လုကာ ၁၃:၁-၃၅

၁၃  ထိုအခါ လူအချို့တို့သည် ကိုယ်တော်ထံရောက်လာ၍ ပိလတ်မင်းသည် ဂါလိလဲလူအချို့၏အသွေးကို သူတို့ပူဇော်သောယဇ်များနှင့် ရောနှောကြောင်းကို လျှောက်ကြလျှင်၊ ၂  ကိုယ်တော်က “ထိုဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့် အခြားသော ဂါလိလဲလူရှိသမျှထက် သာ၍အပြစ်ရှိသည်ဟု ထင်ကြသလော။ ၃  ထိုသို့မဟုတ် ဟု ငါဆို၏။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ထိုနည်းတူ ဖျက်ဆီးခံရကြလိမ့်မည်။ ၄  ထိုမှတစ်ပါး ရှိလောင်မျှော်စင် ပြိုလဲ၍ ပိသေသောသူ တစ်ဆယ့်ရှစ်ယောက်တို့သည် ဂျေရုဆလင်မြို့၌ နေသောသူရှိသမျှထက် သာ၍အပြစ်ကြွေးရှိသည်ဟု ထင်ကြသလော။ ၅  ထိုသို့ မဟုတ်ဟု ငါဆို၏။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ထိုနည်းတူ ဖျက်ဆီးခံရကြလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူ၏။ ၆  ထို့နောက် ပုံဥပမာကို မိန့်တော်မူသည်ကား၊ “လူတစ်ဦး၏ စပျစ်ခြံ၌ သဖန်းပင်တစ်ပင်ရှိ၏။ ထိုအပင်သို့လာ၍ အသီးကိုရှာသော်လည်း မတွေ့။ ၇  ထိုအခါ ဥယျာဉ်စောင့်အား ‘သုံးနှစ်ပတ်လုံး ဤသဖန်းပင်သို့ ငါလာ၍ အသီးကိုရှာသော်လည်း မတွေ့။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို အကျိုးမဲ့ ဖြစ်စေမည်နည်း’ ဟု ဆိုသော်၊ ၈  ဥယျာဉ်စောင့် ပြန်ပြောသည်မှာ၊ ‘သခင်၊ ယခုနှစ်ရှိပါစေဦး။ ကျွန်ုပ်သည် အပင်နားပတ်လည်ကို တူးဆွ၍ မြေသြဇာဖို့ပါမည်။ ၉  နောင်တွင် အသီးသီးကောင်း သီးပါလိမ့်မည်။ မသီးလျှင် ခုတ်ပစ်ပါလော့။’” ၁၀  ဥပုသ်နေ့၌ ကိုယ်တော်သည် တရားဇရပ်တစ်ခုတွင် သွန်သင် တော်မူစဉ်၊ ၁၁  တစ်ဆယ့်ရှစ်နှစ်ပတ်လုံး အားလျော့စေသော နတ်အပူးခံရသည့် အမျိုးသမီးတစ်ဦးရှိ၏။ ထိုသူသည် ခါးကုန်း၍ ကိုယ်ကိုအလျှင်း မဆန့်နိုင်။ ၁၂  ယေရှုသည် ထိုအမျိုးသမီးကို မြင်တော်မူလျှင် “အချင်းမိန်းမ၊ အားလျော့ခြင်းမှ သင်ကင်းလွတ်ပြီ” ဟု မိန့်တော်မူလျက်၊ ၁၃  သူ့အပေါ်မှာ လက်ကိုတင်တော်မူသဖြင့် သူသည် ချက်ချင်းခါးဖြောင့်၍ ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းလေ၏။ ၁၄  ဥပုသ်နေ့၌ လူနာကို ယေရှု ကျန်းမာစေတော်မူသောကြောင့် တရားဇရပ်မှူးသည် အမျက်ထွက်၍ “အလုပ်လုပ်ရသောနေ့ရက် ခြောက်ရက်ရှိ၏။ ထို့ကြောင့် ဥပုသ်နေ့တွင် မဟုတ်ဘဲ ထိုနေ့ရက်များတွင် လာ၍ ကျန်းမာစေခြင်းကျေးဇူးကို ခံကြလော့” ဟု လူအုပ်အား ဆိုလေ၏။ ၁၅  သို့ရာတွင် သခင်က “အချင်းကြောင်သူတော်တို့၊ သင်တို့ရှိသမျှသည် ဥပုသ်နေ့၌ နွားမြည်းတို့ကို တင်းကုတ်မှလွှတ်၍ ရေတိုက်ရန် ဆောင်သွားတတ်ကြသည် မဟုတ်လော။ ၁၆  တစ်ဆယ့်ရှစ်နှစ်ပတ်လုံး စာတန်၏ အချုပ်အနှောင်ခံရသော အာဗြဟံ၏သမီးဖြစ်သူ ဤမိန်းမကို ဥပုသ်နေ့၌ မလွှတ်အပ်သလော” ပြန်၍ မိန့်တော်မူ၏။ ၁၇  ထိုသို့ မိန့်တော်မူသောအခါ ရန်ဘက်ပြုသူ အပေါင်းတို့သည် အရှက်ကွဲကြ၏။ လူအုပ်သည်လည်း ကိုယ်တော်ပြုတော်မူသော ဘုန်းနှင့် ပြည့်စုံသော အမှုရှိသမျှကြောင့် ဝမ်းမြောက်ကြ၏။ ၁၈  ထို့ကြောင့် ကိုယ်တော်က “ဘုရားသခင်၏နိုင်ငံတော်သည် အဘယ်အရာနှင့် တူသနည်း။ မည်သို့ ပုံခိုင်းရမည်နည်း။ ၁၉  ဘုရားသခင်၏နိုင်ငံတော်သည် မုန်ညင်းစေ့နှင့် တူ၏။ လူတစ်ဦးသည် မုန်ညင်းစေ့ကိုယူ၍ မိမိဥယျာဉ်၌ စိုက်သော်၊ ထိုအစေ့သည် ကြီးထွား၍ အပင်ဖြစ်လာရာ မိုးကောင်းကင်ငှက်တို့သည် အကိုင်းအခက်များတွင် နားနေမှီခိုကြ၏” ဟုဆက်၍မိန့်တော်မူ၏။ ၂၀  တစ်ဖန် ကိုယ်တော်က “ဘုရားသခင်၏နိုင်ငံတော်ကို အဘယ်အရာနှင့် ပုံခိုင်းရမည်နည်း။ ၂၁  ဘုရားသခင်၏နိုင်ငံတော်သည် တဆေးနှင့်တူ၏။ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်တစ်တင်း၌ ထည့်သဖြင့် မုန့်ညက်တစ်ပုံလုံးကို ဖောင်းကြွစေတတ်၏” ဟုမိန့်တော်မူ၏။ ၂၂  ထို့နောက် ကိုယ်တော်သည် တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာလှည့်လည်၍ ဆုံးမသွန်သင်လျက် ဂျေရုဆလင်မြို့သို့ ခရီးဆက်တော်မူစဉ်၊ ၂၃  လူတစ်ဦးက “သခင်၊ ကယ်တင်ခံရမည့်သူ နည်းသလော” ဟု မေးလျှောက်လျှင်၊ ကိုယ်တော်က၊ ၂၄  “ကျဉ်းသောတံခါးမှ ဝင်ရန် ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား လူအများသည် ဝင်ရန်ကြိုးစားသော်လည်း မဝင်နိုင်ကြဟု ငါဆို၏။ ၂၅  အိမ်ရှင်သည် ထ၍ တံခါးပိတ်ပြီးမှ သင်တို့သည် အပြင်၌ရပ်၍ တံခါးကိုခေါက်လျက် ‘သခင်၊ ကျွန်ုပ်တို့အား တံခါးဖွင့်ပေးပါ’ ဟုလျှောက်ကြသော်လည်း၊ သခင်က ‘သင်တို့ အဘယ်မှလာသည်ကို ငါမသိ’ ဟု ပြန်ပြောလိမ့်မည်။ ၂၆  သင်တို့ကလည်း ‘ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ စားပွဲ၌ လျောင်းခဲ့ဖူး၍ လမ်းမများ၌ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သွန်သင်ပေးဖူးပါသည်’ ဟု လျှောက်ကြလိမ့်မည်။ ၂၇  သခင်က၊ ‘သင်တို့ အဘယ်မှလာသည်ကို ငါမသိ။ မတရားသောအမှုကို ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ထွက်သွားကြ’ ဟုသင်တို့အား ပြောလိမ့်မည်။ ၂၈  အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်အတူ ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏နိုင်ငံတော်တွင် ရောက်ရှိသည်ကို မြင်လျက်၊ သင်တို့မူကား အပြင်သို့ နှင်ထုတ်ခြင်းကို ခံရသည့်အခါ ငိုကြွေး၍ အံကြိတ်ခံပြင်းနေကြလိမ့်မည်။ ၂၉  ထိုအခါ လူတို့သည် အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာမှလာ၍ ဘုရားသခင်၏နိုင်ငံတော်တွင် စားပွဲ၌ လျောင်းကြလိမ့်မည်။ ၃၀  နောက်ကျသောသူတို့သည် အလျင်ကျကြလိမ့်မည်။ အလျင်ကျသောသူတို့သည် နောက်ကျကြလိမ့်မည်” ဟုမိန့်တော်မူ၏။ ၃၁  ထိုအချိန်နာရီတွင်ပင် ဖာရိရှဲအချို့သည် အထံတော်သို့လာ၍ “ဤအရပ်မှ ထွက်သွားပါ။ သင့်အားဟေရုဒ်မင်း သတ်လိုသည်” ဟုဆိုကြလျှင်၊ ၃၂  ကိုယ်တော်က“သင်တို့သွား၍ ထိုမြေခွေးအား ပြောကြလော့။ ‘ယနေ့နှင့် နက်ဖြန်နေ့၌ နတ်ဆိုးတို့ကို ငါနှင်ထုတ်၍ အနာရောဂါကို ငြိမ်းစေမည်။ သုံးရက်မြောက်သောနေ့၌ ပြီးဆုံးလိမ့်မည်။’ ၃၃  သို့သော်လည်း ယနေ့၊ နက်ဖြန်နေ့၊ သန်ဘက်နေ့၌ ငါသွားရမည်။ အကြောင်းမူကား ပရောဖက်မည်သည် ဂျေရုဆလင်မြို့ပြင်ပတွင် အသတ်ခံရန်မသင့်။ ၃၄  အိုဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကို သတ်သည့်မြို့၊ သင့်ထံစေလွှတ်သောသူတို့ကို ခဲနှင့်ပေါက်သည့်မြို့၊ ကြက်မသည် မိမိသားငယ်များကို အတောင်အောက်၌ စုရုံးသည့်နည်းတူ သင်၏သားသမီးများကို စုသိမ်းရန် ကြိမ်ဖန်များစွာ ငါအလိုရှိ၏။ သင်တို့မူကား အလိုမရှိကြ။ ၃၅  ဤဗိမာန်တော်*သည် စွန့်ပစ်ခံရလေပြီ။ ‘ယေဟောဝါဘုရား၏နာမတော်ဖြင့် ကြွလာသောသူသည် ကောင်းချီးခံစားရပါစေ’ ဟုသင်တို့မပြောမီတိုင်အောင် ငါ့ကို အလျှင်းမမြင်ကြရ” ဟုမိန့်တော်မူ၏။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “သင်တို့၏အိမ်တော်။”