လုကာ ၁၇:၁-၃၇

၁၇  ထိုအခါ ကိုယ်တော်က တပည့်တော်တို့အား “တိုက်မိ၍ လဲစရာအကြောင်းများကို ရှောင်လွှဲ၍မရ။ သို့သော် တိုက်မိ၍ လဲစရာဖြစ်စေသူသည် အမင်္ဂလာရှိ၏။ ၂  ဤသူငယ် တစ်စုံတစ်ဦးကို တိုက်မိ၍ လဲစေသည်ထက် လည်ပင်းတွင် ကြိတ်ဆုံကျောက်ကိုဆွဲ၍ ပင်လယ်၌ ချခြင်းကို ခံရလျှင် သာ၍ကောင်း၏။ ၃  ကိုယ့်ကိုယ်ကိုယ် သတိပြုကြလော့။ သင်၏ ညီအစ်ကိုသည် အပြစ်ပြုမိလျှင် သူ့ကိုဆုံးမလော့။ နောင်တရလျှင် သူ့ကိုခွင့်လွှတ်လော့။ ၄  တစ်နေ့ချင်းတွင် ခုနစ်ကြိမ်တိုင်အောင် သင့်ကိုပြစ်မှား၍ ခုနစ်ကြိမ်တိုင် သင့်ထံလာ၍ ‘နောင်တရပါ၏’ ဟုဆိုလျှင်ပင် သူ့ကို ခွင့်လွှတ်ရမည်” ဟု မိန့်တော်မူ၏။ ၅  တမန်တော်တို့က “ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ” ဟုသခင်အား တောင်းလျှောက်ကြသော်၊ ၆  ကိုယ်တော်က “သင်တို့၌ မုန်ညင်းစေ့မျှလောက်သော ယုံကြည်ခြင်းသာရှိလျှင် ဤပိုးစာပင်ကို ‘အမြစ်မှကျွတ်၍ ပင်လယ်၌ စိုက်လော့’ ဟုဆိုလျှင် သင်တို့စကားကို နာခံလိမ့်မည်။ ၇  “ကျွန်သည် လယ်ထွန်ရာမှဖြစ်စေ၊ သိုးကျောင်းရာမှဖြစ်စေ လယ်တောမှပြန်လာသောအခါ ထိုကျွန်အား ‘ချက်ချင်းလာ၍ စားပွဲ၌ လျောင်းလော့’ ဟူ၍ သင်တို့တွင် မည်သူပြောမည်နည်း။ ၈  ထိုကျွန်အား ‘ငါစားဖို့ညစာ ပြင်ဆင်လော့။ ငါစားသောက်ပြီးသည့်အထိ ခါးကိုစည်း၍ လုပ်ကျွေးလော့။ ပြီးမှ စားသောက်လော့’ ဟုဆိုမည်မဟုတ်လော။ ၉  သခင်စေခိုင်းသည့်အတိုင်း ပြုသောကြောင့် ကျွန်ကို ကျေးဇူးတင်လိမ့်မည်လော။ ၁၀  ထိုနည်းတူ သင်တို့သည်လည်း စေခိုင်းသမျှကို ဆောင်ရွက်ပြီးသောအခါ ‘ငါတို့သည် အသုံးမကျသောကျွန်များ ဖြစ်ကြ၏။ ဆောင်ရွက်သင့်ရာများကိုသာ ငါတို့ ဆောင်ရွက်ခဲ့ကြ၏’ ဟုဆိုကြလော့” ဟူ၍မိန့်တော်မူ၏။ ၁၁  ဂျေရုဆလင်မြို့သို့ ကိုယ်တော်ကြွတော်မူစဉ် ရှမာရိပြည်နှင့် ဂါလိလဲပြည်တို့ကို ဖြတ်လျှောက်သွားတော်မူ၏။ ၁၂  ရွာတစ်ရွာသို့ ဝင်တော်မူလျှင် နူနာစွဲသူဆယ်ဦးသည် ကိုယ်တော်ကိုမြင်သောအခါ အဝေး၌ ရပ်လျက်နေကြ၏။ ၁၃  ထို့နောက် သူတို့က “ဆရာယေရှု၊ ကျွန်ုပ်တို့ကို သနားတော်မူပါ” ဟု ဟစ်အော်ကြ၏။ ၁၄  သူတို့ကိုမြင်တော်မူလျှင် “ယဇ်ပုရောဟိတ်တို့ထံ သွား၍ ကိုယ်ကိုပြကြလော့” ဟု မိန့်တော်မူ၏။ ထိုသူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ရောက်ကြ၏။ ၁၅  ထိုသူတို့အနက် တစ်ဦးသည် အနာရောဂါပျောက်ကင်းသည်ကို သိမြင်လျှင် ပြန်လာ၍ ဘုရားသခင်၏ဘုန်းတော်ကို ကျယ်သောအသံနှင့် ချီးမွမ်းလေ၏။ ၁၆  ထို့နောက် ခြေတော်ရင်း၌ ပျပ်ဝပ်၍ ကျေးဇူးတင်စကားပြောလေ၏။ ထိုသူသည် ရှမာရိလူဖြစ်၏။ ၁၇  ယေရှုက “ဆယ်ဦးတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည် မဟုတ်လော။ ကိုးဦးတို့သည် အဘယ်မှာနည်း။ ၁၈  ဤလူမျိုးခြားမှတစ်ပါး ဘုရားသခင့်ဘုန်းတော်ကိုချီးမွမ်းရန် ပြန်လာသူတစ်ဦးမျှ မရှိသလော” ဟု မိန့်တော်မူ၏။ ၁၉  ထို့နောက် ထိုသူအား “သင်ထ၍ သွားလော့။ သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ” ဟုမိန့်တော်မူ၏။ ၂၀  ဘုရားသခင်၏နိုင်ငံတော်သည် အဘယ်အချိန်တွင် လာမည်နည်းဟု ဖာရိရှဲတို့ မေးကြလျှင် ယေရှုက “ဘုရားသခင်၏နိုင်ငံတော်သည် ထင်ရှားမြင်သာသော နည်းဖြင့် လာမည်မဟုတ်။ ၂၁  လူတို့သည် ‘ဤအရပ်၌ ကြည့်ပါ၊ ထိုအရပ်၌ ကြည့်ပါ’ ဟူ၍ ဆိုကြလိမ့်မည် မဟုတ်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ အလယ်၌ရှိ၏” ဟု မိန့်တော်မူ၏။ ၂၂  ထိုအခါ တပည့်တော်တို့အား ကိုယ်တော်က “သင်တို့သည် လူသား၏ နေ့တစ်နေ့ကို တွေ့မြင်လိုသော အချိန်ကာလရောက်လိမ့်မည်။ သို့သော် သင်တို့ တွေ့မြင်ရမည် မဟုတ်။ ၂၃  လူတို့က ‘ဤအရပ်၌ ကြည့်ပါ၊ ထိုအရပ်၌ ကြည့်ပါ’ ဟုသင်တို့အား ပြောဆိုလျှင် မလိုက်မသွားကြနှင့်။ ၂၄  အကြောင်းမူကား လျှပ်စီးပြက်လျှင် ကောင်းကင်တစ်ဖက်မှ တစ်ဖက်တိုင်အောင် လင်းလက်သကဲ့သို့ လူသားပေါ်ထွန်းချိန်၌ ဖြစ်လိမ့်မည်။ ၂၅  သူသည် ဆင်းရဲဒုက္ခများစွာ ခံရ၍ ဤလူမျိုးဆက်၏ ငြင်းပယ်ခြင်းကိုလည်း ခံရဦးမည်။ ၂၆  ထို့ပြင် နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ ၂၇  နောဧသည် သင်္ဘောထဲသို့ဝင်၍ လူခပ်သိမ်းကို သုတ်သင်ပယ်ရှင်းသော ရေလွှမ်းမိုးဘေး ရောက်သည့်နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားပေးစားလျက် နေကြ၏။ ၂၈  လောတ လက်ထက်၌လည်း လူများတို့သည် စားသောက် ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေကြ၏။ ၂၉  သို့သော် လောတသည် သောဒုံမြို့မှ ထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့် မီးမိုးရွာ၍ ထိုသူအပေါင်းတို့ ပျက်စီးလေ၏။ ၃၀  ထိုနည်းတူ လူသားပေါ်ထွန်းချိန်၌ ဖြစ်လိမ့်မည်။ ၃၁  “ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲက ပစ္စည်းများကိုယူရန် မဆင်းလာစေနှင့်။ ထိုနည်းတူ လယ်၌ ရှိသောသူသည်လည်း နောက်သို့ လှည့်၍ မပြန်စေနှင့်။ ၃၂  လောတ၏ ဇနီးကို သတိရကြလော့။ ၃၃  မိမိအသက်*ကို ကယ်ရန် ရှာကြံသောသူသည် အသက်ရှုံးလိမ့်မည်။ မိမိအသက်ကို အရှုံးခံသော သူမူကား မိမိအသက်ကိုကယ်လိမ့်မည်။ ၃၄  ငါဆိုသည်ကား၊ ထိုညတွင် အိပ်ရာတစ်ခု၌ရှိသော အမျိုးသားနှစ်ဦးအနက် တစ်ဦးကို သိမ်းယူ၍ တစ်ဦးကိုမူ ထားရစ်လိမ့်မည်။ ၃၅  ကြိတ်ဆုံကြိတ်နေသော အမျိုးသမီး နှစ်ဦးအနက် တစ်ဦးကို သိမ်းယူ၍ တစ်ဦးကိုမူ ထားရစ်လိမ့်မည်” ဟု မိန့်တော်မူ၏။ ၃၆  — ၃၇  ထို့ကြောင့် သူတို့က “သခင်၊ မည်သည့်အရပ်၌ ထိုသို့ဖြစ်ပါမည်နည်း” ဟု မေးလျှောက်ကြသော် ကိုယ်တော်က “အသေကောင်ရှိရာ အရပ်၌ လင်းယုန်ငှက်များသည် စုရုံးကြလိမ့်မည်” ဟုမိန့်တော်မူ၏။

အောက်ခြေမှတ်ချက်များ

ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။