လုကာ ၂၃:၁-၅၆

၂၃  ထိုအခါ စုရုံးနေသူ အပေါင်းတို့သည် ထ၍ ကိုယ်တော်ကို ပိလတ်မင်းထံသို့ ခေါ်ဆောင်သွားကြ၏။ ၂  ထို့နောက် သူတို့က “ဤသူသည် ကျွန်ုပ်တို့၏လူမျိုးကို လှည့်ဖြား၍ မိမိသည် ခရစ်တော်တည်းဟူသော ဘုရင်ဖြစ်၏ ဟု ဆိုလျက် ကဲသာ*အား အခွန်မဆက်နှင့်ဟု တားမြစ်သည်ကို ကျွန်ုပ်တို့တွေ့ပါပြီ” ဟု စွပ်စွဲကြ၏။ ၃  ပိလတ်မင်းက “သင်သည် ဂျူးတို့၏ရှင်ဘုရင် မှန်သလော” ဟုမေးလျှင် ကိုယ်တော်က “သင်ဆိုသည့်အတိုင်း မှန်၏” ဟု ပြန်၍ မိန့်တော်မူ၏။ ၄  ထိုအခါပိလတ်မင်းက“ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့” ဟု ယဇ်ပုရောဟိတ်ကြီးများနှင့် လူအုပ်ကို ဆိုလေသော်၊ ၅  ထိုသူတို့က “ဤသူသည် ဂါလိလဲနယ်မှစ၍ ဤအရပ်တိုင်အောင် ယုဒပြည်တစ်ဝန်းလုံးတွင် သွန်သင်၍ လူတို့ကို နှိုးဆော်ပါသည်” ဟု ထပ်တလဲလဲ လျှောက်ဆိုကြ၏။ ၆  ထိုအခါ ပိလတ်မင်းက ထိုသူသည် ဂါလိလဲနယ်သား ဟုတ်မဟုတ် မေးမြန်း၍၊ ၇  ဟေရုဒ်မင်း ပိုင်သောနယ်မှ ဖြစ်ကြောင်း သိလျှင် ထိုမင်းထံသို့ ပို့စေ၏။ ထိုကာလတွင် ဟေရုဒ်မင်းသည် ဂျေရုဆလင်မြို့၌ ရှိသတည်း။ ၈  ဟေရုဒ်မင်းသည် ယေရှုကိုမြင်သောအခါ အလွန်ဝမ်းမြောက်၏။ အကြောင်းမူကား ကိုယ်တော်၏အကြောင်းကို ကြားထား၍ နိမိတ်လက္ခဏာတစ်စုံတစ်ခု ပြတော်မူမည်ဟု မျှော်လင့်ထားရာ ကိုယ်တော်အား တွေ့လိုသည်မှာ အတန်ကြာပြီဖြစ်၏။ ၉  ထိုမင်းသည် ကိုယ်တော်ကို မေးခွန်းများစွာမေးသော်လည်း ဖြေကြားတော်မမူ။ ၁၀  ယဇ်ပုရောဟိတ်ကြီးနှင့် ကျမ်းတတ်တို့သည် အကြိမ်ကြိမ်ထ၍ ပြင်းထန်စွာ စွပ်စွဲပြောဆိုကြ၏။ ၁၁  ဟေရုဒ်မင်းနှင့် ကိုယ်ရံတော်တို့သည် ကိုယ်တော်ကို အရှက်ခွဲလျက်၊ တင့်တယ်သော အဝတ်ကိုဝတ်စေ၍ ကဲ့ရဲ့ပြီးလျှင် ပိလတ်မင်းထံသို့ ပြန်ပို့စေ၏။ ၁၂  ယခင်က ရန်ဘက်ဖြစ်သော ဟေရုဒ်မင်းနှင့် ပိလတ်မင်းတို့သည် ထိုနေ့တွင် မိတ်ဆွေဖြစ်သွားကြ၏။ ၁၃  ထို့နောက် ပိလတ်မင်းသည် ယဇ်ပုရောဟိတ်ကြီး၊ မင်းအရာရှိနှင့် လူတို့ကို စုဝေးစေ၍၊ ၁၄  “ပြည်သူပြည်သားတို့ကို ပုန်ကန်စေသူအဖြစ် ဤသူကို ငါ့ထံသို့ ဆောင်ခဲ့ကြ၏။ သင်တို့ရှေ့မှာ သူ့ကို ငါစစ်ကြောသော်လည်း သင်တို့စွဲဆိုသောပြစ်မှု တစ်ခုမျှ ထိုသူ၌ ငါမတွေ့။ ၁၅  ဟေရုဒ်မင်းသည်လည်း မတွေ့သောကြောင့် ငါတို့ထံသို့ သူ့ကို ပြန်ပို့လေပြီ။ ဤသူသည် သေထိုက်သောပြစ်မှု တစ်ခုကိုမျှ မပြု။ ၁၆  ထို့ကြောင့် သူ့ကို ငါဒဏ်ပေးပြီး လွှတ်လိုက်မည်” ဟု သူတို့အား ဆို၏။ ၁၇  — ၁၈  သို့သော် လူအပေါင်းတို့က “ဤသူကို သတ်ပစ်၍ ဗာရဗ္ဗကို လွှတ်ပေးပါ” ဟု တစ်ပြိုင်တည်း ဟစ်အော်ကြ၏။ ၁၉  (ထိုဗာရဗ္ဗကား မြို့ထဲ၌ ပုန်ကန်မှု၊ လူသတ်မှု တို့ကြောင့် ထောင်ကျနေသူ ဖြစ်၏။) ၂၀  ပိလတ်မင်းသည် ယေရှုကို လွှတ်လို၍ သူတို့အား တစ်ဖန် ပြောလေသော်၊ ၂၁  သူတို့က “ထိုသူကို သစ်တိုင်ပေါ် တင်ပါ၊ သစ်တိုင်ပေါ် တင်ပါ” ဟု ဟစ်အော်ကြ၏။ ၂၂  ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း၊ အဘယ်မကောင်းမှုကို ဤသူပြုခဲ့သနည်း။ သေထိုက်သော ပြစ်မှုတစ်ခုမျှ သူ၌ ငါမတွေ့။ ထို့ကြောင့် သူ့ကို ငါဒဏ်ပေး၍ လွှတ်လိုက်မည်” ဟု တတိယအကြိမ် ဆိုပြန်၏။ ၂၃  ထိုအခါ လူတို့သည် ကိုယ်တော်ကို သစ်တိုင်ပေါ်မှာတင်ရန် အသံကုန်အော်၍ မရမက တောင်းဆိုသဖြင့် အနိုင်ရလေ၏။ ၂၄  ထို့ကြောင့် ပိလတ်မင်းသည် သူတို့ တောင်းဆိုသည်အတိုင်း စီရင်လျက်၊ ၂၅  ပုန်ကန်မှုနှင့် လူသတ်မှုတို့ကြောင့် ထောင်ကျသူကို သူတို့တောင်းဆိုသည်အတိုင်း လွှတ်ပေးလိုက်၏။ ယေရှုကိုမူ သူတို့ အလိုအတိုင်း လိုက်လျောလိုက်လေ၏။ ၂၆  ကိုယ်တော်ကို ခေါ်ထုတ်သွားကြစဉ် လယ်တောမှ လာသော ကုရေနေမြို့သား ရှိမုန်ကို ဖမ်းပြီးလျှင် ယေရှုနောက်တော်၌ ညှဉ်းဆဲရာသစ်တိုင်ကို ထမ်းစေကြ၏။ ၂၇  လူအမြောက်အမြားတို့သည် နောက်တော်သို့ လိုက်ကြ၏။ အမျိုးသမီးတို့သည်လည်း ရင်ဘတ်ကိုထု၍ ငိုကြွေးလျက် လိုက်ကြ၏။ ၂၈  ယေရှုသည် သူတို့ကိုလှည့်ကြည့်၍ “ဂျေရုဆလင်မြို့သမီးတို့ ငါ့အတွက် မငိုကြွေးကြနှင့်တော့။ မိမိနှင့် မိမိသားသမီးတို့အတွက်သာ ငိုကြွေးကြလော့။ ၂၉  အကြောင်းမူကား ‘မြုံသောမိန်းမနှင့် ကလေးမမွေးဖူးသူ၊ နို့မတိုက်ဖူးသူတို့သည် ပျော်ရွှင်၏’ ဟု ဆိုကြမည့် နေ့ရက်ကာလ ရောက်လိမ့်မည်။ ၃၀  ထိုအခါ လူတို့က ‘တောင်များတို့၊ ငါတို့အပေါ်သို့ ပြိုကျပါ။ ကုန်းများတို့ ငါတို့ကို ဖုံးအုပ်ကြပါ’ ဟု ဆိုကြလိမ့်မည်။ ၃၁  အကြောင်းမူကား