လုကာ ၁၄:၁-၃၅

၁၄  တစ်နေ့သော ဥပုသ်နေ့၌ ကိုယ်တော်သည် အစာကိုသုံးဆောင်ရန် ဖာရိရှဲခေါင်းဆောင်တစ်ဦး၏အိမ်သို့ ဝင်တော်မူလျှင် လူတို့သည် ကိုယ်တော်ကို စေ့စေ့စောင့်ကြည့်နေကြ၏။ ၂  ရေဖျင်းစွဲသူတစ်ဦးသည် ရှေ့တော်၌ ရှိ၏။ ၃  ထို့ကြောင့်ယေရှုက “ဥပုသ်နေ့တွင် လူနာကို ကျန်းမာစေသင့်သလော၊ မသင့်သလော” ဟု ပညတ်ကျမ်းကို နှံ့စပ်သူများနှင့် ဖာရိရှဲတို့ကို မေးရာ၊ ၄  သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ထိုအခါ ကိုယ်တော်သည် ထိုသူကိုခေါ်၍ ရောဂါပျောက်ကင်းစေပြီးမှ လွှတ်လိုက်တော်မူ၏။ ၅  ထို့နောက် “သင်တို့တွင် သားဖြစ်စေ၊ နွားဖြစ်စေ ဥပုသ်နေ့၌ တွင်းထဲကျလျှင် ချက်ချင်း မဆွဲမတင်မည့်သူ မည်သူရှိသနည်း” ဟုမေးတော်မူရာ၊ ၆  သူတို့သည် ပြန်၍ မဖြေနိုင်ကြ။ ၇  ထိုအခါ ဖိတ်ခေါ်ခံရသူတို့သည် အထင်ပေါ်ဆုံးနေရာများကို ရွေးထိုင်ကြကြောင်း မြင်တော်မူလျှင် သူတို့အား ပုံဥပမာကို ဤသို့မိန့်တော်မူ၏၊ ၈  “သူတစ်ပါးသည် မင်္ဂလာဧည့်ခံပွဲသို့ သင့်ကိုဖိတ်ခေါ်သောအခါ အထင်ပေါ်ဆုံးနေရာ၌ မလျောင်းနှင့်။ သင့်ထက်အသရေရှိသူကိုလည်း ဖိတ်ခေါ်ထားသည်ရှိသော်၊ ၉  သင်တို့နှစ်ဦးကို ဖိတ်ခေါ်သူက ‘ဤသူအား နေရာဖယ်ပေးပါ’ ဟုလာ၍ ပြောလိမ့်မည်။ ထိုအခါ သင်သည်အရှက်ရလျက် အနိမ့်ဆုံးနေရာတွင် လျောင်းရလိမ့်မည်။ ၁၀  သင်သည် ဖိတ်ခေါ်ခံရသောအခါ သွား၍ အနိမ့်ဆုံးနေရာ၌ လျောင်းလော့။ သင့်ကို ဖိတ်ခေါ်သူလာသော် ‘အဆွေ၊ သာ၍မြင့်သောနေရာသို့ ကြွပါ’ ဟုဆိုလိမ့်မည်။ ထိုအခါ သင်သည် ဧည့်သည်အားလုံးရှေ့တွင် ဂုဏ်အသရေ ရှိလိမ့်မည်။ ၁၁  အကြောင်းမူကား ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်သူတိုင်း နှိမ့်ချခံရလိမ့်မည်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသူသည် ချီးမြှောက်ခံရလိမ့်မည်။” ၁၂  ကိုယ်တော်ကို ခေါ်ပင့်သူအားလည်း ဤသို့မိန့်တော်မူ၏၊ “သင်သည် နေ့လယ်စာဖြစ်စေ၊ ညစာဖြစ်စေ တည်ခင်းသောအခါ မိတ်ဆွေများ၊ ညီအစ်ကိုများ၊ ဆွေမျိုးများ၊ ချမ်းသာသော အိမ်နီးချင်းများကို