လုကာ ၇:၁-၅၀
၇ ယေရှုသည် လူတို့အား အကုန်အစင် ဟောပြောပြီးသောအခါ ကပေရနောင်မြို့သို့ ကြွဝင်တော်မူ၏။
၂ တပ်မှူးတစ်ဦး၌ အလွန်ချစ်သော ကျွန်တစ်ဦးရှိရာ ထိုကျွန်သည် ဖျားနာ၍ သေအံ့ဆဲရှိ၏။
၃ တပ်မှူးသည် ယေရှုအကြောင်းကိုကြားလျှင် ဂျူးလူကြီးများကို အထံတော်သို့ စေလွှတ်သဖြင့် ကိုယ်တော်ကြွလာ၍ ထိုကျွန်ကို ချမ်းသာပေးပါရန် တောင်းပန်လေ၏။
၄ ထိုသူတို့သည် ယေရှုထံတော်သို့ ရောက်လျှင် “ထိုသူသည် ကိုယ်တော်၏ကျေးဇူးတော်ကို ခံထိုက်သောသူ ဖြစ်ပါ၏။
၅ အကြောင်းမူကား သူသည် ကျွန်ုပ်တို့လူမျိုးကိုချစ်၍ ကျွန်ုပ်တို့အဖို့ တရားဇရပ်ကို ဆောက်ပါပြီ” ဟုတောင်းပန်ကြ၏။
၆ ယေရှုသည် သူတို့နှင့်အတူကြွသွား၍ တပ်မှူးအိမ်နှင့် မလှမ်းမကမ်းသို့ ရောက်သော် တပ်မှူးက အဆွေတို့ကိုစေလွှတ်၍ “သခင်၊ အပင်ပန်းမခံပါနှင့်။ ကျွန်ုပ်၏အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်းကို ကျွန်ုပ် မခံထိုက်ပါ။
၇ ထိုအကြောင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော်ထံသို့ လာထိုက်သောသူ မဟုတ်ဟု ယူဆပါပြီ။ သို့သော် အမိန့်တော်တစ်ခွန်းရှိလျှင် ကျွန်ုပ်၏ကျွန်သည် ကျန်းမာပါလိမ့်မည်။
၈ အကြောင်းမူကား ကျွန်ုပ်သည်လည်း သူတစ်ပါးလက်အောက်တွင် နေရသူဖြစ်ပြီး ကျွန်ုပ်လက်အောက်၌လည်း တပ်သားများရှိ၍ တစ်ဦးကို ‘သွားလော့’ ဟုဆိုလျှင် သွားပါ၏။ တစ်ဦးကို ‘လာလော့’ ဟုဆိုလျှင် လာပါ၏။ ကျွန်ကိုလည်း ‘ဤအရာကို လုပ်လော့’ ဟုဆိုလျှင် လုပ်ပါ၏” ဟုကြားလျှောက်စေ၏။
၉ ထိုစကားကို ယေရှုကြားလျှင် အံ့ဩ၍ နောက်တော်သို့လိုက်သော လူအုပ်ထံ လှည့်လျက် “ငါဆိုသည်ကား၊ ဤမျှလောက် အားကြီးသောယုံကြည်ခြင်းကို အစ္စရေးလူမျိုး၌ပင် မတွေ့စဖူး” ဟုမိန့်တော်မူ၏။
၁၀ စေလွှတ်ခံရသူတို့သည် အိမ်သို့ပြန်ရောက်လျှင် ထိုကျွန် ကျန်းမာလျက်ရှိသည်ကို တွေ့ကြ၏။
၁၁ ထို့နောက် မကြာမီ နာဣနအမည်ရှိသော မြို့တစ်မြို့သို့ ကြွတော်မူရာ တပည့်တော်တို့နှင့် လူအုပ်ကြီးတစ်အုပ်သည် ကိုယ်တော်နှင့်အတူသွားကြ၏။
၁၂ မြို့တံခါးအနီးသို့ ရောက်သော် မုဆိုးမ၏ တစ်ဦးတည်းသောသား အလောင်းကို သင်္ဂြိုဟ်ရန် ထုတ်သွားကြရာ မြို့သူမြို့သားအများတို့သည် ထိုမုဆိုးမနှင့်အတူ လိုက်ကြ၏။