အပင်စိမ်းစိုနေသောအခါ ဤသို့ပြုကြလျှင် ခြောက်သွေ့သောအခါ မည်သို့ဖြစ်လိမ့်မည်နည်း” ဟုမိန့်တော်မူ၏။ ၃၂  လူဆိုးဖြစ်သော အခြားသူနှစ်ဦးကိုလည်း ကိုယ်တော်နှင့်အတူ ကွပ်မျက်ရန် ခေါ်ထုတ်သွားကြ၏။ ၃၃  ဦးခေါင်းခွံ ဟု ခေါ်သောအရပ်သို့ ရောက်ကြသော် ကိုယ်တော်နှင့်တကွ ထိုလူဆိုးတို့ကို လက်ယာတော်ဘက်၌ တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက် သစ်တိုင်ပေါ် တင်ကြပြီးလျှင်၊ ၃၄  (ယေရှုက “အဖ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြပါ” ဟု မြွက်ဆိုတော်မူ၏။)* သူတို့သည် အဝတ်တော်ကို မဲချ၍ ဝေယူကြ၏။ ၃၅  လူများတို့သည်လည်း ရပ်လျက်ကြည့်ရှုနေကြ၏။ မင်းအရာရှိတို့ကလည်း “ဤသူသည် သူတစ်ပါးကို ကယ်တင်တတ်၏။ သူသည် ဘုရားသခင်၏ ခရစ်တော်တည်းဟူသော ရွေးချယ်ထားသူမှန်လျှင် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ပါလေစေ” ဟူ၍ မခန့်လေးစား ပြောဆိုကြ၏။ ၃၆  စစ်သည်များပင် ကိုယ်တော့်ထံချဉ်းကပ်၍ ပုံးရည်ကို ကမ်းပေးပြီးလျှင် သရော်ကြသည်မှာ၊ ၃၇  “သင်သည် ဂျူးတို့၏ဘုရင်ဖြစ်လျှင် ကိုယ့်ကိုယ်ကိုယ် ကယ်တင်လော့” ဟု ဆိုကြ၏။ ၃၈  ခေါင်းတော်အထက်၌လည်း “ဤသူသည် ဂျူးတို့၏ဘုရင်ပေတည်း” ဟူသော ကမ္ပည်းကို ရေးထားကြ၏။ ၃၉  သစ်တိုင်ပေါ် အတင်ခံရသူ လူဆိုးနှစ်ဦးမှ တစ်ဦးက “သင်သည် ခရစ်တော် မဟုတ်လော။ ကိုယ်တိုင်နှင့် ငါတို့ကို ကယ်တင်လော့” ဟု ကိုယ်တော်ကို ကဲ့ရဲ့ပြောဆို၏။ ၄၀  ထိုသူကို အခြားတစ်ဦး ပြစ်တင်ဆုံးမသည်မှာ “သင်သည် ဤသူနည်းတူ ဒဏ်စီရင်ခံရလျက်ပင် ဘုရားသခင်ကို မကြောက်သလော။ ၄၁  ငါတို့သည် ကိုယ့်အပြစ်အတွက် ထိုက်သင့်သောပြစ်ဒဏ်ကို တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မကျူးလွန်ခဲ့။” ၄၂  ထို့နောက် “ယေရှု၊ ကိုယ်တော် ဘုရင်ဖြစ်သောအခါ ကျွန်ုပ်ကို သတိရတော်မူပါ” ဟု လျှောက်ဆို၏။ ၄၃  ကိုယ်တော်ကလည်း “ယနေ့ ငါအမှန်ဆိုသည်ကား သင်သည် ငါနှင့်အတူ ပရဒိသု၌ ရှိလိမ့်မည်” ဟု မိန့်တော်မူ၏။ ၄၄  ထိုအခါ ခြောက်နာရီခန့် ဖြစ်၍ ကိုးနာရီ*တိုင်အောင် မြေတစ်ပြင်လုံး အမှောင်ကျလေ၏။ ၄၅  အကြောင်းမူကား နေရောင်အလင်း ကွယ်ပျောက်၍ဖြစ်၏။ ဗိမာန်တော် ကန့်လန့်ကာသည်လည်း