လုကာ ၁၂:၁-၅၉

၁၂  ထိုအခါ တစ်ဦးကိုတစ်ဦး နင်းမိသည့်အထိ လူထောင်ပေါင်းများစွာ စုရုံးလာကြသော် တပည့်တော်များအား ဦးစွာမိန့်တော်မူသည်ကား၊ “အရေခြုံမှုတည်းဟူသော ဖာရိရှဲတို့၏ တဆေးကို သတိပြုကြလော့။ ၂  ဖုံးကွယ်ထားသမျှသည် ပေါ်လာရလိမ့်မည်။ လျှို့ဝှက်ထားသမျှကိုလည်း သိလာရလိမ့်မည်။ ၃  အမှောင်တွင် သင်တို့ပြောသောစကားကို အလင်းတွင် ကြားရကြလိမ့်မည်။ အခန်းများတွင် တီးတိုးပြောသောစကားကို အိမ်မိုးပေါ်မှ ပြောကြားကြလိမ့်မည်။ ၄  ငါ၏အဆွေတို့၊ သင်တို့အား ငါဆိုသည်ကား၊ ခန္ဓာကိုယ်ကိုသတ်၍ နောက်ထပ် အဘယ်အရာမျှ မပြုနိုင်သော သူတို့ကိုမကြောက်ကြနှင့်။ ၅  မည်သူ့အား ကြောက်ရမည်ကို ငါဖော်ပြမည်၊ ခန္ဓာကိုယ်ကို သတ်ပြီးနောက် ဂေဟင်နာ*သို့ ချပိုင်သောအရှင်ကို ကြောက်ကြလော့။ ငါဆိုသည်ကား ထိုအရှင်ကိုသာ ကြောက်ကြလော့။ ၆  စာငှက်ငါးကောင်ကို ဒ င်္ဂါးငယ်နှစ်ပြား*နှင့် ရောင်းရသည် မဟုတ်လော။ သို့တိုင် ထိုစာငှက်တစ်ကောင်ကိုမျှ ဘုရားသခင် မေ့လျော့တော်မမူ။ ၇  သင်တို့၏ဆံပင်များကိုပင် အကုန်အစင် ရေတွက်လျက်ရှိ၏။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။ ၈  “ငါဆိုသည်ကား၊ လူတို့ရှေ့မှာ ငါ့ကို အသိအမှတ်ပြုသူတိုင်းကို ဘုရားသခင်၏ ကောင်းကင်တမန်များရှေ့တွင် လူသားသည် အသိအမှတ်ပြုမည်။ ၉  လူတို့ရှေ့မှာ ငါ့ကို ငြင်းပယ်သောသူသည် ဘုရားသခင်၏ ကောင်းကင်တမန်များ ရှေ့တွင် ငြင်းပယ်ခြင်းကို ခံရလိမ့်မည်။ ၁၀  လူသားကို နှုတ်ဖြင့် ပြစ်မှားသောသူတိုင်း ခွင့်လွှတ်ခံရလိမ့်မည်။ ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော်ကို စော်ကားသောသူမူကား ခွင့်လွှတ်ခံရမည်မဟုတ်။ ၁၁  သင်တို့ကို လူစုဝေးရာအရပ်များ၊ အစိုးရအရာရှိများ၊ အာဏာပိုင်များရှေ့သို့ ပို့ဆောင်ကြသောအခါ မည်သို့ ခုခံပြောဆိုရမည်၊ အဘယ်အရာ ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ၁၂  အကြောင်းမူကား ထိုအချိန်နာရီတွင်ပင် ပြောရမည့်စကားကို သန့်ရှင်းသောစွမ်းအားတော်သည် သွန်သင်တော်မူမည်။” ၁၃  ထိုအခါ လူအုပ်ထဲမှတစ်ဦးက “ဆရာ၊ ကျွန်ုပ်ကို အမွေခွဲဝေပေးရန် ကျွန်ုပ်၏အစ်ကိုအား အမိန့်ရှိတော်မူပါ” ဟုလျှောက်သော်၊ ၁၄  ကိုယ်တော်က “အချင်းလူ၊ သင်တို့၏ တရားသူကြီးအဖြစ်၊ အမွေခွဲဝေသူအဖြစ် ငါ့ကို မည်သူခန့်အပ်သနည်း” ဟုမိန့်တော်မူပြီးနောက်၊ ၁၅  ကိုယ်တော်က “သင်တို့သည် ခပ်သိမ်းသော တပ်မက်မှုကို သတိထားလျက် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်” ဟု မိန့်တော်မူ၏။ ၁၆  ထို့နောက် ကိုယ်တော်သည် ပုံဥပမာစကားကို မိန့်တော်မူသည်ကား၊ “သူဌေးတစ်ဦး၏ မြေသည် သီးနှံအထွက်တိုးကောင်း၏။ ၁၇  ထိုအခါ ‘ငါ၏အသီးအနှံများကို သိုထားစရာနေရာ မရှိတော့။ မည်သို့ ပြုရပါမည်နည်း’ ဟု ဆင်ခြင်ပြီးမှ၊ ၁၈  ‘ငါ ဤသို့ပြုမည်၊ ငါ့စပါးကျီများကို ဖျက်ပြီးလျှင် သာ၍ကြီးသော ကျီများကို ဆောက်ပြီးမှ ငါ၏အသီးအနှံရှိသမျှ၊ ဥစ္စာရှိသမျှကို သိုထားမည်။ ၁၉  ထို့နောက် “ငါ*သည် နှစ်ပေါင်းများစွာအတွက် ဥစ္စာအများကို သိုထားလျက်ရှိပြီ။ စိတ်ချမ်းသာစွာ နေလော့။ စားသောက်ပြီး ပျော်မွေ့လော့” ဟု ငါ့ကိုငါ ပြောမည်။’ ၂၀  သို့ရာတွင် ဘုရားသခင်က ‘အချင်းလူမိုက်၊ ယနေ့ညပင် သင်၏အသက်*ကို ရုပ်သိမ်းလိမ့်မည်။ သို့ဖြစ်၍ သင်သိုထားသော အရာများကို မည်သူပိုင်မည်နည်း’ ဟုသူဌေးအား မိန့်တော်မူ၏။ ၂၁  ထို့အတူ ကိုယ့်အတွက် ဘဏ္ဍာကို စုဆောင်းထားသော်လည်း ဘုရားသခင့်ရှေ့တော်တွင် မကြွယ်ဝသောသူသည် ထိုသူဌေးနှင့်တူ၏။” ၂၂  တစ်ဖန် တပည့်တော်တို့အား ဤသို့မိန့်တော်မူ၏။ “ထို့ကြောင့် သင်တို့သည် အဘယ်သို့ စားရမည်ဟု သင်တို့၏အသက်*အတွက် မစိုးရိမ်ကြနှင့်တော့။ အဘယ်သို့ ဝတ်ရမည်ဟူ၍ သင်တို့၏ခန္ဓာကိုယ်အတွက် မစိုးရိမ်ကြနှင့်တော့။ ၂၃  အကြောင်းမူကား အသက်*သည် အစာထက်မြတ်၏။ ခန္ဓာကိုယ်သည်လည်း အဝတ်ထက်မြတ်၏။ ၂၄  ကျီးအတို့ကို စေ့စေ့ဆင်ခြင်ကြလော့။ ထိုငှက်များသည် မျိုးစေ့ကြဲခြင်း၊ ရိတ်သိမ်းခြင်းတို့ကို မပြုကြ။ ကျီမရှိ၊ သိုလှောင်ခန်းလည်း မရှိ။ သို့သော်လည်း ဘုရားသခင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်များထက် သာ၍ပင် မြတ်ကြသည် မဟုတ်လော။ ၂၅  သင်တို့တွင် မည်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိ၏သက်တမ်းကို တစ်တောင်မျှ တိုး၍ရှည်စေနိုင်သနည်း။ ၂၆  ထို့ကြောင့်၊ အငယ်ဆုံးသောအမှုကိုမျှ မတတ်နိုင်လျှင် ကြွင်းသောအမှုများအတွက် အဘယ်ကြောင့် စိုးရိမ်နေကြသနည်း။ ၂၇  တောနှင်းပင်တို့ ကြီးထွားလာပုံကို စေ့စေ့ဆင်ခြင်ကြလော့။ ထိုအပင်တို့သည် အပင်ပန်း မခံကြ။ ချည်လည်း မငင်ကြ။ သို့သော်လည်း ငါဆိုသည်ကား ခန့်ညားထည်ဝါစွာ ဆင်ယင်ထားသည့် ရှောလမုန်ပင်လျှင် ထိုအပင်တစ်ပင်လောက် လှပအောင် မဆင်မြန်းနိုင်ချေ။ ၂၈  ယုံကြည်ခြင်း အားနည်းသောသူတို့၊ ယနေ့ရှိလျက် နက်ဖြန် မီးဖိုထဲ ပစ်လိုက်ရသည့် တောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့ဆင်ယင်တော်မူလျှင် သင်တို့ကို သာ၍ပင် ဆင်ယင်ပေးတော်မူလိမ့်မည်။ ၂၉  ထို့ကြောင့် အဘယ်သို့ စားရမည်နည်း။ အဘယ်သို့ သောက်ရမည်နည်းဟူ၍ စိုးရိမ်ခြင်း မရှိကြနှင့်တော့။ စိုးရိမ်ကြောင့်ကြခြင်း မရှိကြနှင့်တော့။ ၃၀  ထိုအရာများကို လောကသားလူမျိုးခြားတို့သည် ကြိုးစား၍ ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့လိုအပ်ကြောင်း သင်တို့၏အဖ သိတော်မူ၏။ ၃၁  သို့ဖြစ်၍ ကိုယ်တော်၏နိုင်ငံတော်ကို ရှာလျက်နေကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလိမ့်မည်။ ၃၂  “သိုးစုငယ်၊ မကြောက်ကြနှင့်။ အကြောင်းမူကား သင်တို့၏အဖသည် သင်တို့အား နိုင်ငံတော်ကိုပေးရန် အလိုရှိတော်မူ၏။ ၃၃  သင်တို့၏ ဥစ္စာများကိုရောင်း၍ ပေးကမ်းစွန့်ကြဲကြလော့။ မဟောင်းနွမ်းတတ်သော ငွေအိတ်များကို ကိုယ့်အတွက်လုပ်ကြလော့။ သူခိုးမရောက်၊ ပိုးရွတို့ မဖျက်ဆီးရာ ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သော ဘဏ္ဍာကို စုဆောင်းကြလော့။ ၃၄  အကြောင်းမူကား သင်တို့၏ ဘဏ္ဍာရှိရာအရပ်တွင် သင်တို့၏ စိတ်နှလုံးလည်း ရောက်တတ်၏။ ၃၅  “သင်တို့သည် ခါးပန်းစည်းလျက်၊ မီးခွက်ထွန်းလျက်နေကြလော့။ ၃၆  သခင်သည် မင်္ဂလာဆောင်ပွဲမှ ပြန်လာ၍ တံခါးကိုခေါက်လျှင် ချက်ချင်းဖွင့်ပေးရန် သခင်ကို