လုကာ ၆:၁-၄၉
၆ ဥပုသ်နေ့တွင် ကိုယ်တော်သည် လယ်ကွက်များကို ဖြတ်လျှောက်တော်မူစဉ် တပည့်တော်တို့သည် ကောက်နှံများကို ဆွတ်ခူး၍ လက်ဖြင့်ပွတ်လျက် စားကြ၏။
၂ ထိုအခါ ဖာရိရှဲအချို့က “ဥပုသ်နေ့၌ မပြုအပ်သောအမှုကို အဘယ်ကြောင့် သင်တို့ ပြုနေကြသနည်း” ဟုဆိုကြသော်၊
၃ ယေရှုက “ဒါဝိဒ်နှင့် သူ၏လူတို့သည် ဆာမွတ်သောအခါ ပြုခဲ့သောအမှုကို တစ်ခါမျှ မဖတ်ဖူးကြသလော။
၄ သူသည် ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ မည်သူမျှ မစားအပ်၊ ယဇ်ပုရောဟိတ်တို့သာ စားအပ်သော ရှေ့တော်မုန့်ကို ယူစား၍ မိမိအဖော်တို့အားလည်း ပေးခဲ့သည် မဟုတ်လော” ဟု ပြန်၍မိန့်တော်မူ၏။
၅ ထို့နောက် ကိုယ်တော်က “လူသားသည် ဥပုသ်နေ့၏သခင် ဖြစ်သည်” ဟုဆက်၍ မိန့်တော်မူ၏။
၆ အခြားသော ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ သွန်သင်တော်မူ၏။ ထိုတွင် လက်ယာလက် သေနေသူတစ်ဦး ရှိ၏။
၇ ကျမ်းတတ်နှင့် ဖာရိရှဲတို့သည် ကိုယ်တော်ကို ပြစ်တင်စွပ်စွဲဖို့ အကြောင်းရှာတွေ့ရန် ထိုသူအား ဥပုသ်နေ့၌ ကျန်းမာစေတော်မူမည်၊ မမူမည်ကို စောင့်ကြည့်နေကြ၏။
၈ ကိုယ်တော်သည် သူတို့၏ အကြံအစည်ကို သိလျက်နှင့် လက်တစ်ဖက်သေနေသူအား “ထလော့။ အလယ်၌ မတ်တတ်ရပ်လော့” ဟုမိန့်တော်မူလျှင်၊ ထိုသူသည် ထ၍ရပ်လေ၏။
၉ ထို့နောက် ယေရှုက “ဥပုသ်နေ့၌ ကောင်းမှုပြုသင့်သလော။ သူတစ်ပါးကို ထိခိုက်နစ်နာစေသင့်သလော။ အသက်*ကို ကယ်အပ်သလော။ သတ်အပ်သလော” ဟု သူတို့ကို မေးတော်မူ၏။
၁၀ သူတို့ကို လှည့်ကြည့်ပြီးလျှင် ထိုသူအား “သင့်လက်ကိုဆန့်လော့” ဟုမိန့်တော်မူရာ သူသည်လက်ကိုဆန့်သဖြင့် ပြန်ကောင်းလေ၏။
၁၁ ထိုသူတို့သည် ဒေါသအလွန်ထွက်၍ ယေရှုအား မည်သို့ပြုရမည်ကို အချင်းချင်း ဆွေးနွေးကြ၏။
၁၂ ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ ကြွသွား၍ ဘုရားသခင်ထံ တစ်ညလုံး ဆုတောင်းလျက်နေတော်မူ၏။
၁၃ မိုးလင်းသောအခါ တပည့်တော်တို့ကို ခေါ်ပြီးလျှင် တစ်ဆယ့်နှစ်ပါးကို ရွေးချယ်၍ “တမန်တော်များ” ဟု အမည်ပေးတော်မူ၏။
၁၄ ပေတရုဟု ခေါ်တော်မူသော ရှိမုန်နှင့် သူ၏ညီ အန္ဒြေ၊ ယာကုပ်နှင့် ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊
၁၅ မဿဲနှင့် သောမ၊ အာလဖဲ၏သား ယာကုပ်၊ “တက်ကြွထက်သန်သူ” ရှိမုန်၊
