လုကာ ၁၅:၁-၃၂

၁၅  အခွန်ခံနှင့် အပြစ်သားအပေါင်းတို့သည် ကိုယ်တော်၏ တရားစကားတော်ကို နားထောင်ရန် အထံတော်သို့ ချဉ်းကပ်ကြ၏။ ၂  ထို့ကြောင့် ဖာရိရှဲနှင့် ကျမ်းတတ်တို့က “ဤသူသည် အပြစ်သားတို့ကို လက်ခံ၍ သူတို့နှင့်အတူ စားသောက်ပါသည်တကား” ဟု ညည်းညူကြ၏။ ၃  ထိုအခါ ဥပမာစကားဖြင့် ဤသို့မိန့်တော်မူ၏။ ၄  “သင်တို့တွင် တစ်စုံတစ်ဦး၌ သိုးတစ်ရာရှိ၍ တစ်ကောင်ပျောက်သွားလျှင် ကိုးဆယ့်ကိုးကောင်ကို တောတွင် ထားခဲ့ပြီးမှ ပျောက်သောသိုးတစ်ကောင်ကို မတွေ့မချင်း လိုက်ရှာမည် မဟုတ်လော။ ၅  တွေ့လျှင် ဝမ်းမြောက်သောစိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်းလေ၏။ ၆  အိမ်သို့ရောက်သော် မိတ်ဆွေများ၊ အိမ်နီးချင်းများကိုခေါ်၍ ‘ပျောက်သောသိုးကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့’ ဟုဆို၏။ ၇  ထိုနည်းတူ နောင်တရစရာ မလိုသော ဖြောင့်မတ်သူ ကိုးဆယ့်ကိုးဦးအတွက်ထက် နောင်တရသော အပြစ်သားတစ်ဦးအတွက် ကောင်းကင်ဘုံ၌ သာ၍ဝမ်းမြောက်ခြင်း ရှိလိမ့်မည်ဟု ငါဆို၏။ ၈  “တစ်နည်းကား၊ အမျိုးသမီးတစ်ဦးတွင် ဒရက်ခ်မာ*ဆယ်ပြားရှိ၍ တစ်ပြားပျောက်လျှင် ဆီမီးထွန်း၍ အိမ်ကိုလှည်းကျင်းလျက် မတွေ့မချင်း စေ့စေ့ရှာဖွေမည် မဟုတ်လော။ ၉  တွေ့လျှင် မိတ်ဆွေများ၊ အိမ်နီးချင်းများကိုခေါ်၍ ‘ပျောက်သော ဒရက်ခ်မာကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့’ ဟုဆို၏။ ၁၀  ထိုနည်းတူ နောင်တရသော အပြစ်သားတစ်ဦးအတွက် ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် ဝမ်းမြောက်ကြသည်ဟု ငါဆို၏။” ၁၁  ထို့နောက် ဤသို့မိန့်တော်မူ၏။ “လူတစ်ဦး၌ သားနှစ်ယောက်ရှိ၏။ ၁၂  သားငယ်သည် အဖထံသို့သွားပြီးလျှင် ‘အဖ၊ ကျွန်ုပ်ရထိုက်သော အမွေဥစ္စာကို ခွဲဝေပေးပါ’ ဟုဆိုသော် အဖသည် သူ၏ဥစ္စာကို ခွဲဝေပေးလေ၏။ ၁၃  ထို့နောက် ရက်အနည်းငယ်ကြာသော် သားငယ်သည် မိမိဥစ္စာရှိသမျှကို သိမ်းယူ၍ ဝေးသောပြည်သို့ သွားပြီးလျှင် ထိုပြည်မှာ အပျော်အပါးလိုက်စားလျက် ဥစ္စာများကို ဖြုန်းတီးပစ်၏။ ၁၄  ရှိသမျှကုန်သောအခါ ထိုပြည်၌ ကြီးစွာသော အစာခေါင်းပါးခြင်း ဖြစ်၍ သူသည် အလွန်ဆင်းရဲခြင်းသို့ ရောက်လေ၏။ ၁၅  ထိုအခါ ပြည်သားတစ်ဦးထံ သွား၍ ခိုကိုးလျှင် ဝက်ကျောင်းရန် လယ်တောသို့စေလွှတ်ခံရ၏။ ၁၆  သူသည် ဝက်များစားသော ပဲတောင့်ကိုပင် စားချင်မတတ်ဖြစ်၏။ မည်သူမျှ သူ့ကို တစ်စုံတစ်ရာ မပေးကြ။ ၁၇  “ထိုအခါ သူသည် အမြင်မှန်ရလာလျှင် ‘ငါ့အဖ၏သူငှားများသည် ဝစွာစားရကြ၏။ ငါမူကား ဤအရပ်တွင် ငတ်ပြတ်လျက် သေရတော့မည်။ ၁၈  ငါထ၍ အဖထံသို့ သွားပြီးလျှင် “အဖ၊ ကျွန်ုပ်သည် ဘုရားသခင်*နှင့် အဖကို ပြစ်မှားပါပြီ။ ၁၉  ယခုမှစ၍ အဖ၏သားဟု ခေါ်ခြင်းကို မခံထိုက်ပါ။ သူငှားတစ်ဦးကဲ့သို့ ကျွန်ုပ်ကို ထားပါ” ဟုငါဆိုမည်။’ ၂၀  ထို့နောက် သူသည် ထ၍ အဖထံသို့ သွားလေ၏။ အဝေး၌ရှိသေးစဉ် အဖသည် သူ့ကိုမြင်သော် သနားသောစိတ်ရှိသဖြင့် ပြေးသွား၍ သားကိုဖက်လျက် နမ်းရှုပ်လေ၏။ ၂၁  သားကလည်း ‘အဖ၊ ကျွန်ုပ်သည် ဘုရားသခင်နှင့် အဖကို ပြစ်မှားပါပြီ။ ယခုမှစ၍ အဖ၏သား ဟုခေါ်ခြင်းကို မခံထိုက်ပါ’ ဟုဆိုလျှင်၊ ၂၂  အဖသည် ကျွန်တို့ကို ‘အကောင်းဆုံးဝတ်လုံကို အမြန်ယူခဲ့၍ သူ့ကိုဝတ်ပေးကြ။ သူ၏လက်၌ လက်စွပ်ကို ဆင်ပေး၍ ဖိနပ်ကိုစီးပေးကြ။ ၂၃  ဆူဖြိုးသော နွားကလေးကို ယူ၍သတ်ကြ။ ငါတို့သည် စားသောက်လျက် ပျော်မွေ့ကြစို့။ ၂၄  အကြောင်းမူကား ငါ့သားသည် သေရာမှ ပြန်ရှင်လာပြီ။ ပျောက်ရာမှ ပြန်တွေ့ပြီ’ ဟုဆိုပြီးလျှင် ထိုသူတို့သည် ပျော်မွေ့ကြ၏။ ၂၅  “ထိုအချိန်တွင် သားကြီးသည် လယ်၌ ရှိနေ၏။ သူပြန်လာ၍ အိမ်အနီးသို့ ရောက်သော် တီးမှုတ်ကခုန်သံကိုကြားလျှင်၊ ၂၆  ငယ်သားတစ်ဦးကိုခေါ်၍ အဘယ်အရာဖြစ်ပျက်နေသနည်းဟု မေး၏။ ၂၇  ငယ်သားက ‘သခင်၏ညီသည် ရောက်လာပါပြီ။ ကျန်းမာလျက် ပြန်ရောက်လာသည်ကို အဖတွေ့သောကြောင့် ဆူဖြိုးသော နွားကလေးကို သတ်ပါပြီ’ ဟုဆို၏။ ၂၈  သားကြီးသည် အမျက်ထွက်၍ မဝင်ဘဲနေ၏။ ထိုအခါ အဖသည် ထွက်လာ၍ သူ့ကိုဖျောင်းဖျလေ၏။ ၂၉  သားကြီးကလည်း ‘ကျွန်ုပ်သည် နှစ်ပေါင်းများစွာ အဖ၏အစေကို ခံပါပြီ။ အဖ၏အမိန့်ကိုလည်း တစ်ခါမျှ မလွန်ဆန်ခဲ့ဖူးပါ။ သို့သော်လည်း သူငယ်ချင်းများနှင့်အတူ ပျော်ပွဲလုပ်ရန် အဖသည် ဆိတ်ကလေးတစ်ကောင်ကိုမျှ ကျွန်ုပ်အား မပေးဖူးပါ။ ၃၀  ပြည့်တန်ဆာတို့နှင့် ပျော်ပါး၍ အဖ၏ဥစ္စာကို ဖြုန်းတီးသော ဤသား ရောက်လာသောအခါ၌မူ အဖသည် ဆူဖြိုးသော နွားကလေးကို ချက်ချင်း သတ်လေပြီ’ ဟုဆို၏။ ၃၁  အဖကလည်း ‘ငါ့သား၊ သင်သည် ငါနှင့်အတူ အစဉ်ရှိ၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။ ၃၂  သင်၏ညီမူကား သေရာမှ ပြန်ရှင်ပြီ။ ပျောက်ရာမှ ပြန်တွေ့ပြီဖြစ်သောကြောင့် ဝမ်းမြောက်စွာ ပျော်ပွဲလုပ်သင့်၏’ ဟုဆိုလေ၏။”

အောက်ခြေမှတ်ချက်များ

နောက်ဆက်တွဲ ၁၁ ရှု။
မူရင်း၊ “ကောင်းကင်။”