စောင့်မျှော်သောသူတို့ကဲ့သို့ ရှိနေကြလော့။ ၃၇  စောင့်လျက်နေသည်ကို သခင်သည် ပြန်လာ၍တွေ့လျှင် ထိုကျွန်သည် ပျော်ရွှင်၏။ ငါအမှန်ဆိုသည်ကား သူတို့ကို စားပွဲ၌ လျောင်းစေပြီးလျှင် သခင်သည် ခါးပန်းကိုစည်း၍ ကိုယ်တိုင် လုပ်ကျွေးလိမ့်မည်။ ၃၈  သန်းခေါင်ယံအချိန်ဖြစ်စေ၊ ကြက်ဦးတွန်ချိန်ဖြစ်စေ သခင်သည် ရောက်လာ၍ ထိုသို့တွေ့လျှင် ထိုကျွန်တို့သည် ပျော်ရွှင်ကြ၏။ ၃၉  အိမ်ရှင်သည် သူခိုးလာမည့်အချိန်ကို သိထားလျှင် စောင့်နေလျက် မိမိ၏အိမ်ကို ဖောက်ထွင်းခွင့်ပြုမည် မဟုတ်ကြောင်း သိမှတ်ကြလော့။ ၄၀  သင်တို့သည်လည်း အသင့်ရှိနေကြလော့။ အကြောင်းမူကား သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” ၄၁  ပေတရုကလည်း “သခင်၊ ဤပုံဥပမာကို ကျွန်ုပ်တို့အားသာ မိန့်တော်မူသလော။ ရှိသမျှတို့အား မိန့်တော်မူသလော” ဟု မေးလျှောက်လျှင်၊ ၄၂  ယေရှုက “သခင်သည် အစေခံတို့ကို အုပ်ချုပ်စေရန်နှင့် အချိန်တန်အစာ မှန်မှန်ဝေပေးရန် ခန့်အပ်ထားသည့် သစ္စာနှင့်သတိပညာရှိသော ဘဏ္ဍာစိုးကား ဧကန်စင်စစ် မည်သူနည်း။ ၄၃  ထိုသို့ ပြုလျက်နေသည်ကို သခင်ပြန်လာ၍ တွေ့လျှင် ထိုကျွန်သည် ပျော်ရွှင်၏။ ၄၄  ငါအမှန်ဆိုသည်ကား သခင်သည် ထိုကျွန်ကို မိမိဥစ္စာရှိသမျှအပေါ်၌ ခန့်အပ်လိမ့်မည်။ ၄၅  သို့သော် ထိုကျွန်က ‘ငါ့သခင်သည် ကြန့်ကြာနေ၏’ ဟု စိတ်နှလုံးတွင် အောက်မေ့လျက်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို ရိုက်ပုတ်၍ စားသောက်မူးယစ်လျက်နေလျှင်၊ ၄၆  ထိုကျွန် မမျှော်လင့်သောနေ့ရက်၊ မသိသောအချိန်နာရီတွင် သခင်သည် ရောက်လာ၍၊ ထိုကျွန်ကို အပြင်းထန်ဆုံး ဒဏ်စီရင်လျက် သစ္စာမရှိသောသူတို့နှင့် အတူ နေရာချလိမ့်မည်။ ၄၇  သခင်၏အလိုကို သိလျက်နှင့် အသင့်မပြင်ဆင်၊ သခင်၏အလိုအတိုင်း မပြုသဖြင့် ထိုကျွန်သည် ကြိမ်ဒဏ်များစွာ ခံရလိမ့်မည်။ ၄၈  သခင်၏ အလိုကို မသိဘဲလျက်၊ ကြိမ်ဒဏ်ထိုက်သောအမှုကို ပြုမိသောသူမူကား ကြိမ်ဒဏ်အနည်းငယ်သာ ခံရလိမ့်မည်။ များစွာပေးအပ်ခံရသူတိုင်း များစွာတောင်းဆိုခံရလိမ့်မည်။ များစွာ တာဝန်အပ်နှင်းခံရသူသည် သာ၍များစွာ တောင်းဆိုခံရလိမ့်မည်။ ၄၉  “မြေကြီးပေါ်တွင် မီးလောင်စေရန် ငါလာ၏။ မီးစွဲပြီး ဖြစ်လျှင် မည်မျှကောင်းလိမ့်မည်နည်း။ ၅၀  ငါခံယူရမည့် နှစ်ခြင်းတစ်မျိုးရှိ၏။ ထိုအမှု မပြီးမချင်း ငါသည် စိတ်ဆင်းရဲလှ၏။ ၅၁  မြေကြီးပေါ်တွင် ငြိမ်သက်ခြင်းရှိစေရန် ငါလာသည်ဟု သင်တို့ ထင်ကြသလော။ ထိုသို့မဟုတ်။ စိတ်ဝမ်းကွဲပြားစေရန် လာသည်ဟု ငါဆို၏။ ၅၂  အကြောင်းမူကား ယခုမှစ၍ လူငါးယောက်ရှိသော အိမ်ထောင်တွင် သုံးယောက်နှင့် နှစ်ယောက်၊ နှစ်ယောက်နှင့် သုံးယောက် စိတ်ဝမ်းကွဲပြားကြလိမ့်မည်။ ၅၃  သားနှင့်ဖခင်၊ ဖခင်နှင့်သား၊ သမီးနှင့်မိခင်၊ မိခင်နှင့်သမီး၊ ချွေးမနှင့်ယောက္ခမ၊ ယောက္ခမနှင့်ချွေးမ ကွဲပြားကြလိမ့်မည်။” ၅၄  ထို့နောက် လူအုပ်အားလည်း မိန့်တော်မူသည်ကား၊ “သင်တို့သည် အနောက်အရပ်တွင် မိုးတိမ်တက်လာသည်ကို မြင်လျှင် ‘မိုးသက်မုန်တိုင်း ကျရောက်မည်’ ဟု ချက်ချင်းဆိုတတ်ကြ၏။ ဆိုသည်အတိုင်းလည်း ဖြစ်တတ်၏။ ၅၅  တောင်လေတိုက်သည်ကို မြင်သောအခါ ‘ပူပြင်းလိမ့်မည်’ ဟု ဆိုတတ်ကြ၏။ ဆိုသည်အတိုင်းလည်း ဖြစ်တတ်၏။ ၅၆  အချင်းကြောင်သူတော်တို့၊ သင်တို့သည် မိုးမြေ၏ အရိပ်အခြေကို ပိုင်းခြား၍ သိနိုင်ကြ၏။ ယခုခေတ်ကာလကိုမူ အဘယ်ကြောင့် ပိုင်းခြား၍ မသိနိုင်ကြသနည်း။ ၅၇  ဖြောင့်မတ်သောအရာကို အဘယ်ကြောင့် ကိုယ်တိုင် မဆုံးဖြတ်ကြသနည်း။ ၅၈  သင်သည် တရားစွဲဆိုသူနှင့်အတူ အစိုးရသော မင်းထံလမ်း၌သွားစဉ်တွင် ကျေအေးရန် ကြိုးစားလော့။ သို့မဟုတ်လျှင် တရားစွဲဆိုသူသည် တရားသူကြီးရှေ့သို့ ဆွဲခေါ်သွားလိမ့်မည်။ တရားသူကြီးသည် ရုံးလုလင်လက်သို့အပ်၍ ရုံးလုလင်သည်လည်း သင့်အား ထောင်ချလိမ့်မည်။ ၅၉  ငါဆိုသည်ကား ငွေတစ်ပြားမကျန်* မပေးမချင်း သင်သည် ထောင်မှ အလျှင်းမထွက်ရ။”

အောက်ခြေမှတ်ချက်များ

နောက်ဆက်တွဲ ၁၀ ရှု။
မဿဲ ၁၀:၂၉ အောက်ခြေမှတ်ချက်ရှု။
ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
မူရင်း၊ “နောက်ဆုံးလက်ပ်တန်။” နောက်ဆက်တွဲ ၁၁ ရှု။