၁၃ သခင်သည် မုဆိုးမကိုမြင်လျှင် သနားသောစိတ်ရှိသဖြင့် “မငိုနှင့်” ဟုမိန့်တော်မူလျက်၊
၁၄ အနီးသို့ချဉ်းကပ်၍ တလားကိုတို့သဖြင့် ထမ်းသောသူတို့သည် ရပ်၍နေကြ၏။ ကိုယ်တော်က “အချင်းလုလင်၊ ထလော့၊ သင့်အား ငါဆိုသည်” ဟုမိန့်တော်မူ၏။
၁၅ သေသောသူသည် ထိုင်၍ စကားပြောသည်နှင့် ထိုသူကို မိခင်အားအပ်ပေးတော်မူ၏။
၁၆ ထိုအခါ လူအပေါင်းတို့သည် ကြောက်ရွံ့၍ “ကြီးမြတ်သောပရောဖက်သည် ငါတို့တွင် ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးတော်ကို အကြည့်အရှု ကြွလာတော်မူပြီ” ဟူ၍ ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြလေ၏။
၁၇ ထိုသတင်းတော်သည် ယုဒပြည်တစ်ဝန်းလုံးနှင့် ပတ်ဝန်းကျင်အရပ်ရပ်သို့ ပျံ့နှံ့လေ၏။
၁၈ ယောဟန်၏တပည့်တို့သည် ထိုအကြောင်းအရာအလုံးစုံကို ယောဟန်အား ပြောကြားကြ၏။
၁၉ ထို့ကြောင့် ယောဟန်သည် တပည့်နှစ်ဦးကို ခေါ်ပြီးလျှင် သခင်ထံသို့စေလွှတ်၍ “ကိုယ်တော်သည် ကြွလာတော်မူသောသူလော။ အခြားသောသူကို မျှော်လင့်ရဦးမည်လော” ဟုမေးလျှောက်စေ၏။
၂၀ ထိုသူတို့သည် အထံတော်သို့ ရောက်လျှင် “နှစ်ခြင်းဆရာယောဟန်က ‘ကိုယ်တော်သည် ကြွလာတော်မူသောသူ မှန်သလော။ သို့မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လော’ ဟုမေးလျှောက်စေရန် ကျွန်ုပ်တို့ကို စေလွှတ်ပါပြီ” ဟုလျှောက်ကြ၏။
၂၁ ထိုအချိန်နာရီ၌ ယေရှုသည် ရောဂါဝေဒနာအမျိုးမျိုးစွဲကပ်သူ၊ နတ်ဆိုးပူးသူအများတို့ကို ကျန်းမာစေ၍ မျက်မမြင်သူအများတို့ကိုလည်း မျက်စိမြင်စေတော်မူ၏။
၂၂ ထိုအခါ ထိုသူနှစ်ဦးကို ကိုယ်တော်က “သင်တို့ကြားရ၊ မြင်ရသမျှတို့ကို ယောဟန်အား သွား၍ ပြောပြကြလော့။ မျက်မမြင်များ မျက်စိမြင်ကြပြီ။ ခြေဆွံ့သူများ လှမ်းသွားကြပြီ။ နူနာစွဲသူများ သန့်ရှင်းခြင်းသို့ ရောက်ကြပြီ။ နားပင်းသူများ ကြားကြပြီ။ သေလွန်သူများ ထမြောက်ကြပြီ။ ဆင်းရဲသားများလည်း သတင်းကောင်း ကြားကြရပြီ။
၂၃ ငါ့ကြောင့် ထိခိုက်စရာအကြောင်း မတွေ့သူသည် ပျော်ရွှင်၏” ဟုဖြေဆိုတော်မူ၏။
၂၄ ယောဟန်၏စေတမန်များ ထွက်သွားကြသော် လူအုပ်ကို ယေရှုက ယောဟန်နှင့်ပတ်သက်၍ မိန့်တော်မူသည်မှာ၊ “တောတွင် အဘယ်အရာကို သင်တို့ သွားကြည့်ကြသနည်း။ လေတိုက်၍လှုပ်သော ကျူပင်ကိုလော။
