လုကာ ၂၄:၁-၅၃

၂၄  သီတင်းပတ်၏ ပထမနေ့ နံနက်စောစောတွင် သူတို့သည် မိမိတို့ပြင်ဆင်ထားသော နံ့သာမျိုးကို သင်္ချိုင်းဂူသို့ ယူသွားကြ၏။ ၂  ထိုအခါ သင်္ချိုင်းဂူဝမှ ကျောက်သည် လှိမ့်ဖယ်လျက်ရှိသည်ကို တွေ့မြင်၍၊ ၃  အထဲသို့ဝင်သော် သခင်ယေရှု၏ အလောင်းတော်ကို မတွေ့ကြ။ ၄  သူတို့သည် ထိုအကြောင်းကို တွေးတောမရဖြစ်နေစဉ် တောက်ပသောအဝတ်ကို ဝတ်ဆင်ထားသူနှစ်ဦးသည် သူတို့အနားသို့ ရောက်လာကြ၏။ ၅  အမျိုးသမီးတို့သည် ကြောက်လန့်၍ ခေါင်းငုံ့နေစဉ် ထိုသူတို့က “သင်တို့သည် သေသူရှိရာအရပ်၌ အသက်ရှင်တော်မူသောသူကို အဘယ်ကြောင့် ရှာကြသနည်း။ ၆  (ကိုယ်တော်သည် ဤနေရာ၌ မရှိ။ ထမြောက်တော်မူပြီ။)* ဂါလိလဲနယ်၌ ရှိတော်မူစဉ်က၊ ၇  လူသားသည် အပြစ်ရှိသူများလက်သို့ အပ်နှံခံရပြီး သစ်တိုင်ပေါ် အတင်ခံရမည်၊ သုံးရက်ကြာသော် ထမြောက်ရမည်ဟု မိန့်တော်မူခဲ့သော စကားကို သတိရကြလော့” ဟု ပြောဆိုကြ၏။ ၈  ထိုအခါ သူတို့သည် ကိုယ်တော်၏စကားကို သတိရ၍၊ ၉  သင်္ချိုင်းဂူမှ ထွက်လာကြပြီး ထိုအကြောင်းအရာအလုံးစုံတို့ကို တစ်ဆယ့်တစ်ပါးမှစ၍ ကျန်သူအပေါင်းတို့အား ပြောကြားကြ၏။ ၁၀  ထိုသူတို့ကား မာဂဒလမာရိ၊ ယောဟန္န၊ ယာကုပ်၏မိခင် မာရိတို့ဖြစ်ကြ၏။ ထို့ပြင် အခြားသော အမျိုးသမီးတို့သည်လည်း ထိုအကြောင်းအရာများကို တမန်တော်တို့အား ပြောပြကြ၏။ ၁၁  သို့သော် သူတို့အတွက် ထိုအမျိုးသမီးများ၏ စကားသည် ယုတ္တိမရှိသောကြောင့် မယုံကြ။ ၁၂  (သို့သော်လည်း ပေတရုသည် ထ၍ သင်္ချိုင်းဂူသို့ ပြေးသွားပြီး ငုံ့ကြည့်သောအခါ ပတ်ရစ်သောပိတ်စကိုသာ တွေ့ရလျှင် ထိုအဖြစ်အပျက်ကို အံ့သြလျက် အိမ်သို့ပြန်လေ၏။)* ၁၃  ထိုနေ့တွင် တပည့်တော်နှစ်ဦးတို့သည် ဂျေရုဆလင်မြို့မှ ခုနစ်မိုင်ခန့်ဝေးသော ဧမောက်ရွာသို့ သွားကြစဉ်၊ ၁၄  ဖြစ်ပျက်ခဲ့သမျှကို အချင်းချင်း ပြောဆိုလျက်နေကြ၏။ ၁၅  ထိုသို့ ဆွေးနွေးပြောဆိုနေကြစဉ် ယေရှုကိုယ်တော်တိုင် ချဉ်းကပ်၍ သူတို့နှင့်အတူ လျှောက်သွားတော်မူ၏။ ၁၆  သို့သော် ထိုသူတို့သည် ကိုယ်တော်ကို မမှတ်မိကြ။ ၁၇  ထိုအခါ ကိုယ်တော်က “ခရီးသွားစဉ် သင်တို့အချင်းချင်း အဘယ်အကြောင်းအရာများကို ဆွေးနွေးနေကြသနည်း” ဟု မေးတော်မူသော် သူတို့သည် မျက်နှာညှိုးငယ်လျက် ရပ်တန့်ပြီးနောက်၊ ၁၈  ကလောဖ အမည်ရှိသူက “ဂျေရုဆလင်မြို့၌ သင်သည် ဧည့်သည်အဖြစ် တစ်ကိုယ်တည်းနေသည့်အတွက် ဤအတောအတွင်း ဖြစ်ပျက်ရာများကို မကြားမသိသလော” ဟု ပြောဆို၏။ ၁၉  ကိုယ်တော်ကလည်း “အဘယ်အကြောင်းအရာနည်း” ဟု မေးတော်မူလျှင် ထိုသူတို့က “နာဇရက်မြို့သား ယေရှု၏ အကြောင်းဖြစ်၏။ ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းရှေ့တွင် လက်သတ္တိ၊ နှုတ်သတ္တိနှင့်ပြည့်စုံသော ပရောဖက်ဖြစ်၏။ ၂၀  ယဇ်ပုရောဟိတ်ကြီးများနှင့် မင်းအရာရှိများသည် ထိုသူကို သေဒဏ်ပေးလျက် သစ်တိုင်ပေါ်တင်၍ သတ်ခဲ့ကြပြီ။ ၂၁  ထိုသူသည် အစ္စရေးလူမျိုးကို ကယ်နုတ်တော်မူမည့်အရှင် ဖြစ်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ခဲ့ကြ၏။ ထိုမျှမက ဤသို့ဖြစ်ပျက်သည်မှာ ယခု သုံးရက်ပင်ရှိပြီ။ ၂၂  ကျွန်ုပ်တို့၏ အပေါင်းပါများဖြစ်သော အမျိုးသမီးအချို့သည်လည်း ကျွန်ုပ်တို့ကို အံ့အားသင့်စေခဲ့ကြ၏။ သူတို့က သင်္ချိုင်းဂူသို့ စောစောသွားသော်လည်း၊ ၂၃  အလောင်းတော်ကို မတွေ့ကြောင်း၊ ကိုယ်တော်သည် အသက်ရှင်တော်မူပြီ ဟု ဆိုသော ကောင်းကင်တမန်များကိုလည်း တွေ့မြင်ကြောင်း လာပြောပြကြ၍ဖြစ်၏။ ၂၄  ကျွန်ုပ်တို့တွင် အချို့သောသူတို့သည် သင်္ချိုင်းဂူသို့သွားကြရာ အမျိုးသမီးတို့ ပြောသည်အတိုင်း တွေ့မြင်ရကြ၏။ ကိုယ်တော်ကိုမူ မတွေ့မြင်ရကြ” ဟုဖြေဆိုကြ၏။ ၂၅  ထိုအခါ ကိုယ်တော်က “ပရောဖက်များ ဆင့်ဆိုသမျှကို ခံယူတတ်သည့်နှလုံးမရှိသော၊ ဉာဏ်မရှိသောသူတို့၊ ၂၆  ခရစ်တော်သည် ဘုန်းထင်ရှားရန် ဤသို့သောဆင်းရဲဝေဒနာများကို ခံရပ်ရန် လိုအပ်သည် မဟုတ်လော” ဟု မိန့်တော်မူ၏။ ၂၇  ထို့နောက် မောရှေ၏ကျမ်းနှင့် ပရောဖက်တို့၏ကျမ်းများမှစ၍ ကျမ်းစာ၌ ကိုယ်တော်၏အကြောင်း ရေးထားသမျှကို ရှင်းပြတော်မူ၏။ ၂၈  သွားမည့်ရွာအနီးသို့ ရောက်လျှင် ကိုယ်တော်သည် လွန်သွားမည်ပြုသော်၊ ၂၉  သူတို့က “ကျွန်ုပ်တို့နှင့်အတူ တည်းခိုပါ။ ညနေချိန်ရောက်၍ နေ့တာလည်းကုန်လုပြီ” ဟု တိုက်တွန်းကြ၏။ ထို့ကြောင့် သူတို့နှင့်အတူ တည်းခိုရန် ဝင်တော်မူ၏။ ၃၀  စားပွဲ၌ သူတို့နှင့်အတူ လျောင်းတော်မူစဉ် မုန့်ကိုယူ၍ ဆုတောင်းလေ၏။ ထို့နောက် မုန့်ကိုဖဲ့၍ သူတို့အားပေးတော်မူ၏။ ၃၁  ထိုအခါ ကိုယ်တော်ဖြစ်ကြောင်း သိသွားချိန်တွင် ကိုယ်တော်သည် သူတို့ရှေ့မှ ကွယ်ပျောက်သွားလေ၏။ ၃၂  ထို့နောက် သူတို့က “လမ်းခရီး၌ ငါတို့အား ဟောပြော၍ ကျမ်းစာအနက်ကို ရှင်းပြတော်မူသောအခါ ငါတို့၏နှလုံးသည် မီးကဲ့သို့ တောက်လောင်ခဲ့သည် မဟုတ်လော” ဟု အချင်းချင်းပြောဆိုကြ၏။ ၃၃  ထိုအချိန်၌ပင် သူတို့သည်ထ၍ ဂျေရုဆလင်မြို့သို့ ပြန်သွားကြသော် ထိုတွင် စုဝေးလျက်ရှိသော တစ်ဆယ့်တစ်ပါးနှင့် အပေါင်းအဖော်တို့က ၃၄  “သခင်သည် အမှန်ပင် ထမြောက်တော်မူပြီ။ ရှိမုန်အား ကိုယ်ကို ပြတော်မူပြီ” ဟုပြောဆိုနေကြ၏။ ၃၅  ထိုသူတို့သည်လည်း လမ်း၌ဖြစ်ပျက်သမျှနှင့် မုန့်ကိုဖဲ့တော်မူစဉ် ကိုယ်တော်ဖြစ်သည်ကို သိလာကြောင်း ပြန်ပြောပြကြ၏။ ၃၆  ထိုအကြောင်းအရာများကို ပြောဆိုလျက်နေကြစဉ် ယေရှုကိုယ်တော်တိုင် သူတို့အလယ်တွင် ရပ်တော်မူ၏။ (ထို့နောက် “သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ” ဟု မိန့်တော်မူ၏။)* ၃၇  သူတို့သည် တစ္ဆေကို မြင်သည်ဟု စိတ်ထင်နှင့် ထိတ်လန့်ကြောက်ရွံ့ကြ၏။ ၃၈  ထို့ကြောင့် ကိုယ်တော်က “အဘယ်ကြောင့် ထိတ်လန့်နေကြသနည်း။ အဘယ်ကြောင့် ယုံမှားသံသယ ဖြစ်နေကြသနည်း။ ၃၉  ငါ့လက်၊ ငါ့ခြေတို့ကို ကြည့်ကြလော့။ ငါပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ်ကြလော့။ ငါသည် သင်တို့မြင်သည်အတိုင်း အရိုးအသားရှိ၏။ တစ္ဆေဖြစ်လျှင် ဤကဲ့သို့မရှိ” ဟု မိန့်တော်မူ၏။ ၄၀  (ထိုသို့မိန့်တော်မူစဉ် လက်တော်၊ ခြေတော်များကို သူတို့အား ပြတော်မူ၏။)* ၄၁  သူတို့သည် ဝမ်းမြောက်၍ အံ့သြသောကြောင့် မယုံနိုင်ဘဲဖြစ်နေကြစဉ် ကိုယ်တော်က “သင်တို့၌ စားစရာရှိသလော” ဟုမေးတော်မူလျှင်၊ ၄၂  သူတို့သည် ငါးကင်တစ်ပိုင်းကို ပေးကြ၏။ ၄၃  ကိုယ်တော်သည် ယူ၍ သူတို့ရှေ့တွင် စားတော်မူ၏။ ၄၄  ကိုယ်တော်က “မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းတို့တွင် ငါ၏အကြောင်း ရေးထားသမျှသည် ပြည့်စုံရမည်ဟု သင်တို့နှင့်အတူရှိစဉ် ငါဟောပြောသော အကြောင်းအရာများကား ဤအကြောင်းအရာများပင်ဖြစ်သည်” ဟု မိန့်တော်မူ၏။ ၄၅  ထို့နောက် ကျမ်းစာ၏အနက်ကို အပြည့်အဝ နားလည်စေရန် သူတို့၏ အသိဉာဏ်ကို ဖွင့်၍၊ ၄၆  “ကျမ်းစာ၌ ဤသို့ရေးထား၏။ ခရစ်တော်သည် ဆင်းရဲဝေဒနာခံ၍ သုံးရက်မြောက်သောနေ့တွင် သေခြင်းမှ ထမြောက်တော်မူမည်။ ၄၇  နာမတော်ကို အမှီပြု၍ နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ဂျေရုဆလင်မြို့မှစ၍ လူအမျိုးမျိုးတို့အား ဟောပြောရမည်။ ၄၈  သင်တို့သည်လည်း ဤအကြောင်းအရာများ၏ သက်သေဖြစ်ကြလိမ့်မည်။ ၄၉  ငါ၏ခမည်းတော် ကတိထားရာကို သင်တို့ထံသို့ ငါစေလွှတ်မည်။ သို့ဖြစ်၍ သင်တို့သည် အထက်မှတန်ခိုး မရမချင်း ဤမြို့တွင် နေကြဦးလော့” ဟု မိန့်တော်မူ၏။ ၅၀  ထို့နောက် တပည့်တော်တို့ကို ဗေသနိရွာသို့ ခေါ်ဆောင်သွားပြီးမှ လက်တော်ကို ချီ၍ ကောင်းချီးပေးတော်မူ၏။ ၅၁  ထိုသို့ ကောင်းချီးပေးတော်မူစဉ် သူတို့နှင့်ခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။ ၅၂  ထိုအခါ သူတို့သည် ကိုယ်တော်ကို ပျပ်ဝပ်ပြီးလျှင် အလွန်အားရဝမ်းမြောက်စွာ ဂျေရုဆလင်မြို့သို့ ပြန်သွား၍၊ ၅၃  ဗိမာန်တော်တွင် ဘုရားသခင်ကို အစဉ်မပြတ် ချီးမွမ်းလျက်နေကြ၏။

အောက်ခြေမှတ်ချက်များ

ကွင်းအတွင်းရှိ စာသားကို ရှေးဟောင်းစာမူအချို့တွင် တွေ့ရပြီး အချို့တွင်မူ မတွေ့ရချေ။
ကွင်းအတွင်းရှိ စာသားကို ရှေးဟောင်းစာမူအချို့တွင် တွေ့ရပြီး အချို့တွင်မူ မတွေ့ရချေ။
ကွင်းအတွင်းရှိ စာသားကို ရှေးဟောင်းစာမူ အချို့တွင် တွေ့ရပြီး အချို့တွင်မူ မတွေ့ရချေ။
ကွင်းအတွင်းရှိ စာသားကို ရှေးဟောင်းစာမူအချို့တွင် တွေ့ရပြီး အချို့တွင်မူ မတွေ့ရချေ။