၁၆ ယာကုပ်၏သား ယုဒနှင့် ကိုယ်တော်ကို အပ်နှံသောသူ ယုဒရှကာရုတ်တည်း။
၁၇ ကိုယ်တော်သည် ထိုသူတို့နှင့်အတူ မြေညီရာအရပ်သို့ ဆင်းကြွ၍ ရပ်တော်မူ၏။ ထိုတွင် တပည့်တော်လူအုပ်ကြီးအပြင် တရားနာရန်နှင့် မိမိတို့၏ရောဂါဝေဒနာများ ပျောက်ကင်းစေရန် ဂျေရုဆလင်မြို့မှစ၍ ယုဒပြည် အရပ်ရပ်မှလည်းကောင်း၊ တိုင်ရာမြို့နှင့် ဆိုင်ဒုန်မြို့ ပင်လယ်ကမ်းနားဒေသမှလည်းကောင်း လာကြသော လူအုပ်ကြီးလည်း ရှိ၏။
၁၈ ညစ်ညူးသောနတ် နှောင့်ယှက်ခံရသူတို့ပင် ကျန်းမာလာကြ၏။
၁၉ ကိုယ်တော့်ထံမှ တန်ခိုးထွက်၍ လူအပေါင်းတို့ကို ကျန်းမာစေသည့်အတွက် လူအုပ်ရှိသမျှသည် ကိုယ်တော်အား တို့ထိရန် ရှာကြံကြ၏။
၂၀ ထိုအခါ တပည့်တော်တို့ကို မော့ကြည့်၍ မိန့်တော်မူသည်မှာ၊
“ဆင်းရဲသော သင်တို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။
၂၁ “ယခုတွင် ဆာမွတ်သော သင်တို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား သင်တို့သည် ဝပြောကြလိမ့်မည်။
“ယခုတွင် ငိုကြွေးသော သင်တို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား သင်တို့သည် ရယ်မောကြလိမ့်မည်။
၂၂ “လူသားအတွက်ကြောင့် လူတို့၏ မုန်းတီးခြင်း၊ ဝိုင်းပယ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ နာမည်ဆိုးစာရင်းသွင်းခြင်းတို့ကို ခံရသောအခါတိုင်း သင်တို့သည် ပျော်ရွှင်ကြ၏။
၂၃ ထိုကာလ၌ ဝမ်းမြောက်၍ ပျော်ရွှင်မြူးထူးကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမြတ်လှပေ၏။ သူတို့၏ဘိုးဘေးများသည်လည်း ပရောဖက်တို့ကို ထိုနည်းတူ ပြုလေ့ရှိကြ၏။
၂၄ “သို့သော် ချမ်းသာကြွယ်ဝသော သင်တို့၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့သည် စည်းစိမ်ကို ခံစားပြီးကြပြီ။
၂၅ “ယခုတွင် ဝပြောလျက်ရှိသော သင်တို့၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့သည် ဆာမွတ်ရကြလိမ့်မည်။
“ယခုတွင် ရယ်မောလျက်ရှိသော သင်တို့၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့သည် ညည်းတွားငိုကြွေးရကြလိမ့်မည်။
၂၆ “လူအပေါင်းတို့သည် သင်တို့ကို ချီးမွမ်းသောအခါ တိုင်းသင်တို့၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား သူတို့၏ဘိုးဘေးများသည် ပရောဖက်အတုအယောင်တို့ကို ထိုနည်းတူ ပြုခဲ့ကြပြီ။
