လုကာ ၂၂:၁-၇၁
၂၂ ထိုအခါ ပသခါပွဲဟုခေါ်သော တဆေးမဲ့မုန့်ပွဲ ရောက်လုနီးပြီဖြစ်၏။
၂ ယဇ်ပုရောဟိတ်ကြီးတို့နှင့် ကျမ်းတတ်တို့သည် လူတို့ကို ကြောက်သောကြောင့် ကိုယ်တော်အား သတ်ရန် အခွင့်ကောင်းရှာနေကြ၏။
၃ စာတန်သည်လည်း တစ်ဆယ့်နှစ်ပါးအဝင် ရှကာရုတ်ဟုခေါ်သော ယုဒအထဲသို့ ဝင်သောအခါ၊
၄ သူသည် ယဇ်ပုရောဟိတ်ကြီးများ၊ ဗိမာန်တော်မှူးများထံသို့ သွားပြီးလျှင် ယေရှုအား အပ်နှံရမည့်နည်းလမ်းကို တိုင်ပင်လေ၏။
၅ ထိုအခါ သူတို့သည် ဝမ်းသာပြီး ငွေပေးမည်ဟု ကတိပြုကြ၏။
၆ ယုဒသည်လည်း သဘောတူပြီးမှ လူအုပ်မရှိစဉ် ကိုယ်တော်အား အပ်နှံရန် အခွင့်ကောင်းကို ရှာကြံလျက်နေ၏။
၇ ပသခါယဇ်ကို ပူဇော်ရသော တဆေးမဲ့မုန့်ပွဲနေ့ ရောက်သောအခါ၊
၈ ကိုယ်တော်က “သင်တို့သည်သွား၍ ငါတို့စားဖို့ ပသခါညစာကို ပြင်ဆင်ကြလော့” ဟု ပေတရုနှင့် ယောဟန်တို့ကို စေလွှတ်တော်မူ၏။
၉ သူတို့ကလည်း “အဘယ်အရပ်၌ ပြင်ဆင်စေလိုတော်မူသနည်း” ဟု မေးလျှောက်ကြ၏။
၁၀ ကိုယ်တော်က “သင်တို့သည် မြို့ထဲသို့ဝင်သောအခါ ရေအိုးထမ်းသွားသူကို တွေ့ကြလိမ့်မည်။ ထိုသူဝင်သောအိမ်သို့ လိုက်ဝင်ကြလော့။
၁၁ ‘“ငါ၏တပည့်တို့နှင့် ပသခါညစာကို စားသုံးရမည့်အခန်း အဘယ်မှာနည်း။” ဆရာက မေးသည်’ ဟု အိမ်ရှင်အား ပြောကြလော့။
၁၂ ထိုသူသည် အသင့်ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့်မည်။ ထိုအခန်း၌ ပြင်ဆင်ကြလော့” ဟု မိန့်တော်မူ၏။
၁၃ သို့နှင့် တပည့်တော်တို့သည် သွား၍ ကိုယ်တော်မိန့်တော် မူသည့်အတိုင်း တွေ့လျှင် ပသခါပွဲအတွက် ပြင်ဆင်ကြ၏။
၁၄ အချိန်ရောက်သောအခါ တမန်တော်တို့နှင့်အတူ စားပွဲ၌ လျောင်းတော်မူ၍၊
၁၅ ကိုယ်တော်က “ငါသည် ဒုက္ခမခံရမီ ဤပသခါညစာကို သင်တို့နှင့်အတူ စားသုံးရန် အလွန်အလိုရှိ၏။
၁၆ ငါဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်၌ ပသခါပွဲ၏ရည်ရွယ်ချက် မပြည့်စုံမီ ဤပွဲကို ငါသည် တစ်ဖန်စားမည်မဟုတ်” ဟု မိန့်တော်မူ၏။
၁၇ ခွက်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ “ဤခွက်ကိုယူ၍ အချင်းချင်း လက်ဆင့်ကမ်းကြလော့။
