လုကာ ၁၀:၁-၄၂

၁၀  ထို့နောက်သခင်သည် အခြားသောသူ ခုနစ်ဆယ်ကို ခန့်ထားပြီးမှကြွတော်မူမည့် မြို့ရွာအရပ်ရပ်သို့ ရှေ့တော်၌ နှစ်ဦးစီ စေလွှတ်၍၊ ၂  မိန့်တော်မူသည်မှာ၊ “စပါးရိတ်စရာများစွာရှိ၏။ လုပ်သားတို့မူကား နည်းကြ၏။ ထို့ကြောင့် လုပ်သားများ စေလွှတ်ပေးရန် စပါးရှင်ထံ တောင်းလျှောက်ကြလော့။ ၃  သင်တို့ သွားကြလော့။ ဝံပုလွေအုပ်ထဲသို့ သိုးသငယ်များကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ၄  ငွေအိတ်၊ ရိက္ခာအိတ်၊ ဖိနပ်တို့ကို ယူမသွားကြနှင့်။ လမ်းခရီးတွင် မည်သူ့ကိုမျှ ရပ်၍ နှုတ်မဆက်ကြနှင့်။ ၅  မည်သည့်အိမ်သို့မဆို ဝင်လျှင် ‘ဤအိမ်၌ ငြိမ်သက်ခြင်းရှိပါစေ’ ဟု ဦးစွာပြောကြလော့။ ၆  ထိုအိမ်၌ ငြိမ်သက်ခြင်းကို လိုလားသူရှိလျှင် သင်တို့မြွက်သော ငြိမ်သက်ခြင်းသည် သူ့အပေါ် တည်လိမ့်မည်။ ထိုသို့မဟုတ်လျှင် သင်တို့ထံ ပြန်လာလိမ့်မည်။ ၇  ထိုအိမ်တွင် တည်းခိုကြလော့။ လုပ်သားသည် အခကိုရထိုက်သောကြောင့် သူတို့ကျွေးမွေးရာကို စားသောက်ကြလော့။ တစ်အိမ်မှတစ်အိမ် မရွှေ့မပြောင်းကြနှင့်။ ၈  “မည်သည့်မြို့သို့မဆို ဝင်သောအခါ သင်တို့ကို လက်ခံလျှင် သင်တို့ရှေ့မှာ တည်ခင်းသမျှကို စားကြလော့။ ၉  လူနာတို့ကို ကျန်းမာစေကြလော့။ ‘ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့တွင် ရောက်လုနီးပြီ’ ဟု သူတို့အား ပြောကြလော့။ ၁၀  မည်သည့်မြို့သို့မဆို ဝင်သောအခါ သင်တို့ကို လက်မခံဘဲနေလျှင် လမ်းများပေါ်ထွက်၍ ပြောရမည်မှာ၊ ၁၁  ‘သင်တို့အတွက် သက်သေဖြစ်စေရန် ငါတို့ခြေ၌ကပ်သော သင်တို့မြို့မှ မြေမှုန့်ကိုပင် ငါတို့ခါလိုက်ပြီ။ သို့ရာတွင် ဘုရားသခင်၏နိုင်ငံတော် ရောက်လုနီးပြီကို သိမှတ်ကြလော့။’ ၁၂  ငါဆိုသည်ကား ထိုနေ့၌ သောဒုံမြို့သည် ထိုမြို့ထက် ခံသာလိမ့်မည်။ ၁၃  “ခိုရာဇင်မြို့၊ သင်၌ အမင်္ဂလာရှိ၏။ ဘက်ဆိုင်းဒါမြို့၊ သင်၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့တွင် ပြသောတန်ခိုးများကို တိုင်ရာမြို့နှင့် ဆိုင်ဒုန်မြို့များတွင် ပြခဲ့မည်ဆိုလျှင် ထိုမြို့များသည် ကြာမြင့်စွာကတည်းက လျှော်တေဝတ်၍ ပြာနှင့်လူးလျက် နောင်တရကြလေပြီ။ ၁၄  ထို့ကြောင့် တရားစီရင်ရာအချိန်တွင် တိုင်ရာမြို့နှင့် ဆိုင်ဒုန်မြို့သည် သင်တို့ထက် ခံသာလိမ့်မည်။ ၁၅  ကပေရနောင်မြို့၊ သင်သည် မိုးကောင်းကင်တိုင်အောင် ချီးမြှောက်ခံရမည်လော။ သင်သည် သင်္ချိုင်း*တိုင်အောင် လျှောကျလိမ့်မည်။ ၁၆  “သင်တို့စကားကို နားထောင်သောသူသည် ငါ့စကားကိုလည်း နားထောင်၏။ သင်တို့ကို ငြင်းပယ်သောသူသည် ငါ့ကိုလည်း ငြင်းပယ်၏။ ထိုမျှမက ငါ့ကိုငြင်းပယ်သောသူသည် ငါ့ကိုစေလွှတ်တော်မူသော အရှင်ကိုလည်း ငြင်းပယ်၏။” ၁၇  ထိုခုနစ်ဆယ်တို့သည် ဝမ်းမြောက်စွာ ပြန်လာပြီးလျှင် “သခင်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကိုပင် အနိုင်ရပါသည်” ဟု လျှောက်ကြ၏။ ၁၈  ကိုယ်တော်ကလည်း “စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှ ကျသည်ကို ငါမြင်ပြီ။ ၁၉  မြွေ၊ ကင်းမြီးကောက်များနှင့် ရန်သူ၏တန်ခိုးရှိသမျှကို နင်းရသောအခွင့်အာဏာ သင်တို့အား ငါပေး၏။ သင်တို့အပေါ် အဘယ်ဘေးမျှ မရောက်ရ။ ၂၀  သို့ရာတွင် နတ်ဆိုးတို့ကို နိုင်သောကြောင့် ဝမ်းမြောက်ခြင်း မရှိကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့၏နာမည်များ ရေးသွင်းထားသည့်အတွက် ဝမ်းမြောက်ကြလော့။” ၂၁  ထိုအချိန်နာရီတွင် ကိုယ်တော်သည် ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်ကြောင့် အလွန်ဝမ်းမြောက်သဖြင့် “ကောင်းကင်နှင့် မြေကြီးကိုအစိုးရတော်မူသော အဖ၊ ကိုယ်တော်သည် ဤအကြောင်းအရာတို့ကို ပညာရှိသောသူနှင့် ဉာဏ်ကောင်းသောသူတို့ မသိစေရန် ဝှက်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကိုယ်တော်အား ချီးမွမ်းပါ၏။ အိုအဖ၊ ထိုအမှုသည် ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်ပါ၏။ ၂၂  ငါ့ခမည်းတော်သည် အရာခပ်သိမ်းကို ငါ၌ အပ်ပေးတော်မူပြီ။ သားတော်ကား မည်သူဖြစ်သည်ကို ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ခမည်းတော်ကား မည်သူဖြစ်တော်မူသည်ကို သားတော်နှင့် သားတော်အသိပေးလိုသောသူမှတစ်ပါး မည်သူမျှမသိ” ဟုမိန့်တော်မူ၏။ ၂၃  ထိုအခါ တပည့်တော်တို့ဘက်သို့ လှည့်၍ “သင်တို့မြင်ရသောအရာများကို မြင်ရသောသူတို့သည် ပျော်ရွှင်ကြ၏။ ၂၄  ငါဆိုသည်ကား သင်တို့မြင်ရသောအရာများကို ပရောဖက်အများနှင့် ရှင်ဘုရင်အများတို့သည် မြင်လိုကြသော်လည်း မြင်ခွင့်မရကြ။ သင်တို့ကြားရသောအရာများကို ကြားလိုကြသော်လည်း ကြားခွင့်မရကြ” ဟုမိန့်တော်မူ၏။ ၂၅  ထိုအခါ ပညတ်ကျမ်းကို နှံ့စပ်သူတစ်ဦးသည် ကိုယ်တော်ကို အကဲစမ်းလို၍ “ဆရာ၊ ထာဝရအသက်ကို အမွေခံရန် ကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်း” ဟုမေးလျှောက်၏။ ၂၆  ကိုယ်တော်က “ပညတ်ကျမ်း၌ မည်သို့ရေးထားသနည်း။ သင်မည်သို့ ဖတ်ရသနည်း” ဟုမေးတော်မူလျှင်၊ ၂၇  ထိုသူက “‘သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှဖြင့် တစ်သက်တာ*လုံး ချစ်လော့။’ ‘လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့’” ဟုပြန်လျှောက်လေ၏။ ၂၈  ကိုယ်တော်ကလည်း “သင်၏စကားသည် မှန်ပေ၏။ ‘ထိုသို့ပြုလျှင် အသက်ကိုရလိမ့်မည်’” ဟုမိန့်တော်မူ၏။ ၂၉  သို့သော် မိမိဖြောင့်မတ်ကြောင်း ပြလို၍ ထိုသူက “မည်သူသည် ကျွန်ုပ်ချစ်ရမည့်သူ ဖြစ်သနည်း” ဟု ယေရှုအားမေးမြန်းသော်၊ ၃၀  ယေရှုက “လူတစ်ဦးသည် ဂျေရုဆလင်မြို့မှ ဂျေရိခိုမြို့သို့ ဆင်းသွားရာတွင် ဓားပြများလက်သို့ရောက်လေ၏။ ဓားပြတို့သည် ထိုသူ၏အဝတ်ကိုချွတ်၍ သေလုမြောပါး ရိုက်နှက်ပြီးမှ ပစ်ထားခဲ့ကြ၏။ ၃၁  တိုက်တိုက်ဆိုင်ဆိုင် ယဇ်ပုရောဟိတ်တစ်ဦးသည် ထိုလမ်းသို့ ဆင်းသွားသော် ထိုသူကိုမြင်လျှင် လွှဲရှောင်၍သွားလေ၏။ ၃၂  ထိုနည်းတူ လေဝိလူတစ်ဦးသည် ထိုနေရာသို့ ရောက်လာရာ ထိုသူကိုတွေ့မြင်သော် လွှဲရှောင်၍သွားလေ၏။ ၃၃  ရှမာရိလူတစ်ဦးသည် ခရီးသွားရာတွင် ထိုသူရှိရာသို့ ရောက်၍ မြင်သော် သနားသောစိတ်ရှိသဖြင့်၊ ၃၄  ချဉ်းကပ်ပြီးလျှင် သူ၏ဒဏ်ရာများကို ဆီနှင့် စပျစ်ဝိုင် လိမ်းကျံ၍ အဝတ်ဖြင့်စည်းပေး၏။ ထို့နောက် မိမိတိရစ္ဆာန်ပေါ်တင်လျက် တည်းခိုရိပ်သာသို့ ဆောင်သွား၍ ပြုစုလေ၏။ ၃၅  နောက်တစ်နေ့တွင် ဒေနာရိနှစ်ပြားကိုထုတ်၍ ရိပ်သာပိုင်ရှင်အား ပေးပြီးလျှင် ‘သူ့ကို ကြည့်ရှုပြုစုပေးပါ။ နောက်ထပ် ကုန်ကျသမျှကို ကျွန်ုပ်ပြန်လာသည့်အခါ ဆပ်ပေးပါမည်’ ဟု ဆို၏။ ၃၆  ထိုသူသုံးဦးတွင် မည်သူသည် ဓားပြလက်သို့ ရောက်သောသူကို ချစ်သောသူဖြစ်သနည်း” ဟု ပြန်၍ မေးတော်မူလျှင်၊ ၃၇  ကျမ်းတတ်ကလည်း “ထိုသူကို သနားကြင်နာသောသူ ဖြစ်ပါ၏” ဟုလျှောက်သော်၊ ယေရှုက “သင်သည် သွား၍ ထိုနည်းတူပြုလော့” ဟုမိန့်တော်မူ၏။ ၃၈  ခရီးသွားကြစဉ်ရွာတစ်ရွာသို့ ဝင်တော်မူရာ မာသအမည်ရှိသော အမျိုးသမီးတစ်ဦးသည် မိမိအိမ်၌ ကိုယ်တော်ကို ဧည့်ခံလေ၏။ ၃၉  ထိုအမျိုးသမီး၌ မာရိအမည်ရှိသော ညီမတစ်ဦးရှိ၏။ မာရိသည် သခင်၏ ခြေတော်ရင်း၌ ထိုင်၍ တရားစကားတော်ကို နားထောင်လျက်နေ၏။ ၄၀  မာသ မူကား ဧည့်ဝတ်ပြုရန် အာရုံများနေသဖြင့် အထံတော်သို့ ချဉ်းကပ်ပြီးလျှင် “သခင်၊ ကျွန်မ၏ ညီမသည် ကျွန်မတစ်ယောက်တည်းအား လုပ်ကျွေးမှုတာဝန် ဆောင်ရွက်စေသည်ကို လျစ်လျူရှုတော်မူသလော။ သူသည် ကျွန်မကို ကူညီမည်အကြောင်း အမိန့်ရှိတော်မူပါ” ဟု လျှောက်သော်၊ ၄၁  သခင်က “မာသ၊ မာသ၊ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်ကြောင့်ကြလျက်ရှိ၏။ ၄၂  အနည်းငယ်သာလျှင်၊ တစ်မည်သာလျှင် လို၏။ မာရိမူကား သာ၍ကောင်းသောအရာကို ရွေးချယ်လေပြီ။ ထိုအရာကို မည်သူမျှ နုတ်ယူ၍ရမည်မဟုတ်” ဟု ပြန်၍ မိန့်တော်မူ၏။

အောက်ခြေမှတ်ချက်များ

ဂရိ၊ “ဟေးဒီးစ်။” နောက်ဆက်တွဲ ၉ ရှု။
ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။