၂၇ “သို့သော် ငါ့စကားကို ကြားနာနေသော သင်တို့အား ငါဆိုသည်ကား၊ သင်တို့၏ရန်သူများကို ချစ်မြဲချစ်ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကောင်းမှုပြုမြဲပြုကြလော့။
၂၈ သင်တို့ကို ကျိန်ဆဲသောသူတို့အား ကောင်းချီးပေးကြလော့။ သင်တို့ကို စော်ကားသောသူတို့အတွက် ဆက်၍ဆုတောင်းပေးကြလော့။
၂၉ သင်၏ပါးတစ်ဖက်ကို ရိုက်သောသူအား ပါးတစ်ဖက်ကို လှည့်ပေးဦးလော့။ သင့်ဝတ်လုံကို သိမ်းယူသောသူအား အင်္ကျီကိုလည်း ယူခွင့်ပေးဦးလော့။
၃၀ သင့်ထံမှ တောင်းသောသူတိုင်းအား ပေးလော့။ သင့်ပစ္စည်းကို ယူသောသူထံမှ ပြန်၍မတောင်းနှင့်။
၃၁ “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။
၃၂ “သင်တို့ကိုချစ်သောသူတို့ကိုသာ ချစ်လျှင် အဘယ်အကျိုးရှိသနည်း။ အပြစ်သားများပင် ကိုယ့်ကိုချစ်သောသူတို့အား ချစ်တတ်ကြ၏။
၃၃ သင်တို့ကို ကျေးဇူးပြုသောသူတို့ကိုသာ ကျေးဇူးပြုလျှင် စင်စစ် အဘယ်အကျိုးရမည်နည်း။ အပြစ်သားများပင် ထိုသို့ပြုတတ်ကြ၏။
၃၄ ပြန်ရလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် သူတစ်ပါးအား ချေးငှားလျှင် သင်တို့အတွက် အဘယ်အကျိုးရှိသနည်း။ အပြစ်သားများပင် ကျေးဇူးဆပ်ခြင်းကိုခံလို၍ အချင်းချင်းတို့အား ချေးငှားတတ်ကြ၏။
၃၅ သင်တို့မူကား ရန်သူကို ချစ်မြဲချစ်ကြလော့။ ကောင်းသောအမှုကို ပြုမြဲပြုကြလော့။ ပြန်ရမည်ဟု မမျှော်လင့်ဘဲ ချေးငှားမြဲချေးငှားကြလော့။ ထိုသို့ပြုလျှင် သင်တို့၏ဆုလာဘ်သည် ကြီးမြတ်လိမ့်မည်။ အမြင့်မြတ်ဆုံးသောအရှင်၏သား ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် ကျေးဇူးမသိတတ်သောသူ၊ ဆိုးညစ်သောသူတို့အား ကျေးဇူးပြုတော်မူ၏။
၃၆ သင်တို့အဖသည် သနားကြင်နာတတ်သည့်နည်းတူ သင်တို့လည်း ဆက်၍ သနားကြင်နာကြလော့။
၃၇ “စီရင်ခြင်းကို မပြုကြနှင့်တော့။ မပြုလျှင် စီရင်ခံရခြင်းနှင့် အမှန်ကင်းလွတ်ကြလိမ့်မည်။ ပြစ်တင်ဝေဖန်ခြင်းကို မပြုကြနှင့်တော့။ သို့ပြုလျှင် သင်တို့သည် ပြစ်တင်ဝေဖန်ခံရခြင်းနှင့် အမှန်ကင်းလွတ်ကြလိမ့်မည်။ ချမ်းသာပေးကြလော့။ သင်တို့လည်း ချမ်းသာရကြလိမ့်မည်။