၁၈ ငါဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော် မရောက်မီ ယခုမှစ၍ စပျစ်ဝိုင်ကို ငါသည် နောက်တစ်ဖန် သောက်မည်မဟုတ်” ဟု မိန့်တော်မူ၏။
၁၉ ထို့နောက် မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ပြီးလျှင် “ဤမုန့်သည် သင်တို့အတွက် ငါစွန့်မည့် ငါ၏ကိုယ်ကို ကိုယ်စားပြု၏။ ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့” ဟု မိန့်တော်မူလျက် သူတို့ကို ပေးတော်မူ၏။
၂၀ ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍ “ဤခွက်ကား သင်တို့အတွက် သွန်းလောင်းမည့် ငါ၏သွေးဖြင့်ဖွဲ့သော ပဋိညာဉ်တရားသစ်ဖြစ်၏။
၂၁ “သို့သော်လည်း ငါ့ကိုအပ်နှံသောသူ၏ လက်သည် ဤစားပွဲပေါ်မှာ ငါနှင့်အတူရှိ၏။
၂၂ သတ်မှတ်ထားတော်မူသည့်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကိုအပ်နှံသောသူ၌ အမင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
၂၃ တပည့်တော်တို့သည် ထိုအမှုကို မည်သူပြုလိမ့်မည်နည်း ဟု အချင်းချင်း မေးမြန်းကြ၏။
၂၄ ထို့ပြင် မိမိတို့တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု တပည့်တော်တို့ အချင်းချင်း ငြင်းခုံကြ၏။
၂၅ သို့သော် ကိုယ်တော်က “လောကအုပ်စိုးရှင်တို့သည် နိုင်လိုမင်းထက်ပြုတတ်ကြ၏။ အာဏာပိုင်တို့ကိုလည်း ကျေးဇူးရှင်ဟူ၍ခေါ်တတ်ကြ၏။
၂၆ သင်တို့မူကားထိုသို့မဖြစ်ရ။သင်တို့တွင်အကြီးဆုံးသောသူသည် အငယ်ဆုံးသောသူကဲ့သို့ဖြစ်စေ။ အကြီးအမှူးဖြစ်သူသည် အစေခံကဲ့သို့ဖြစ်စေ။
၂၇ စားပွဲ၌လျောင်းသောသူနှင့် အစေခံသောသူတွင် မည်သူသည် သာ၍ကြီးမြတ်သနည်း။ စားပွဲ၌လျောင်းသောသူ မဟုတ်လော။ ငါမူကား သင်တို့တွင် အစေခံကဲ့သို့ဖြစ်၏။
၂၈ “သို့သော် စုံစမ်းသွေးဆောင်ခြင်းကို ငါခံရစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသူများ ဖြစ်ကြ၏။
၂၉ ငါ့ခမည်းတော်သည် ငါနှင့်ပဋိညာဉ်ဖွဲ့သည့်နည်းတူ ငါသည်လည်း နိုင်ငံတော်အတွက် သင်တို့နှင့် ပဋိညာဉ်ဖွဲ့၏။
၃၀ သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်ရကြမည်။ ပလ္လင်ပေါ်ထိုင်၍ အစ္စရေးလူမျိုး တစ်ဆယ့်နှစ်နွယ်ကို တရားစီရင်ရကြလိမ့်မည်။
