြောင်းကို မည်သူ့ကိုမျှ မပြောရန် တပည့်တော်တို့အား ကြပ်တည်းစွာ မိန့်မှာပြီးလျှင်၊ ၂၂  “လူသားသည် ဒုက္ခများစွာ ခံရမည်။ လူကြီးများ၊ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်များ၏ ငြင်းပယ်ခြင်းကို ခံရမည်။ အသတ်ခံရမည်၊ သုံးရက်မြောက်သောနေ့တွင် ထမြောက်မည်” ဟုမိန့်တော်မူ၏။ ၂၃  ထို့နောက် လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ “မည်သူမဆို ငါ့နောက်သို့ လိုက်လိုလျှင် ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမည်။ မိမိ၏ ညှဉ်းဆဲရာသစ်တိုင်*ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့ မပြတ်လိုက်ရမည်။ ၂၄  အကြောင်းမူကား မိမိအသက်*ကို ကယ်လိုသောသူတိုင်း အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် အသက်ရှုံးသောသူတိုင်း မိမိအသက်*ကို ကယ်တင်လိမ့်မည်။ ၂၅  လူသည် တစ်လောကလုံးကို အပိုင်ရ၍ မိမိအသက်ဆုံးရှုံးပျက်စီးမည်ဆိုလျှင် အဘယ်အကျိုးရှိမည်နည်း။ ၂၆  မည်သူမဆို ငါနှင့် ငါ့စကားကြောင့် ရှက်လျှင် လူသားသည်မိမိဘုန်း၊ ခမည်းတော်၏ဘုန်း၊ သန့်ရှင်းသောကောင်းကင်တမန်တို့၏ဘုန်းကို ဆောင်လျက် ကြွလာသောအခါ ထိုသူကြောင့် ရှက်တော်မူလိမ့်မည်။ ၂၇  ငါအမှန်ဆိုသည်ကား ဤတွင် ရပ်နေသူအချို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်မီ သေခြင်းသို့ မရောက်ရကြ။” ၂၈  ထိုသို့ မိန့်တော်မူပြီးနောက် ရှစ်ရက်လွန်သော် ကိုယ်တော်သည် ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကို ခေါ်၍ ဆုတောင်းရန် တောင်ပေါ်သို့ တက်ကြွတော်မူ၏။ ၂၉  ဆုတောင်းတော်မူစဉ် မျက်နှာတော်သည် အဆင်းအရောင်ပြောင်းလဲ၍ အဝတ်တော်လည်း ဖြူဖွေးတောက်ပလျက်ရှိ၏။ ၃၀  ထိုအခါ မောရှေနှင့် ဧလိယတို့ နှစ်ဦးသည် ကိုယ်တော်နှင့် စကားပြောနေကြ၏။ ၃၁  သူတို့သည် ဘုန်းအသရေနှင့်ထင်ရှား၍ ဂျေရုဆလင်မြို့၌ ပြည့်စုံရမည့် ကိုယ်တော်၏ ထွက်ခွာခြင်းအကြောင်းကို ပြောဆိုကြ၏။ ၃၂  ပေတရုနှင့် သူ၏အဖော်တို့သည် အိပ်ပျော်နေကြ၏။ နိုးသောအခါ ဘုန်းတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့်အတူ ရပ်နေသူနှစ်ဦးကိုလည်းကောင်း မြင်ကြ၏။ ၃၃  ထိုသူတို့သည် ကိုယ်တော်ထံမှ ထွက်သွားကြစဉ် ပေတရုက “ဆရာ၊ ဤအရပ်သည် နေဖွယ်ကောင်းပါ၏။ ကိုယ်တော်အတွက် တဲတစ်လုံး၊ မောရှေအတွက် တစ်လုံး၊ ဧလိယအတွက် တစ်လုံး၊ တဲသုံးလုံးကို ကျွန်ုပ်တို့ ဆောက်ပါရစေ” ဟု ပြောမိပြောရာ လျှောက်လေ၏။ ၃၄  ထိုသို့လျှောက်စဉ် တိမ်တိုက်ပေါ်လာ၍ သူတို့ကိုလွှမ်းမိုးလေ၏။ သူတို့သည် တိမ်တိုက်ထဲသို့ဝင်ကြစဉ် ကြောက်ရွံ့ကြ၏။ ၃၅  ထိုအခါ “ဤသူသည် ငါရွေးချယ်သော ငါ၏သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့” ဟုတိမ်တိုက်ထဲက အသံတော်ထွက်ပေါ်လေ၏။ ၃၆  ထိုအသံတော် ထွက်ပေါ်ချိန်တွင် ယေရှုတစ်ပါးတည်း ရှိတော်မူသည်ကို တွေ့ကြ၏။ သို့သော် တပည့်တော်တို့သည် တိတ်ဆိတ်စွာနေ၍ မိမိတို့မြင်ခဲ့သမျှကို ထိုကာလ၌ မည်သူ့ကိုမျှ မပြောကြားကြ။ ၃၇  နောက်တစ်နေ့ တောင်ပေါ်မှ ဆင်းလာကြသော် လူအုပ်ကြီးသည် ကိုယ်တော်ကို ဆီးကြိုကြ၏။ ၃၈  ထိုအခါ လူအုပ်ထဲမှ လူတစ်ဦးက “ဆရာ၊ ကျွန်ုပ်၏သားကို ကြည့်ရှုပေးပါရန် တောင်းပန်ပါ၏။ သူသည် တစ်ဦးတည်းသောသား ဖြစ်ပါ၏။ ၃၉  နတ်ဖမ်းစားသဖြင့် သူငယ်သည် ရုတ်တရက် အော်ဟစ်၍ ခံတွင်းမှ အမြှုပ်ထွက်လျက် တုန်တက်တတ်ပါ၏။ ထိုသို့ နာကျင်စွာ နှိပ်စက်ပြီးလျှင်ပင် နတ်သည် ထွက်သွားလေ့မရှိပါ။ ၄၀  ထိုနတ်ကို နှင်ထုတ်ပေးပါရန် ကိုယ်တော့်တပည့်များအား တောင်းပန်သော်လည်း သူတို့သည် မတတ်စွမ်းနိုင်ကြ” ဟု ဟစ်အော်လေ၏။ ၄၁  ယေရှုကလည်း “အို၊ ယုံကြည်ခြင်းမရှိ၊ စဉ်းလဲဖောက်ပြန်သော လူမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာ ရှိနေရမည်နည်း။ သင်တို့ကို မည်မျှကြာ သည်းခံရမည်နည်း။ သင်၏သားကို ဤနေရာသို့ ဆောင်ခဲ့” ဟု မိန့်တော်မူ၏။ ၄၂  သူငယ်လာနေစဉ်ပင် နတ်ဆိုးသည် သူ့ကိုမြေပေါ်လှဲချ၍ တုန်တက်စေ၏။ ယေရှုသည် ညစ်ညူးသောနတ်ကို ဆုံးမ၍ ထိုသူငယ်ကို ကျန်းမာစေပြီးမှ အဖအား အပ်ပေးတော်မူ၏။ ၄၃  လူအပေါင်းတို့သည် ဘုရားသခင်၏ မဟာတန်ခိုးတော်ကို အလွန်အံ့သြကြ၏။ ပြုတော်မူသမျှကို လူအပေါင်း အံ့သြလျက်နေကြစဉ် တပည့်တော်တို့အား၊ ၄၄  “သင်တို့သည် ဤစကားကို နာယူမှတ်သားကြလော့။ အကြောင်းမူကား လူသားကို လူတို့လက်သို့ အပ်နှံမည့်အချိန် နီးပြီ” ဟု မိန့်တော်မူ၏။ ၄၅  သို့သော် ထိုစကားများကို သူတို့သည် နားမလည်ကြ။ သူတို့ မရိပ်မိစေရန် ဝှက်ထားလျက်ရှိ၏။ သို့သော် သူတို့သည် ထိုစကား၏အနက်ကို မမေးမလျှောက်ဝံ့ကြ။ ၄၆  ထိုအခါ မည်သူသည် အကြီးမြတ်ဆုံး ဖြစ်မည်နည်း ဟု တပည့်တော်တို့ အချင်းချင်းငြင်းခုံကြ၏။ ၄၇  ယေရှုသည် သူတို့၏စိတ်နှလုံး အကြံအစည်ကို သိမြင်လျှင် ကလေးငယ်တစ်ဦးကိုခေါ်၍ မိမိဘေးတွင်ထားပြီးမှ၊ ၄၈  “မည်သူမဆို ငါ့နာမကိုထောက်၍ ဤသူငယ်ကို လက်ခံလျှင် ငါ့ကိုလည်း လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုသာလက်ခံသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော အရှင်ကိုလည်း လက်ခံ၏။ အကြောင်းမူကား သင်တို့တွင် အငယ်ဆုံးသောသူကဲ့သို့ ကျင့်ကြံသူသည် ကြီးမြတ်သောသူဖြစ်၏” ဟုမိန့်တော်မူ၏။ ၄၉  ယောဟန်က “ဆရာ၊ ကိုယ်တော်၏နာမကို အမှီပြု၍ နတ်ဆိုးများနှင်ထုတ်နေသူတစ်ဦးကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ပါ၏။ ကျွန်ုပ်တို့နှင့်အတူ လိုက်သောသူ မဟုတ်သောကြောင့် သူ့ကိုတားမြစ်ကြပါသည်” ဟုလျှောက်လေ၏။ ၅၀  ယေရှုက “ထိုသူကို မတားမြစ်ကြနှင့်။ သင်တို့ကို မဆန့်ကျင်သောသူသည် သင်တို့ဘက်၌ရှိ၏” ဟု မိန့်တော်မူ၏။ ၅၁  အထက်သို့ ဆောင်ယူခံရမည့်အချိန် နီးပြီဖြစ်၍ ဂျေရုဆလင်မြို့သို့ မျက်နှာမူလျက် သွားလေ၏။ ၅၂  ရှေ့တော်တွင် တမန်တို့ကိုစေလွှတ်၍ သူတို့သည် ကိုယ်တော်အတွက် ပြင်ဆင်ရန် ရှမာရိလူတို့၏ ရွာတစ်ရွာသို့ ဝင်ကြ၏။ ၅၃  ဂျေရုဆလင်မြို့သို့ ကိုယ်တော်ဦးတည်လျက်ရှိသောကြောင့် ထိုရွာသားတို့သည် မကြိုဆိုကြ။ ၅၄  ထိုအခြင်းအရာကို တပည့်တော် ယာကုပ်နှင့် ယောဟန်တို့သည် မြင်လျှင် “သခင်၊ ကျွန်ုပ်တို့သည် ကောင်းကင်မှ မီးကျစေ၍ သူတို့ကိုလောင်စေရန် အလိုရှိတော်မူသလော” ဟုလျှောက်ကြသော်၊ ၅၅  ကိုယ်တော်သည် လှည့်၍ သူတို့ကို ဆုံးမတော်မူ၏။ ၅၆  ထို့ကြောင့် အခြားသောရွာသို့ ထွက်သွားကြ၏။ ၅၇  သူတို့သည် လမ်း၌သွားနေကြစဉ် လူတစ်ဦးက “ဆရာ၊ ကိုယ်တော်သွားလေရာရာသို့ ကျွန်ုပ်လိုက်ပါမည်” ဟုလျှောက်လေ၏။ ၅၈  ယေရှုကလည်း “မြေခွေး၌ မြေတွင်းရှိ၏။ မိုးကောင်းကင်ငှက်များတွင် နားနေရာအရပ်ရှိ၏။ လူသားမူကား ခေါင်းချစရာနေရာပင် မရှိ” ဟုမိန့်တော်မူ၏။ ၅၉  ထို့နောက် အခြားသောသူတစ်ဦးကို “ငါ့နောက်သို့ လိုက်လော့” ဟုမိန့်တော်မူလျှင် ထိုသူက “ကျွန်ုပ်၏အဖကို ဦးစွာ သွား၍ သင်္ဂြိုဟ်ခွင့်ပေးတော်မူပါ” ဟု လျှောက်လေသော်၊ ၆၀  “လူသေသည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါစေ။ သင်မူကား သွား၍ ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ပြောကြားလော့” ဟုမိန့်တော်မူ၏။ ၆၁  အခြားသူတစ်ဦးကလည်း “သခင်၊ နောက်တော်သို့ ကျွန်ုပ်လိုက်ပါမည်။ သို့သော် ကျွန်ုပ်၏အိမ်သားတို့ကို အလျင်သွား၍ နှုတ်ဆက်ပါရစေ” ဟု လျှောက်လျှင်၊ ၆၂  ယေရှုက “ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်ကြည့်သောသူသည် ဘုရားသခင်၏နိုင်ငံတော်နှင့် မထိုက်မတန်” ဟု မိန့်တော်မူ၏။

အောက်ခြေမှတ်ချက်များ

နောက်ဆက်တွဲ ၆ ရှု။
ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။