၃၈ ပေးကမ်းခြင်းကို ကျင့်ယူကြလော့။ သို့ပြုလျှင် သင်တို့အား ပေးကမ်းကြလိမ့်မည်။ ကိုယ်ချိန်ပေးသည့် ပမာဏအတိုင်း ရမည့်အပြင် ဖိသိပ်လှုပ်ခါပြည့်လျှံလျက် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား ကိုယ်ချိန်ပေးသည့် ပမာဏအတိုင်း ဆပ်ပေးခြင်းကို ခံကြရမည်။”
၃၉ ထို့နောက် ဥပမာပေး၍ ကိုယ်တော်မိန့်ဆိုသည်မှာ၊ “မျက်မမြင်သည် အခြားမျက်မမြင်ကို လမ်းပြနိုင်သလော။ နှစ်ဦးစလုံး တွင်းထဲကျလိမ့်မည် မဟုတ်လော။
၄၀ တပည့်သည် ဆရာထက်မသာ။ ပြီးပြည့်စုံစွာ သွန်သင်ခံရသူတိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။
၄၁ သင်၏မျက်စိရှိ တံကျင်ကို မဆင်ခြင်ဘဲ သင့်ညီအစ်ကိုမျက်စိရှိ အမှိုက်စကို အဘယ်ကြောင့် ကြည့်ရှုနေရသနည်း။
၄၂ ကိုယ့်မျက်စိ၌ရှိသော တံကျင်ကိုမမြင်ဘဲ ညီအစ်ကိုအား ‘ညီအစ်ကို၊ သင်၏မျက်စိမှ အမှိုက်စကို ထုတ်ပါရစေ’ ဟုအဘယ်ကြောင့် ဆိုသနည်း။ အချင်းကြောင်သူတော်၊ ကိုယ့်မျက်စိရှိ တံကျင်ကို ဦးစွာထုတ်ပစ်လော့။ ထို့နောက်မှ ညီအစ်ကို၏မျက်စိ၌ရှိသော အမှိုက်စကို ထုတ်ရန် ရှင်းလင်းစွာ မြင်ရလိမ့်မည်။
၄၃ “ကောင်းသောအပင်သည် မကောင်းသောအသီးကို မသီးတတ်။ မကောင်းသောအပင်သည်လည်း ကောင်းသောအသီးကို မသီးတတ်။
၄၄ အသီးအားဖြင့် အပင်ကို သိရ၏။ ဆူးပင်မှ သဖန်းသီးကို မဆွတ်တတ်။ ချုံပင်မှ စပျစ်သီးကို မဆွတ်တတ်။
၄၅ ကောင်းသောသူသည် မိမိ၏ကောင်းသော စိတ်နှလုံးဘဏ္ဍာထဲက ကောင်းသောအရာများကို ထုတ်ပေးတတ်၏။ မကောင်းသောသူသည် မိမိ၏မကောင်းသောဘဏ္ဍာထဲက မကောင်းသောအရာများကို ထုတ်ပေးတတ်၏။ အကြောင်းမူကား စိတ်နှလုံးအပြည့်ရှိသည့်အတိုင်း နှုတ်မြွက်တတ်၏။
၄၆ “ငါ့စကားကို မလိုက်နာဘဲ အဘယ်ကြောင့် ငါ့ကို ‘သခင်၊ သခင်’ ဟုခေါ်ကြသနည်း။
၄၇ ငါ့ထံသို့လာ၍ ငါ့စကားကို နာယူကျင့်သုံးသောသူတိုင်း မည်သူနှင့်တူကြောင်း ငါပြမည်။
၄၈ အိမ်ကိုဆောက်သောအခါ နက်စွာတူး၍ ကျောက်ဆောင်ပေါ်မှာ အုတ်မြစ်ချသောသူနှင့် တူ၏။ မြစ်ရေထသဖြင့် ရေစီး၍ ထိုအိမ်ကို ရိုက်ခတ်သော်လည်း ကောင်းစွာတည်ဆောက်သောကြောင့် မလှုပ်နိုင်ရာ။
၄၉ ငါ့စကားကိုနာယူ၍ မကျင့်သောသူမူကား အုတ်မြစ်မချဘဲ မြေပေါ်မှာ အိမ်ကိုဆောက်သောသူနှင့် တူ၏။ မြစ်ရေတက်၍ ထိုအိမ်ကို ရိုက်ခတ်သောအခါ ချက်ချင်းပြိုလဲ၍ ပျက်စီးသွားလေ၏။”
အောက်ခြေမှတ်ချက်များ
^ ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။