အလယ်မှ နှစ်ပိုင်းကွဲစုတ်လေ၏။ ၄၆  ထို့နောက် ယေရှုက “အဖ၊ ကျွန်ုပ်၏အသက်*ကို ကိုယ်တော့်လက်၌ အပ်ပါ၏” ဟု ကျယ်သောအသံနှင့် ကြွေးကြော်လေ၏။ ထိုသို့ မိန့်တော်မူပြီးနောက် အသက်ထွက်တော်မူ၏။ ၄၇  ထိုအဖြစ်အပျက်များကို တပ်မှူးသည်မြင်လျှင် “ဤသူသည် ဖြောင့်မတ်သောသူ မှန်ပေ၏” ဟု ဆို၍ ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းလေ၏။ ၄၈  ထိုအမှုကို ကြည့်ရှုရန် လာကြသော လူအုပ်တို့သည် ဖြစ်ပျက်သမျှကိုမြင်လျှင် ရင်ဘတ်ကိုထု၍ ပြန်သွားကြ၏။ ၄၉  ကိုယ်တော်ကို သိကျွမ်းသောသူ အပေါင်းတို့သည် အဝေးမှာ ရပ်နေကြ၏။ ဂါလိလဲနယ်မှ နောက်တော်သို့ လိုက်လာသော အမျိုးသမီးတို့သည်လည်း ရပ်လျက်ကြည့်ရှုနေကြ၏။ ၅၀  ထိုအခါ လူကောင်း၊ လူဖြောင့်ဖြစ်သူ ယောသပ်အမည်ရှိသော ကောင်စီအဖွဲ့ဝင် တစ်ဦးရှိ၏။ ၅၁  ဤသူသည် အခြားကောင်စီအဖွဲ့ဝင်တို့၏ အကြံအစည်နှင့် အပြုအမူတို့ကို မထောက်ခံချေ။ သူသည် ယုဒပြည်၊ အရိမသဲမြို့သားဖြစ်၍ ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသောသူဖြစ်၏။ ၅၂  သူသည် ပိလတ်မင်းထံသို့ ဝင်ပြီးလျှင် ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ၅၃  အလောင်းတော်ကို ချယူ၍ ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင် ကျောက်ဆောင်၌ ထွင်းထားသော၊ မည်သူ့ကိုမျှ မသင်္ဂြိုဟ်ရသေးသော သင်္ချိုင်းဂူထဲတွင် သွင်းထားလေ၏။ ၅၄  ထိုနေ့ကား အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့ကူးချိန် ညနေစောင်းဖြစ်၏။ ၅၅  သို့သော် ဂါလိလဲနယ်မှ ကိုယ်တော်နှင့်အတူ လိုက်လာသော အမျိုးသမီးတို့သည် သင်္ချိုင်းဂူကိုလည်းကောင်း၊ အလောင်းတော် သွင်းထားပုံကိုလည်းကောင်း သွား၍ ကြည့်ရှုကြ၏။ ၅၆  ထို့နောက် သူတို့သည် နံ့သာမျိုးနှင့် ဆီမွှေးကိုပြင်ဆင်ရန် ပြန်သွားကြ၏။ သို့ရာတွင် ပညတ်တော်အတိုင်း ဥပုသ်နေ့တွင် အနားယူကြ၏။

အောက်ခြေမှတ်ချက်များ

သို့မဟုတ်၊ “ဧကရာဇ်မင်း။”
ကွင်းအတွင်းရှိ စာသားကို ရှေးဟောင်းစာမူအချို့တွင် တွေ့ရပြီး အချို့တွင်မူ မတွေ့ရချေ။
“မွန်းတည့် ၁၂ ခန့်ဖြစ်၍ မွန်းလွဲ ၃ နာရီခန့်။”
ဂရိ၊ “နျူမာ။” နောက်ဆက်တွဲ ၈ ရှု။