မဖိတ်ခေါ်နှင့်။ ထိုသို့ဖိတ်ခေါ်လျှင် သူတို့သည် သင့်ကို ပြန်ဖိတ်ခေါ်၍ ကျေးဇူးဆပ်ကောင်း ဆပ်ကြလိမ့်မည်။ ၁၃  သင်သည် ပွဲခံလျှင်ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သူ၊ ခြေဆွံ့သူ၊ မျက်မမြင်သူတို့ကို ဖိတ်ခေါ်လော့။ ၁၄  ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည်ဖြစ်၍ သင်သည် ပျော်ရွှင်လိမ့်မည်။ အကြောင်းမူကား ဖြောင့်မတ်သောသူတို့ ထမြောက်ရာကာလ၌ သင်သည် ကျေးဇူးဆပ်ခြင်းကို ခံရလိမ့်မည်။” ၁၅  ကိုယ်တော်နှင့်အတူ စားပွဲ၌လျောင်းသောသူ တစ်ဦးသည် ထိုစကားကိုကြားလျှင် “ဘုရားသခင်၏နိုင်ငံတော်တွင် စားပွဲ၌ သုံးဆောင်ရမည့်သူသည် ပျော်ရွှင်၏” ဟုဆိုလေ၏။ ၁၆  ယေရှုက ဤသို့ပြန်၍ မိန့်တော်မူ၏။ “လူတစ်ဦးသည် ကြီးစွာသော ညစာစားပွဲကို တည်ခင်း၍ လူအများတို့ကို ဖိတ်ခေါ်လေ၏။ ၁၇  ပွဲခံချိန်ရောက်သောအခါ ဖိတ်ခေါ်ထားသူတို့ထံ ကျွန်ကိုစေလွှတ်၍ ‘လာကြပါ၊ ယခုအသင့်ရှိပြီ’ ဟု ပြောကြားစေ၏။ ၁၈  သို့သော် ထိုသူအပေါင်းတို့သည် တညီတညွတ်တည်း တောင်းပန်ကြ၏။ ပထမတစ်ဦးက ‘ကျွန်ုပ်သည် လယ်ကွက်ကို ဝယ်ထားသဖြင့် သွား၍ ကြည့်ရပါမည်။ သို့ဖြစ်၍ ခွင့်ပြုရန် တောင်းပန်ပါသည်’ ဟုဆိုလေ၏။ ၁၉  နောက်တစ်ဦးက ‘ကျွန်ုပ်သည် နွားငါးရှဉ်းကို ဝယ်ထားသဖြင့် သွား၍ အစမ်းခိုင်းကြည့်ရပါမည်။ သို့ဖြစ်၍ ခွင့်ပြုရန် တောင်းပန်ပါသည်’ ဟုဆိုလေ၏။ ၂၀  နောက်တစ်ဦးကလည်း ‘ကျွန်ုပ်သည် လက်ထပ်ပြီးခါစဖြစ်၍ မလာနိုင်ပါ’ ဟုဆိုလေ၏။ ၂၁  သို့ဖြစ်၍ ကျွန်သည် ထိုအခြင်းအရာများကို သခင်အား ပြန်လျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍ ‘မြို့လမ်းမများ၊ လမ်းကြားများသို့ အမြန်သွားလော့။ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သူ၊ မျက်မမြင်သူ၊ ခြေဆွံ့သူတို့ကို ဤနေရာသို့ ခေါ်လာလော့’ ဟု ကျွန်အား ဆို၏။ ၂၂  အတန်ကြာသော် ကျွန်က ‘သခင်၊ မိန့်မှာထားသည့်အတိုင်း ပြုပြီးပါပြီ။ သို့သော်လည်း နေရာလွတ် ရှိပါသေးသည်’ ဟုလျှောက်လေ၏။ ၂၃  ထိုအခါ သခင်မှာကြားသည်မှာ၊ ‘လမ်းမများ၊ လမ်းကြားလမ်းသွယ်များသို့ သွားပြီးလျှင် ငါ့အိမ်ကို လူပြည့်စေရန် မရမက ခေါ်လာလော့။ ၂၄  ယခင်က ငါဖိတ်ခေါ်သူ တစ်ဦးမျှ ငါ၏ ညစာစားပွဲသို့ မဝင်ရဟု သင်တို့အား ငါဆို၏’” ဟု မိန့်တော်မူ၏။ ၂၅  ထိုအခါ လူအုပ်ကြီးသည် ကိုယ်တော်နှင့်အတူ ခရီးလှည့်လည်နေကြရာ သူတို့ကို လှည့်ကြည့်၍ ကိုယ်တော်က၊ ၂၆  “တစ်စုံတစ်ဦးသည် ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ မောင်နှမတို့ကိုလည်းကောင်း၊ ထိုမျှမက မိမိအသက်*ကိုလည်းကောင်း မမုန်းလျှင် ထိုသူသည် ငါ၏တပည့် မဖြစ်နိုင်ရာ။ ၂၇  မည်သူမဆို မိမိ၏ ညှဉ်းဆဲရာသစ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်သောသူသည် ငါ့တပည့် မဖြစ်နိုင်ရာ။ ၂၈  သင်တို့တွင် တစ်ယောက်သောသူသည် မျှော်စင်ကို တည်ဆောက်လိုလျှင် ထိုမျှော်စင်ပြီးအောင် ငွေလောက်မည်၊ မလောက်မည်ကို သိရန် ဦးစွာထိုင်၍ ကုန်ကျစရိတ်ကို မတွက်ချက်ဘဲ နေမည်လော။ ၂၉  သို့မဟုတ်လျှင် အုတ်မြစ်ကိုချ၍ အပြီးမဆောက်နိုင်သဖြင့် တွေ့မြင်သူ အပေါင်းတို့သည် ကဲ့ရဲ့ကြပြီးလျှင်၊ ၃၀  ‘ဤသူသည် အစပြုသော်လည်း အပြီးသတ်အောင် မဆောက်နိုင်’ ဟုဆိုကြလိမ့်မည်။ ၃၁  တစ်နည်းကား ဘုရင်တစ်ပါးသည် အခြားသောဘုရင်နှင့် စစ်ပြိုင်ရန်သွားလျှင် လူနှစ်သောင်းနှင့် ချီလာသောဘုရင်ကို လူတစ်သောင်းနှင့် တိုက်နိုင်မည်၊ မတိုက်နိုင်မည်ကို ဦးစွာထိုင်၍ မတိုင်ပင်ဘဲ နေမည်လော။ ၃၂  မတိုက်နိုင်လျှင် စစ်ချီလာသောဘုရင် အဝေး၌ရှိနေသေးစဉ် သံတမန်တို့ကို စေလွှတ်၍ စစ်ပြေငြိမ်းရန် ကမ်းလှမ်းတတ်သည် မဟုတ်လော။ ၃၃  ထိုနည်းတူ သင်တို့တွင် မည်သူမဆို မိမိ၏ ဥစ္စာရှိသမျှကို မစွန့်ဘဲနေလျှင် ငါ့တပည့် မဖြစ်နိုင်ရာ။ ၃၄  “ဆားသည် ကောင်းပေ၏။ သို့သော် အငန်ဓာတ် ကင်းပျောက်လျှင် မည်သို့ ပြန်၍ ငန်စေမည်နည်း။ ၃၅  ထိုဆားသည် မြေအတွက် မကောင်း၊ မြေသြဇာအတွက်လည်း မကောင်း။ အပြင်သို့ ပစ်လိုက်တတ်ကြ၏။ နားရှိသောသူသည် နားထောင်ပါစေ” ဟုမိန့်တော်မူ၏။

အောက်ခြေမှတ်ချက်များ

ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။