လုကာ ၁၉:၁-၄၈

၁၉  ကိုယ်တော်သည်ဂျေရိခိုမြို့သို့ဝင်၍ လျှောက်သွားတော်မူ၏။ ၂  ထိုမြို့တွင် ဇက္ခဲအမည်ရှိသော အကောက်ခွန်မှူးတစ်ဦးရှိ၏။ သူသည် ချမ်းသာကြွယ်ဝ၏။ ၃  ထိုသူသည် ယေရှုကို မြင်လိုသော်လည်း အရပ်ပု၍ လူအုပ်ကြောင့် မမြင်နိုင်။ ၄  ထို့ကြောင့် ကိုယ်တော်ကိုမြင်ရန် ကြွတော်မူမည့်လမ်းအတိုင်း ရှေ့သို့ပြေး၍ သဖန်းပိုးစာပင်ပေါ် တက်လေ၏။ ၅  ယေရှုသည် ထိုအရပ်သို့ ရောက်တော်မူသောအခါ မော့ကြည့်၍ “ဇက္ခဲ၊ မြန်မြန်ဆင်းလော့။ ယနေ့ သင်၏အိမ်တွင် ငါတည်းခိုမည်” ဟုမိန့်တော်မူ၏။ ၆  သို့နှင့် ဇက္ခဲသည် အလျင်အမြန်ဆင်း၍ ကိုယ်တော်ကို ဝမ်းမြောက်စွာ ဧည့်ခံလေ၏။ ၇  သို့သော် လူအပေါင်းတို့သည်မြင်လျှင် “အပြစ်သားတစ်ဦးထံသွား၍ တည်းခိုပါသည်တကား” ဟုညည်းညူကြ၏။ ၈  ဇက္ခဲသည်လည်း ထ၍ “သခင်၊ ကျွန်ုပ်၏ဥစ္စာတစ်ဝက်ကို ဆင်းရဲသောသူတို့အား ပေးပါမည်။ မည်သူ့ထံမှမဆို မတရားယူခဲ့သမျှအတွက် လေးဆပြန်၍ ပေးပါမည်” ဟုလျှောက်ဆို၏။ ၉  ထိုအခါ ယေရှုက “ဤသူသည် အာဗြဟံ၏သားဖြစ်သောကြောင့် ယနေ့ပင် ကယ်တင်ခြင်းကျေးဇူးသည် ဤအိမ်သို့ ရောက်လေပြီ။ ၁၀  အကြောင်းမူကား လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်ရန် ကြွလာ၏” ဟုမိန့်တော်မူ၏။ ၁၁  ထိုစကားကို သူတို့ ကြားနာချိန်တွင် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ ရောက်ရှိနေ၍ ဘုရားသခင်၏နိုင်ငံတော် ချက်ချင်းပေါ်ထွန်းမည်ဟု ထိုသူတို့ ထင်မှတ်ကြသောကြောင့် ပုံဥပမာတစ်ခုကို ထပ်၍ ပေးတော်မူ၏။ ၁၂  ကိုယ်တော်က “မင်းသားတစ်ပါးသည် မင်းရိုက်ရာကို ဆက်ခံ၍ ပြန်လာမည့်အကြံနှင့် ဝေးသောပြည်သို့ သွားမည်ပြုစဉ်၊ ၁၃  မိမိ၏ကျွန် ဆယ်ဦးကိုခေါ်၍ ငွေဆယ်မိုင်နာ* အပ်ပေးလျက်၊ ‘ငါပြန်လာသည့်အထိ ကုန်သွယ်ခြင်းကိုပြုကြလော့’ ဟု မှာထားလေ၏။ ၁၄  သို့ရာတွင် ပြည်သားချင်းတို့သည် ထိုမင်းသားကို မုန်းသဖြင့် သူသွားပြီးနောက် ‘သူ့ကို ငါတို့အပေါ် မင်းမပြုစေလိုပါ’ ဟု သံတမန်အဖွဲ့အား စေလွှတ်၍ လျှောက်ထားကြ၏။ ၁၅  “ထိုမင်းသားသည် မင်းရိုက်ရာကို ဆက်ခံပြီးမှ ပြန်လာသောအခါ ကုန်သွယ်မှုမှ အမြတ်မည်မျှ ရသည်ကို သိရှိရန် ငွေအပ်ခဲ့သော ကျွန် တို့ကို ဆင့်ခေါ်၏။ ၁၆  ပထမကျွန်သည် လာ၍ ‘သခင်၊ ကိုယ်တော်ပေးသော ငွေဖြင့် ဆယ်မိုင်နာ အမြတ်ရပါပြီ’ ဟု လျှောက်လျှင်၊ ၁၇  သခင်က၊ ‘ကောင်းလေစွ၊ ကျွန်ကောင်း။ သင်သည် အလွန်သေးငယ်သော အမှု၌ သစ္စာရှိသူဖြစ်ကြောင်း ပြလေပြီ။ မြို့ဆယ်မြို့ကို အပိုင်စားလော့’ ဟု မိန့်တော်မူ၏။ ၁၈  ဒုတိယကျွန်သည် လာ၍ ‘သခင်၊ ကိုယ်တော်ပေးသော ငွေဖြင့် ငါးမိုင်နာ အမြတ်ရပါပြီ’ ဟု လျှောက်လျှင်၊ ၁၉  သခင်က ‘သင်သည်လည်း မြို့ငါးမြို့ကို အပိုင်စားလော့’ ဟု မိန့်တော်မူ၏။ ၂၀  ကျွန်နောက်တစ်ဦးသည် လာ၍ ‘သခင်၊ ကျွန်ုပ်သည် ကိုယ်တော်၏ငွေကို အဝတ်ဖြင့်ထုပ်ထား၍ ဤတွင် ရှိပါသည်။ ၂၁  သခင်သည် ခက်ထန်သောသူဖြစ်၍ ကိုယ်မအပ်နှံသော အရာကို သိမ်းယူတတ်ပြီး ကိုယ် မစိုက်မကြဲသော အရာကို ရိတ်သိမ်းတတ်သူ ဖြစ်သောကြောင့် ကျွန်ုပ်ကြောက်ပါ၏’ ဟု လျှောက်၏။ ၂၂  သခင်က ‘ဆိုးညစ်သောကျွန်၊ သင်၏ နှုတ်ထွက်စကားအတိုင်း သင်၏ အမှုကို ငါစီရင်မည်။ ငါသည် ခက်ထန်သောသူဖြစ်၍ ကိုယ်မအပ်နှံသောအရာကို သိမ်းယူတတ်ပြီး ကိုယ် မစိုက်မကြဲသော အရာကို ရိတ်သိမ်းတတ်သည် ဟု သင်သိလျှင်၊ ၂၃  ငါ့ငွေကို ဘဏ်တိုက်တွင် အဘယ်ကြောင့် မအပ်နှံသနည်း။ အပ်နှံလျှင် ငါပြန်လာသောအခါ ငွေရင်းနှင့်တကွ အတိုးကိုရဦးမည်’ ဟုမိန့်တော်မူ၏။ ၂၄  “ထို့နောက် အနား၌ရပ်နေသောသူတို့အား ‘ထိုငွေကို သူ့ထံမှယူပြီးလျှင် ဆယ်မိုင်နာရှိသောသူအား ပေးကြ’ ဟု မိန့်တော်မူ၏။ ၂၅  ထိုသူတို့ကလည်း ‘သခင်၊ ထိုသူ၌ ဆယ်မိုင်နာရှိပါပြီ’ ဟုလျှောက်ကြလျှင်၊ ၂၆  ‘ရှိထားသူသည် ပို၍ ပေးအပ်ခံရလိမ့်မည်။ မရှိသောသူထံမှမူကား ရှိသမျှကိုပင် နုတ်ယူလိမ့်မည်ဟု သင်တို့ကို ငါဆို၏။ ၂၇  ထိုမှတစ်ပါး ငါ့ကို မင်းမပြုစေလိုသော ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာ ကွပ်မျက်ကြ’ ဟုမိန့်တော်မူ၏။” ၂၈  ထိုသို့မိန့်တော်မူပြီးလျှင် ဂျေရုဆလင်မြို့သို့ ရှေ့မှတက်ကြွသွားတော်မူ၏။ ၂၉  ကိုယ်တော်သည် သံလွင်တောင်ပေါ်ရှိ ဗက်ဖာဂေရွာနှင့် ဗေသနိရွာအနီးသို့ ရောက်သော် တပည့်တော်နှစ်ပါးကို စေလွှတ်၍၊ ၃၀  “ရှေ့တွင် မြင်နေရသော ရွာသို့ သွားကြလော့။ ထိုရွာသို့ ဝင်သည်နှင့် မည်သူမျှ မစီးဖူးသေးသော မြည်းကလေး ကြိုးချည်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်။ မြည်းကို ကြိုးဖြေ၍ ဆောင်ခဲ့ကြ။ ၃၁  တစ်စုံတစ်ဦးက ‘အဘယ်ကြောင့် မြည်းကြိုးကို ဖြေသနည်း’ ဟု သင်တို့ကိုမေးလျှင် ‘သခင် အလိုရှိသည်’ ဟုဆိုကြလော့” ဟု မိန့်တော်မူ၏။ ၃၂  စေလွှတ်ခံရသူတို့သည် သွားကြသောအခါ မှာ ကြားတော်မူသည့်အတိုင်း တွေ့ကြ၏။ ၃၃  မြည်းကြိုးကိုဖြေစဉ် မြည်းရှင်တို့က “အဘယ်ကြောင့် မြည်းကြိုးကို ဖြေကြသနည်း” ဟု မေးလျှင်၊ ၃၄  သူတို့ကလည်း “သခင် အလိုရှိသည်” ဟု ဆိုကြ၏။ ၃၅  သူတို့သည် မြည်းကလေးကို ယေရှုထံဆောင်ခဲ့၍ မိမိတို့၏ ဝတ်လုံများကို မြည်းကလေးပေါ် တင်ပြီးလျှင် ကိုယ်တော်ကို စီးစေကြ၏။ ၃၆  ကိုယ်တော်စီးကြွတော်မူစဉ် လူတို့သည် မိမိတို့အဝတ်ကို လမ်းပေါ်တွင် ခင်းကြ၏။ ၃၇  သံလွင်တောင် အဆင်းလမ်းအနီးသို့ ရောက်သော် တပည့်တော်အပေါင်းတို့သည် မိမိတို့မြင်ခဲ့သမျှ တန်ခိုးပါသော အမှုများကြောင့် ဝမ်းမြောက်လျက် ဘုရားသခင်ကို အသံကျယ်စွာ ချီးမွမ်း၍၊ ၃၈  “ယေဟောဝါဘုရား၏ နာမတော်ဖြင့် ကြွလာသော ရှင်ဘုရင်သည် ကောင်းချီးခံစားရပါစေ။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းရှိပါစေ။ ကောင်းကင်အရပ်တွင် ဘုန်းကြီးပါစေ” ဟုဆိုကြ၏။ ၃၉  သို့သော် လူအုပ်၌ပါသော ဖာရိရှဲအချို့က “ဆရာ၊ သင်၏တပည့်တို့ကို ဆုံးမပါ” ဟုလျှောက်ကြသော်၊ ၄၀  ကိုယ်တော်ကလည်း “သင်တို့အား ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲများသည် ကြွေးကြော်ကြလိမ့်မည်” ဟုမိန့်တော်မူ၏။ ၄၁  ကိုယ်တော်သည် မြို့အနီးသို့ရောက်သော် ထိုမြို့ ကိုမြင်လျှင် ငိုကြွေးတော်မူ၍၊ ၄၂  “အချင်းမြို့၊ ငြိမ်သက်ခြင်းရစေမည့် နည်းလမ်းကို ယနေ့ပင် သင့်အား သိစေလိုလှ၏။ သို့သော် ယခုမူ သင်၏ မျက်ကွယ်တွင် ဝှက်ထားလျက်ရှိ၏။ ၄၃  သင်၏ ရန်သူတို့သည် သင့်ပတ်လည်တွင် တုတ်ချွန်ခံတပ်ကို တည်ဆောက်၍ လေးဖက်လေးတန်မှ ဝိုင်းရံလျက် နှိပ်စက်မည့်ကာလ ကျရောက်လာလိမ့်မည်။ ၄၄  သင်နှင့် သင်၏သားသမီးတို့ကို မြေနှင့်တစ်ညီတည်း ညှိလိမ့်မည်။ ကျောက်တစ်ခု ပေါ်မှာ တစ်ခုမျှ ထပ်၍ ကျန်ရစ်စေမည် မဟုတ်။ အကြောင်းမူကား ကြည့်ရှု စစ်ဆေးတော်မူရာ အချိန်ကို သင်သည် အသိအမှတ်မပြုသောကြောင့်ဖြစ်၏။” ၄၅  ကိုယ်တော်သည် ဗိမာန်တော်သို့ ဝင်ပြီးလျှင် ရောင်းဝယ်နေသူတို့ကို နှင်ထုတ်လျက်၊ ၄၆  “‘ငါ့အိမ်သည် ဆုတောင်းရာအိမ်ဖြစ်လိမ့်မည်’ ဟု ကျမ်းစာ၌ ရေးထားသည်။ သို့သော် သင်တို့သည် ထိုအိမ်ကို ဓားပြခိုအောင်းရာ ဖြစ်စေကြပြီ” ဟု မိန့်တော်မူ၏။ ၄၇  ထို့ပြင် ကိုယ်တော်သည် ဗိမာန်တော်၌ နေ့စဉ် သွန်သင်တော်မူ၏။ ယဇ်ပုရောဟိတ်ကြီး၊ ကျမ်းတတ်၊ လူတို့တွင် အကြီးအကဲဖြစ်သူတို့သည် ကိုယ်တော်ကိုသတ်ရန် ရှာကြံကြသော်လည်း၊ ၄၈  လူအပေါင်းတို့သည် တရားစကားကို ကြားနာရန် ကိုယ်တော်အား ဝိုင်းရံလျက်နေသောကြောင့် အခွင့်ကောင်းကို ရှာ၍ မတွေ့ကြ။

အောက်ခြေမှတ်ချက်များ

ဒ င်္ဂါးပြားမဟုတ်။ နောက်ဆက်တွဲ ၁၁ ရှု။