၂၅ သို့ဖြစ်လျှင် အဘယ်အရာကိုကြည့်ရန် ထွက်သွားကြသနည်း။ နူးညံ့သောဝတ်လုံ ဝတ်ဆင်ထားသူကိုလော။ သားနားစွာဝတ်ဆင်ပြီး စည်းစိမ်ခံသူများသည် နန်းတော်များတွင် ရှိကြ၏။
၂၆ သို့ဖြစ်လျှင် အဘယ်အရာကိုကြည့်ရန် ထွက်သွားကြသနည်း။ ပရောဖက်ကို ကြည့်ရန်လော။ မှန်ပေ၏။ ပရောဖက်ထက် ကြီးမြတ်သောသူဖြစ်သည်ဟု ငါဆို၏။
၂၇ ဤသူနှင့်ပတ်သက်၍ ကျမ်းစာ၌ ရေးထားသည်ကား၊ ‘သင်၏လမ်းခရီးကို ပြင်ဆင်မည့် ငါ၏စေတမန်အား သင့်ရှေ့တွင် ငါစေလွှတ်မည်။’
၂၈ ငါဆိုသည်ကား၊ မိန်းမတို့ ဖွားမြင်သူများတွင် ယောဟန်ထက် သာ၍ကြီးမြတ်သောသူမရှိ။ သို့ရာတွင် ဘုရားသခင်၏နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ကြီးမြတ်၏။”
၂၉ (ထိုစကားကိုကြားလျှင် ယောဟန်၏နှစ်ခြင်းကို ခံထားကြသော အခွန်ခံများနှင့် လူအပေါင်းတို့က ဘုရားသခင်သည် ဖြောင့်မတ်တော်မူ၏ဟု ဝန်ခံကြ၏။
၃၀ ယောဟန်ပေးသော နှစ်ခြင်းကို မခံသည့် ဖာရိရှဲနှင့်ပညတ်ကျမ်းကို နှံ့စပ်သူများမူကား ဘုရားသခင်၏ အကြံအစည်တော်ကို လျစ်လျူရှုကြ၏။)
၃၁ “ထို့ကြောင့် ဤလူမျိုးဆက်ကို မည်သူတို့နှင့် ငါနှိုင်းရမည်နည်း။ သူတို့သည် မည်သူနှင့် တူကြသနည်း။
၃၂ သူတို့သည် ဈေးတွင် ထိုင်လျက် ‘ငါတို့သည် ပလွေမှုတ်သော်လည်း သင်တို့သည်မကကြ။ ငါတို့သည် ငိုချင်းချသော်လည်း သင်တို့သည် မငိုကြွေးကြ’ ဟုအချင်းချင်း အော်ဟစ်ပြောဆိုနေကြသည့် ကလေးများနှင့်တူ၏။
၃၃ ထိုနည်းတူ နှစ်ခြင်းဆရာယောဟန်သည် မုန့်ကိုမစား၊ စပျစ်ဝိုင်ကို မသောက်ဘဲ ရောက်လာသော် သင်တို့က ‘ဤသူသည် နတ်ဆိုးပူးသောသူ ဖြစ်သည်’ ဟုဆိုကြ၏။
၃၄ လူသားသည် စားလျက်၊ သောက်လျက် လာပြန်သော် သင်တို့က ‘စားကြူးသောသူ၊ သောက်ကြူးသောသူဖြစ်၍ အခွန်ခံများ၊ အပြစ်သားများ၏အဆွေ’ ဟုဆိုကြ၏။
၃၅ မည်သို့ပင်ဖြစ်စေ၊ ဉာဏ်ပညာသည် ဖြောင့်မတ်ကြောင်း မိမိ၏လုပ်ရပ်များ*ဖြင့် သက်သေထူ၏။”
၃၆ ဖာရိရှဲတစ်ဦးသည် အစာကို သုံးဆောင်တော်မူရန် ကိုယ်တော်ကိုခေါ်ပင့်ရာ ထိုဖာရိရှဲ၏ အိမ်သို့ကြွဝင်၍ စားပွဲ၌လျောင်းတော်မူ၏။
၃၇ ထိုဖာရိရှဲ၏ အိမ်တွင် အစာသုံးဆောင်တော်မူကြောင်း အပြစ်များသူအဖြစ် လူသိများသော အမျိုးသမီးတစ်ဦးသည် သိလျှင် ဆီမွှေးကို ကျောက်ဖြူဘူးနှင့်ယူလာ၍၊