၃၁ “ရှိမုန်၊ ရှိမုန်၊ ဂျုံစပါးကို ဆန်ခါနှင့်ချသကဲ့သို့ သင်တို့ကိုချရမည်အကြောင်း စာတန် အခွင့်တောင်းသည်ဖြစ်၍၊
၃၂ သင်၏ယုံကြည်ခြင်း အားမနည်းစေရန် ငါသည် သင့်အတွက် တိုးလျှိုးအသနားခံ ဆုတောင်းပေးလေပြီ။ သင်သည် နောင်တရသောအခါ သင်၏ညီအစ်ကိုတို့ကို ခွန်အားပေးလော့” ဟုမိန့်တော်မူ၏။
၃၃ ထိုအခါ ပေတရုက “သခင်၊ ကျွန်ုပ်သည် ထောင်ထဲသို့လည်းကောင်း၊ အသေသတ်ခြင်းသို့လည်း ကောင်းကိုယ်တော်နှင့်အတူ လိုက်ရန် အသင့်ရှိပါ၏” ဟု လျှောက်လေ၏။
၃၄ သို့သော် ကိုယ်တော်က “ပေတရု၊ ငါဆိုသည်ကား ယနေ့ ကြက်မတွန်မီ သင်သည် ငါ့ကိုမသိ ဟူ၍ သုံးကြိမ်တိုင်အောင် ငြင်းပယ်လိမ့်မည်” ဟုမိန့်တော်မူ၏။
၃၅ ထို့နောက် ကိုယ်တော်က “ငွေအိတ်၊ ရိက္ခာအိတ်၊ ဖိနပ်မပါဘဲ သင်တို့ကိုစေလွှတ်သောအခါ တစ်စုံတစ်ရာလိုကြသလော” ဟုမေးလျှင် သူတို့က “မလိုပါ” ဟုပြန်လျှောက်ကြသော်၊
၃၆ ကိုယ်တော်မိန့်တော်မူသည်မှာ၊ “ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ ရိက္ခာအိတ်ရှိသောသူလည်း ယူစေ။ ဓားမရှိသောသူသည် အဝတ်ကိုရောင်း၍ ဓားကိုဝယ်စေ။
၃၇ ငါအမှန်ဆိုသည်ကား ‘ထိုသူသည် မတရားသောသူတို့၏ စာရင်းတွင် ပါဝင်ရ၏’ ဟူသော ကျမ်းစာ၌ရေးထားချက်သည် ငါ၌ ပြည့်စုံတော့မည်။ ငါနှင့်စပ်လျဉ်းသော အမှုအရာသည် ဖြစ်ပျက်လျက်ရှိပြီ။”
၃၈ ထိုအခါ သူတို့ကလည်း “သခင်၊ ဓားနှစ်လက်ရှိပါ၏” ဟုလျှောက်ကြလျှင် ကိုယ်တော်က “လောက်ပြီ” ဟုမိန့်တော်မူ၏။
၃၉ ထို့နောက် ကိုယ်တော်သည်ထွက်၍ အလေ့အထရှိသည့်အတိုင်း သံလွင်တောင်သို့ ကြွတော်မူရာ တပည့်တော်တို့ လိုက်ကြ၏။
၄၀ ထိုအရပ်သို့ ရောက်လျှင် “သင်တို့သည် သွေးဆောင်ခြင်း မခံရရန် ဆုတောင်းလျက်နေကြလော့” ဟု မိန့်တော်မူပြီးမှ၊
၄၁ တပည့်တော်တို့နှင့် ခဲတစ်ပစ်ခန့် ခွာသွား၍ ဒူးထောက်လျက်
၄၂ “အဖ၊ အလိုတော်ရှိလျှင် ဤခွက်ကို ကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ။ သို့ရာတွင် ကျွန်ုပ်၏အလိုအတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်ပါစေ” ဟု ဆုတောင်းလေ၏။
