လုကာ ၅:၁-၃၉

 တစ်ချိန်တွင် ဂင်နေသရက်အိုင်နား၌ ရပ်လျက်နေသော ကိုယ်တော့်အနီးသို့ လူအုပ်သည် တိုးကြိတ်လာ၍ ဘုရားသခင်၏တရားစကားတော်ကို နားထောင်ကြစဉ်၊ ၂  ကမ်းနားမှာဆိုက်ထားသော လှေနှစ်စင်းကို မြင်တော်မူ၏။ တံငါသည်တို့မှာမူ လှေပေါ်မှဆင်း၍ ပိုက်ကွန်များကို ဆေးကြောနေကြ၏။ ၃  ထိုလှေများအနက် ရှိမုန်၏လှေပေါ်သို့ တက်ပြီးလျှင် လှေကို ကမ်းမှ အနည်းငယ်ခွာစေတော်မူ၏။ ထို့နောက် လှေပေါ်မှာ ထိုင်လျက် လူအုပ်ကို သွန်သင်တော်မူ၏။ ၄  ဟောပြောသွန်သင်ပြီးသော် “ရေနက်ရာ အရပ်သို့ ရွှေ့ဦးလော့။ ငါးဖမ်းမိစေရန် ပိုက်ကွန်များကိုချလော့” ဟု ရှိမုန်အား မိန့်တော်မူ၏။ ၅  ရှိမုန်ကလည်း “ဆရာ၊ ကျွန်ုပ်တို့သည် တစ်ညလုံးကြိုးစားသော်လည်း တစ်ကောင်မျှ မရပါ။ သို့ရာတွင် အမိန့်တော်အတိုင်း ပိုက်ကွန်များကို ချပါမည်” ဟုလျှောက်လေ၏။ ၆  ထိုသို့ ချသောအခါ အလွန်များသော ငါး တို့ကို ဖမ်းမိသဖြင့် ပိုက်ကွန်များ စုတ်ပြတ်စရှိ၏။ ၇  အခြားသော လှေပေါ်မှ လုပ်ဖော်ဆောင်ဖက်တို့ကို လာ၍ ကူညီပေးရန် အချက်ပြ၍ ခေါ်သဖြင့် သူတို့သည်လာ၍ လှေနှစ်စင်းစလုံး နစ်လုမတတ် ငါးအပြည့်ရကြ၏။ ၈  ထိုအခြင်းအရာကို မြင်လျှင် ရှိမုန်ပေတရုသည် ယေရှု၏ရှေ့တော်တွင် ပျပ်ဝပ်လျက် “သခင်၊ ကျွန်ုပ်သည် အပြစ်များသောသူ ဖြစ်ပါ၏။ ထို့ကြောင့် ကျွန်ုပ်ထံမှ ကြွသွားတော်မူပါ” ဟုလျှောက်လေ၏။ ၉  ဖမ်းမိသော ငါးများကြောင့် ရှိမုန်နှင့် သူ၏ လုပ်ဖော်ဆောင်ဖက်အပေါင်းတို့သည် အလွန်အံ့သြမိန်းမောကြ၏။ ၁၀  ရှိမုန်နှင့် သူ၏ လုပ်ဖော်ဆောင်ဖက်များဖြစ်သော ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်တို့လည်း အံ့သြမိန်းမောကြ၏။ သို့သော် ယေရှုက “ကြောက်ရွံ့ခြင်း မရှိနှင့်။ သင်သည် ယခုမှစ၍ လူတို့ကို ဖမ်းလိမ့်မည်” ဟု ရှိမုန်အား မိန့်တော်မူ၏။ ၁၁  ထို့ကြောင့် ထိုသူတို့သည် ကမ်းနားတွင် လှေများကို ဆိုက်ပြီးလျှင် ရှိသမျှကိုစွန့်၍ နောက်တော်သို့ လိုက်ကြ၏။ ၁၂  မြို့တစ်မြို့၌ ရှိတော်မူစဉ် တစ်ကိုယ်လုံး နူနာစွဲသူတစ်ဦးသည် ယေရှုကိုမြင်လျှင် ပျပ်ဝပ်၍ “သခင်၊ ကိုယ်တော်အလိုရှိလျှင် ကျွန်ုပ်ကို သန့်ရှင်းစေနိုင်သည်” ဟုတောင်းပန်လေ၏။ ၁၃  သို့နှင့် ကိုယ်တော်ကလည်း လက်ကိုဆန့်၍ ထိုသူကိုတို့လျက် “ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေ” ဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် နူနာပျောက်လေ၏။ ၁၄  ထို့နောက် ကိုယ်တော်က မည်သူ့ကိုမျှ မပြောရန် ထိုသူကို မိန့်မှာပြီးနောက် “ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သန့်ရှင်းခြင်းသို့ ရောက်သည်အတွက် မောရှေစီရင်သည့်အတိုင်း ပူဇော်သကာကို ဆက်သလော့။ သို့ပြုလျှင် သူတို့အတွက် သက်သေဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။ ၁၅  ကိုယ်တော်၏ သတင်းသည် ပို၍ပျံ့နှံ့သဖြင့် လူအုပ်ကြီးသည် ကိုယ်တော်၏တရားကို ကြားနာရန်နှင့် မိမိတို့ ရောဂါဝေဒနာများ ပျောက်ကင်းစေရန် စုရုံးလာကြ၏။ ၁၆  သို့ရာတွင် ကိုယ်တော်သည် တောအရပ်သို့ ကြွသွား၍ ဆုတောင်းလျက်နေတော်မူ၏။ ၁၇  တစ်နေ့၌ ကိုယ်တော်သွန်သင်ပေးတော်မူစဉ် ဂျေရုဆလင်မြို့မှစ၍ ဂါလိလဲပြည်နှင့် ယုဒပြည်ရှိ ကျေးရွာအပေါင်းတို့မှ ရောက်လာသောဖာရိရှဲ*တို့နှင့် ပညတ်ကျမ်းဆရာတို့သည် ထိုင်လျက်ရှိကြ၏။ အနာရောဂါပျောက်စေရန် ယေဟောဝါဘုရား၏ တန်ခိုးတော်သည် ကိုယ်တော်၌ တည်ရှိ၏။ ၁၈  ထိုအခါ လူတို့သည် လက်ခြေသေနေသူ တစ်ဦးကို အိပ်ရာနှင့်တကွ ဆောင်ခဲ့၍ ရှေ့တော်သို့သွင်းရန် ရှာကြံကြ၏။ ၁၉  လူအုပ်ကြောင့် ဝင်စရာလမ်းကို မတွေ့သဖြင့် အိမ်မိုးပေါ်သို့တက်၍ အုတ်မိုးကိုဖောက်ပြီး လူနာကို အိပ်ရာနှင့်တကွ လူတို့အလယ် ယေရှု၏ရှေ့တော်သို့ လျှောချကြ၏။ ၂၀  ကိုယ်တော်သည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်လျှင် “အချင်းလူ၊ သင်၏ အပြစ်များကို ခွင့်လွှတ်လိုက်ပြီ” ဟုမိန့်တော်မူ၏။ ၂၁  ထိုအခါ ကျမ်းတတ်*နှင့် ဖာရိရှဲတို့က “ဘုရားကိုစော်ကားသော ဤသူကား မည်သူနည်း။ ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်များကို ခွင့်လွှတ်နိုင်သနည်း” ဟု ဆင်ခြင်ကြ၏။ ၂၂  ထိုသို့ ဆင်ခြင်ကြသည်ကို ယေရှုသိတော်မူလျှင် “သင်တို့၏ စိတ်နှလုံးထဲတွင် အဘယ်အကြောင်းကို တွေးတောကြသနည်း။ ၂၃  မည်သည့်စကားကို သာ၍ ပြောလွယ်သနည်း။ ‘သင်၏အပြစ်များကို ခွင့်လွှတ်လိုက်ပြီ’ ဟု ပြောလွယ်သလော။ ‘ထ၍ လှမ်းသွားလော့’ ဟု ပြောလွယ်သလော။ ၂၄  လူသားသည် မြေကြီးပေါ်တွင် အပြစ်လွှတ်ပိုင်ခွင့် ရှိကြောင်းကို သင်တို့သိစေရန် ထလော့။ သင့် အိပ်ရာကိုယူ၍ အိမ်သို့ သွားလော့” ဟု လက်ခြေသေနေသူအား မိန့်တော်မူ၏။ ၂၅  ထိုသူသည် လူတို့ရှေ့မှာ ချက်ချင်းထ၍ အိပ်ရာကိုဆောင်လျက်၊ ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းလျက် မိမိအိမ်သို့ သွားလေ၏။ ၂၆  ထိုသူအပေါင်းတို့သည် အံ့သြမိန်းမော၍ ကြောက်ရွံ့လျက် “ငါတို့သည် ထူးဆန်းသောအရာများကို ယနေ့ မြင်ခဲ့ပြီ” ဟုပြောဆို၍ ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြ၏။ ၂၇  ထို့နောက် ကိုယ်တော် ထွက်ကြွသွားသောအခါ လေဝိအမည်ရှိသော အခွန်ခံတစ်ဦးသည် အခွန်ရုံး၌ ထိုင်နေသည်ကိုမြင်၍ “ငါ့နောက်သို့ လိုက်လော့” ဟုမိန့်တော်မူ၏။ ၂၈  ထိုသူသည်လည်း ရှိသမျှကိုစွန့်လျက် ထ၍ နောက်တော်သို့ လိုက်လေ၏။ ၂၉  ထို့နောက် လေဝိသည် ကိုယ်တော်အတွက် မိမိအိမ်၌ ဧည့်ခံပွဲကြီး ကျင်းပ၏။ စားပွဲ၌လျောင်းသော ဧည့်သည်များတွင် အခွန်ခံများနှင့် အခြားသောသူ အမြောက်အမြား ပါဝင်ကြ၏။ ၃၀  ထိုအခါ ဖာရိရှဲတို့နှင့် အဖွဲ့ဝင်ကျမ်းတတ်တို့က “သင်တို့သည် အဘယ်ကြောင့်အခွန်ခံများ၊ အပြစ်သားများနှင့် စားသောက်သနည်း” ဟု တပည့်တော်များကို ညည်းညူပြောဆိုကြသော်၊ ၃၁  ယေရှုက “ကျန်းမာသူတို့သည် သမားတော်ကို မလိုကြ။ ဖျားနာသူတို့သာ လိုကြ၏။ ၃၂  ဖြောင့်မတ်သူတို့ကို ခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားများကို နောင်တရစေရန် ငါလာ၏” ဟုမိန့်တော်မူ၏။ ၃၃  သူတို့က “ယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့သည် အစာရှောင်လေ့ရှိ၍ တိုးလျှိုးအသနားခံ ဆုတောင်းကြပါ၏။ ကိုယ်တော့်တပည့်များမူကား စားလျက်၊ သောက်လျက်နေကြပါသည်” ဟု ဆိုကြသော်၊ ၃၄  ယေရှုက “သတို့သားနှင့် အတူရှိနေစဉ် သတို့သား၏ မိတ်ဆွေတို့ကို အစာရှောင်စေနိုင်ကြသလော။ ၃၅  သတို့သားကို သူ၏ မိတ်ဆွေတို့ထံမှ ခေါ်ဆောင်သွားမည့် နေ့ရက်ရောက်လိမ့်မည်။ ထိုအခါ သူတို့ အစာရှောင်ကြလိမ့်မည်” ဟုမိန့်ဆို၏။ ၃၆  ပုံဥပမာဖြင့် မိန့်တော်မူသည်ကား၊ “မည်သူမျှ ပိတ်စသစ်ကိုယူ၍ အဝတ်ဟောင်းကို ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ပိတ်စသစ်သည် ဆွဲဆုတ်တတ်၏။ ဖာသောပိတ်စသစ်သည်လည်း အဝတ်ဟောင်းနှင့် လိုက်ဖက်ခြင်းမရှိ ဖြစ်လိမ့်မည်။ ၃၇  ထို့ပြင် သားရေဘူး အဟောင်းထဲ၌ စပျစ်ဝိုင်အသစ်ကို ထည့်လေ့မရှိ။ ထိုသို့ ထည့်လျှင် စပျစ်ဝိုင်အသစ်သည် သားရေဘူးကို စုတ်ကွဲစေသဖြင့် စပျစ်ဝိုင်ယို၍ သားရေဘူးလည်း ပျက်စီးလိမ့်မည်။ ၃၈  စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်၌ ထည့်ရ၏။ ၃၉  စပျစ်ဝိုင်အဟောင်းကို သောက်ပြီးသောသူသည် စပျစ်ဝိုင်အသစ်ကို အလိုမရှိတတ်။ ‘အဟောင်းသည် ကောင်း၏’ ဟုဆိုတတ်၏။”

အောက်ခြေမှတ်ချက်များ

အေဒီပထမရာစုရှိ ထင်ရှားသော ဂျူးဘာသာရေးအဖွဲ့။
မူလက ကျမ်းစာကူးရေးသူကို ဆိုလို၏။ ယေရှုခေတ်တွင်မူ ပညတ်တရားကို တတ်ကျွမ်းပြီး သွန်သင်ပေးသူကို ဆိုလို၏။