၃၈ နောက်တော်၌ ခြေတော်ရင်းနားမှာ ငိုကြွေးလျက် နေလေ၏။ ထို့နောက် ခြေတော်ကို မျက်ရည်နှင့်စိုစေ၍ ဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကိုလည်း နမ်းရှုပ်၍ဆီမွှေးနှင့် လိမ်းလေ၏။
၃၉ ကိုယ်တော်ကို ခေါ်ပင့်သောဖာရိရှဲသည် မြင်လေသော်၊ “ဤသူသည် ပရောဖက်မှန်လျှင် ခြေတော်ကိုကိုင်သော ဤမိန်းမသည် မည်သူဖြစ်ကြောင်း၊ မည်သို့သောသူဖြစ်ကြောင်း၊ အပြစ်များသောသူ ဖြစ်ကြောင်းကို သိလိမ့်မည်’ ဟုဆင်ခြင်လေ၏။
၄၀ ယေရှုကလည်း “ရှိမုန် သင့်အား ငါပြောစရာတစ်ခုရှိသည်” ဟု မိန့်တော်မူလျှင်၊ “ဆရာ၊ အမိန့်ရှိတော်မူပါ” ဟု ပြန်လျှောက်လေ၏။
၄၁ “ကြွေးရှင်တစ်ဦး၌ မြီစားနှစ်ဦးရှိ၏။ တစ်ဦးတွင် ဒေနာရိ*ငါးရာ၊ နောက်တစ်ဦးတွင် ငါးဆယ် အကြွေးရှိ၏။
၄၂ သူတို့သည် ကြွေးဆပ်စရာ မရှိသောကြောင့် ကြွေးရှင်သည် ထိုသူနှစ်ဦးစလုံးကို ကျေးဇူးပြု၍ ကြွေးကိုလျှော်လိုက်လေ၏။ သို့ဖြစ်လျှင် ထိုသူနှစ်ဦးတွင် မည်သူသည် ကြွေးရှင်ကို သာ၍ချစ်လိမ့်မည်နည်း’ ဟုမေးတော်မူ၏။
၄၃ ရှိမုန်ကလည်း “သာ၍ကျေးဇူးခံရသောသူသည် သာ၍ချစ်လိမ့်မည်” ဟုလျှောက်လျှင်၊ ကိုယ်တော်က “သင်ထင်သည်အတိုင်း မှန်ပေ၏” ဟုမိန့်တော်မူ၏။
၄၄ ထို့နောက် ထိုအမျိုးသမီးဘက်သို့ လှည့်ကြည့်၍ ရှိမုန်အား “ဤမိန်းမကို သင်မြင်သလော။ သင်၏အိမ်သို့ ငါဝင်သော် သင်သည် ခြေဆေးရေကို မပေး။ ဤမိန်းမမူကား ငါ့ခြေကို မျက်ရည်နှင့်စိုစေ၍ ဆံပင်နှင့် သုတ်လေပြီ။
၄၅ သင်သည် ငါ့ကိုမနမ်း။ ဤမိန်းမမူကား အိမ်သို့ဝင်သောအချိန်မှစ၍ ငါ့ခြေကို မပြတ်နမ်းရှုပ်လေပြီ။
၄၆ သင်သည် ငါ၏ခေါင်းကို ဆီနှင့်မလိမ်း။ ဤမိန်းမမူကား ငါ့ခြေကို ဆီမွှေးနှင့် လိမ်းလေပြီ။
၄၇ ထို့ကြောင့် ငါဆိုသည်ကား၊ သူသည် များစွာချစ်သောကြောင့် အပြစ်များစွာမှ ဖြေလွှတ်ခံရပြီ။ အနည်းငယ်သာ ခွင့်လွှတ်ခံရသူသည် အနည်းသာချစ်တတ်၏” ဟုမိန့်တော်မူ၏။
၄၈ ထို့နောက် “သင်၏အပြစ်များကို ခွင့်လွှတ်လိုက်ပြီ” ဟုထိုအမျိုးသမီးအား မိန့်တော်မူ၏။
၄၉ ထိုအခါ ကိုယ်တော်နှင့်အတူ စားပွဲ၌ လျောင်းနေသောသူတို့က “အပြစ်များကိုပင် လွှတ်သော ဤသူကားမည်သူနည်း” ဟု ဆင်ခြင်ကြ၏။
၅၀ သို့သော် ကိုယ်တော်က “သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်လေပြီ၊ စိတ်ချမ်းသာစွာ သွားလော့” ဟု ထိုအမျိုးသမီးအား မိန့်တော်မူ၏။