၄၃ ထိုအခါ ကောင်းကင်တမန်တစ်ပါး ထင်ရှားလာပြီး ကိုယ်တော့်ကို အားပေးလေ၏။
၄၄ သို့သော် ပြင်းပြသောဝေဒနာကို ခံစားရ၍ စိတ်အားကြီးစွာ ဆုတောင်းတော်မူ၏။ ကိုယ်တော်၏ချွေးတို့သည် သွေးစက်များကဲ့သို့ မြေပေါ်သို့ကျ၏။
၄၅ ထိုသို့ဆုတောင်းပြီးမှ ယေရှုသည်ထ၍ တပည့်တော်တို့ရှိရာသို့ ပြန်လာသောအခါသူတို့သည် ဝမ်းနည်း၍ အိပ်ပျော်နေကြသည်ကို တွေ့တော်မူ၏။
၄၆ ထိုအခါ ကိုယ်တော်က “သင်တို့သည် အဘယ်ကြောင့် အိပ်နေကြသနည်း။ ထကြ၊ သွေးဆောင်ခြင်း မခံရရန် ဆုတောင်းလျက် နေကြလော့” ဟု မိန့်တော်မူ၏။
၄၇ ထိုသို့ မိန့်တော်မူစဉ်ပင် တစ်ဆယ့်နှစ်ပါးအဝင်ဖြစ်သော ယုဒသည် လူအုပ်ကိုလမ်းပြလျက် ယေရှုကို နမ်းရန် ချဉ်းကပ်လေ၏။
၄၈ ယေရှုကလည်း “ယုဒ၊ သင်သည် နမ်းခြင်းဖြင့် လူသားကို အပ်နှံသလော” ဟု မေးတော်မူ၏။
၄၉ ကိုယ်တော်နှင့်အတူ ပါလာသောသူတို့သည် မည်သို့ဖြစ်ပျက်မည်ကို သိမြင်လျှင် သူတို့က “သခင်၊ ဓားနှင့်ခုတ်ရပါမည်လော” ဟုမေးလျှောက်ကြ၏။
၅၀ သူတို့ထဲမှတစ်ဦးသည် ယဇ်ပုရောဟိတ်မင်း၏ကျွန်ကို ခုတ်သဖြင့် ညာဘက်နားရွက် ပြတ်လေ၏။
၅၁ ယေရှုကလည်း “တော်လောက်ပြီ” ဟု မိန့်တော်မူပြီးလျှင် နားရွက်ကို တို့ ၍ အနာပျောက်စေတော်မူ၏။
၅၂ ထိုအခါ အထံတော်သို့ ရောက်လာသော ယဇ်ပုရောဟိတ်ကြီးများ၊ ဗိမာန်တော်မှူးများ၊ လူကြီးများအား ယေရှုက “သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ ဓားနှင့်တုတ်များကို ကိုင်လျက် လာကြသလော။
၅၃ ငါသည် နေ့တိုင်း ဗိမာန်တော်၌ သင်တို့နှင့်အတူရှိနေစဉ် သင်တို့သည် ငါ့ကို မဖမ်းဆီးကြ။ သို့သော်လည်း ဤအချိန်ကား သင်တို့အချိန်၊ မှောင်မိုက်တန်ခိုး အချိန်ဖြစ်၏” ဟု မိန့်တော်မူ၏။
၅၄ ထို့နောက် သူတို့သည် ကိုယ်တော်ကို ဖမ်းဆီး၍ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ခေါ်ဆောင်သွားကြ၏။ ပေတရုသည်လည်း ခပ်လှမ်းလှမ်းမှ လိုက်သွား၏။
၅၅ အိမ်ခြံဝင်းအတွင်း မီးမွှေးပြီးမှ လူတို့စုဝေး၍ ထိုင်ကြလျှင် ပေတရုသည်လည်း သူတို့နှင့် အတူထိုင်နေ၏။
၅၆ ထိုသို့ မီးအနားမှာ ထိုင်နေသည်ကို အစေခံမိန်းကလေးတစ်ဦးသည် မြင်လျှင် သူ့ကိုစိုက်ကြည့်၍ “ဤသူလည်း ထိုသူနှင့် လိုက်ပါသူဖြစ်သည်” ဟု ဆိုသော်၊
၅၇ “အချင်းမိန်းမ၊ ထိုသူကို ငါမသိ” ဟု ငြင်းဆို၏။
၅၈ ခဏကြာမှ အခြားသူ တစ်ဦးသည် သူ့ကိုမြင်လျှင် “သင်လည်း ထိုသူတို့ အဝင်ဖြစ်သည်” ဟုဆိုသော် “အချင်းလူ ငါမဟုတ်” ဟု ပေတရုဆိုပြန်၏။
၅၉ တစ်နာရီမျှအကြာတွင် အခြားသူတစ်ဦးက “စင်စစ် ဤသူသည်လည်း ဂါလိလဲနယ်သားဖြစ်ရာ ထိုသူ၏ အပေါင်းပါ ဖြစ်ရမည်” ဟု အခိုင်အမာ ဆိုလေသော်၊
၆၀ ပေတရုက “အချင်းလူ၊ သင်ပြောသောအရာကို ငါမသိ” ဟု ဆို၏။ ထိုသို့ ပြောဆိုနေစဉ်ပင် ကြက်တွန်လေ၏။
၆၁ ထိုအခါ သခင်သည် ပေတရုကို လှည့်ကြည့်သော် “ယနေ့ ကြက်မတွန်မီ သင်သည် သုံးကြိမ်တိုင်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်” ဟူသော ကိုယ်တော်၏စကားကို ပေတရုသတိရသဖြင့်၊
၆၂ အပြင်သို့ထွက်၍ ချုံးပွဲချငိုကြွေးလေ၏။
၆၃ ထိုအခါ ကိုယ်တော်အား ချုပ်နှောင်သူတို့သည် ကိုယ်တော့်ကို ပြက်ရယ်ပြု၍ ရိုက်နှက်ကြ၏။
၆၄ မျက်နှာတော်ကို ဖုံးပြီးလျှင် “သင့်အား မည်သူရိုက်သည်ကို ပရောဖက်ပြု၍ ဟောလော့” ဟု ဆိုကြ၏။
၆၅ ထို့ပြင် ကဲ့ရဲ့သောစကားများစွာ ပြောဆိုကြ၏။
၆၆ မိုးလင်းသောအခါ လူတို့တွင် အကြီးအကဲများဖြစ်သော ယဇ်ပုရောဟိတ်ကြီးများနှင့် ကျမ်းတတ်များသည် စည်းဝေး၍ ကိုယ်တော်ကို ဂျူးတရားရုံးချုပ်*သို့ ခေါ်ဆောင်သွားပြီးလျှင်၊
၆၇ “သင်သည် ခရစ်တော်မှန်လျှင် ငါတို့အားပြောလော့” ဟု ပြောဆိုကြ၏။ ယေရှုက “ငါပြောလျှင်လည်း သင်တို့ လုံးဝ ယုံကြမည် မဟုတ်။
၆၈ ငါမေးလျှင်လည်း သင်တို့ဖြေကြမည် မဟုတ်။
၆၉ သို့ရာတွင် ယခုမှစ၍ လူသားသည် တန်ခိုးကြီးတော်မူသော ဘုရားသခင်၏ လက်ယာဘက်၌ ထိုင်တော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
၇၀ ထိုသူအပေါင်းတို့က “သို့ဖြစ်လျှင် သင်သည် ဘုရားသခင်၏သားတော်လော” ဟုမေးကြလျှင် ကိုယ်တော်က “သင်တို့ဆိုသည်အတိုင်း ငါဖြစ်၏” ဟု မိန့်တော်မူ၏။
၇၁ သူတို့ကလည်း “အဘယ်သက်သေ လိုသေးသနည်း။ သူ၏နှုတ်မှပင် ငါတို့ကိုယ်တိုင် ကြားရပြီ” ဟု ဆိုကြ၏။
အောက်ခြေမှတ်ချက်များ
^ မူရင်း၊ “ဆဲန်ဟီဒရင်။”