ရောမ ၁၅:၁-၃၃

၁၅  သို့ဖြစ်၍ ယုံကြည်ခြင်းတွင်အားကြီးသော ငါတို့သည် ကိုယ့်အလိုအတိုင်း မပြုဘဲ အားနည်းသောသူတို့၏ အားနည်းခြင်းများကို သည်းခံသင့်၏။ ၂  ငါတို့ရှိသမျှသည် လူသားချင်း၌ တည်ဆောက်ခြင်း ကောင်းကျိုးရှိစေရန် သူ၏အလိုအတိုင်း ပြုကြစို့။ ၃  အကြောင်းမူကား ခရစ်တော်ပင်လျှင် ကိုယ့်အလိုအတိုင်း ပြုတော်မမူ။ “ကိုယ်တော်ကို ကဲ့ရဲ့သူတို့၏ ကဲ့ရဲ့မှုများသည် ကျွန်ုပ်အပေါ်သို့ ရောက်ပါပြီ” ဟူ၍ ကျမ်းစာ၌ ရေးထားသည့်အတိုင်းဖြစ်၏။ ၄  ကျမ်းစာတွင် ရေးထားနှင့်သမျှသည် ငါတို့ကို ဆုံးမသွန်သင်ရန်ဖြစ်၏။ ငါတို့သည် ကျမ်းစာမှရရှိသော ခံနိုင်ရည်၊ နှစ်သိမ့်ခြင်းတို့အားဖြင့် မျှော်လင့်ခွင့်ရရှိစေရန် ထိုသို့ရေးထားရခြင်းဖြစ်၏။ ၅  ခံနိုင်ရည်နှင့် နှစ်သိမ့်ခြင်းအရှင် ဘုရားသခင်သည် ခရစ်တော်ယေရှု၌ရှိသော စိတ်သဘောထားမျိုး သင်တို့၌လည်း ရှိခွင့်ပေးတော်မူပါစေ။ ၆  သင်တို့သည် ငါတို့၏သခင် ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင့်ဘုန်းတော်ကို တညီတညွတ်တည်း ချီးမွမ်းမည်အကြောင်းဖြစ်၏။ ၇  ထို့ကြောင့် ခရစ်တော်သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေလျက် ငါတို့ကို ကြိုဆိုလက်ခံတော်မူသည့်နည်းတူ အချင်းချင်း ကြိုဆိုလက်ခံကြလော့။ ၈  ငါဆိုသည်ကား ဘိုးဘေးတို့အား ပေးတော်မူသော ကတိတော်များ ပြည့်စုံလာစေရန် ခရစ်တော်သည် ဘုရားသခင်၏ ဖြောင့်မှန်မှုကို ထောက်၍ အရေဖျားလှီးခြင်းခံရသူတို့၏ အမှုဆောင်တစ်ဦး အမှန်ဖြစ်လာရ၏။ ၉  လူမျိုးခြားတို့သည်လည်း ဘုရားသခင်၏ သနားခြင်းကျေးဇူးအတွက် ကိုယ်တော်၏ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။ “ထို့ကြောင့် ကျွန်ုပ်သည် လူမျိုးခြားတို့ရှေ့တွင် ကိုယ်တော်၏ ဘုန်းတော်ကို ချီးမွမ်း၍ နာမတော်ကို ချီးမွမ်းသီချင်းဆိုပါမည်” ဟုကျမ်းစာ၌ ရေးထားသည့်အတိုင်းဖြစ်၏။ ၁၀  “လူမျိုးခြားတို့၊ လူမျိုးတော်နှင့်အတူ ဝမ်းမြောက်ကြလော့” ဟူ၍လည်း မိန့်တော်မူ၏။ ၁၁  တစ်ဖန်၊ “လူမျိုးအပေါင်းတို့၊ ယေဟောဝါဘုရားကို ချီးမွမ်းကြလော့။ လူအပေါင်းတို့သည်လည်း ကိုယ်တော်ကို ချီးမွမ်းကြစေ” ဟုဆို၏။ ၁၂  ဟေရှာယကလည်း “ယေရှဲ၏အမြစ် ပေါက်လိမ့်မည်။ လူမျိုးခြားတို့ကို အုပ်စိုးမည့်သူ ပေါ်ထွန်းလိမ့်မည်။ လူမျိုးခြားတို့၏ မျှော်လင့်ခြင်းသည် ထိုသူ၏အပေါ်၌ တည်လိမ့်မည်” ဟုဆိုလေ၏။ ၁၃  မျှော်လင့်ခြင်း၏အရှင် ဘုရားသခင်သည် သင်တို့ကို သန့်ရှင်းသောစွမ်းအားတော်၏ တန်ခိုးအားဖြင့် မျှော်လင့်ခြင်း ကြွယ်ဝစေရန် သင်တို့၏ ယုံကြည်ခြင်းကြောင့် ရွှင်လန်းခွင့်၊ ငြိမ်သက်ခွင့် အမျိုးမျိုးနှင့် ပြည့်စုံစေတော်မူပါစေ။ ၁၄  ညီအစ်ကိုတို့၊ သင်တို့သည် အသိပညာ အမျိုးမျိုးတို့နှင့် ပြည့်စုံသည်ဖြစ်၍ ကောင်းမြတ်ခြင်းနှင့် ပြည့်စုံကြောင်း၊ အချင်းချင်း သတိပေး ဆုံးမနိုင်စွမ်းလည်းရှိကြောင်း ငါယုံကြည်ပါ၏။ ၁၅  သို့ရာတွင် သင်တို့ကို သတိပေးသည့်အနေနှင့် အမှုကိစ္စအချို့နှင့် ပတ်သက်၍ ပိုမို ပွင့်လင်းစွာ ရေးလိုက်ပါ၏။ ဘုရားသခင်သည် ငါ၌အပ်ပေးတော်မူသော မဟာကရုဏာတော်ကြောင့် ထိုသို့ ပြုရခြင်းဖြစ်၏။ ၁၆  လူမျိုးခြားတို့အတွက် ခရစ်တော်ယေရှု၏အမှုထမ်းအဖြစ် ဘုရားသခင်၏သတင်းကောင်းကို ပြောကြားသည့်အမှုတွင် ပါဝင်ရန် ထိုမဟာကရုဏာတော်ကို ငါခံစားရ၏။ ထိုသန့်ရှင်းသောအမှုတွင် ငါပါဝင်ရခြင်းမှာ သန့်ရှင်းသောစွမ်းအားတော်အားဖြင့် သန့်ရှင်းခြင်းသို့ရောက်လာသည့် လူမျိုးခြားတို့ကို နှစ်သက်ဖွယ် ပူဇော်သကာအဖြစ် ဆက်သရန်ဖြစ်၏။ ၁၇  ထို့ကြောင့် ဘုရားသခင်နှင့်ဆိုင်သောအရာများတွင် ငါသည် ခရစ်တော်ယေရှု၌ ဝမ်းမြောက်စရာအကြောင်းရှိ၏။ ၁၈  လူမျိုးခြားတို့သည် နာခံမှုရှိလာကြစေရန် ခရစ်တော်သည် ငါ့စကား၊ ငါ့အကျင့်အားဖြင့် ပြုတော်မူရာများ မဟုတ်လျှင် တစ်စုံတစ်ခုကိုမျှ ငါမပြောဝံ့။ ၁၉  အတိတ်နိမိတ်နှင့် လက္ခဏာများအားဖြင့်၊ သန့်ရှင်းသောစွမ်းအားတော်၏ တန်ခိုးအားဖြင့်လည်း ပြုတော်မူ၏။ ငါသည် ဂျေရုဆလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင်အရပ်များ၌ ခရစ်တော်၏ သတင်းကောင်းကို စေ့စေ့စပ်စပ် ဟောပြောခဲ့ပြီ။ ၂၀  ထိုသို့ဖြင့် ခရစ်တော်၏နာမကို မကြားဖူးသောအရပ်များတွင် သတင်းကောင်းကို ဟောပြောရန် ငါရည်ရွယ်ထား၏။ အခြားသူ တည်ဆောက်သော အုတ်မြစ်ပေါ်မှာ ငါ ထပ်၍ မတည်ဆောက်မိရန် ဖြစ်၏။ ၂၁  “ကိုယ်တော်အကြောင်း အသိပေးခြင်း မခံရသူတို့သည် သိမြင်ခွင့်ရလိမ့်မည်။ မကြားဖူးသောသူတို့သည်လည်း နားလည်ခွင့်ရလိမ့်မည်” ဟူ၍ ကျမ်းစာ၌ ရေးထားသည့်အတိုင်းဖြစ်၏။ ၂၂  ထို့ကြောင့် ငါသည် သင်တို့ထံ မလာဖြစ်ရန် ကြိမ်ဖန်များစွာ တားဆီးခံရ၏။ ၂၃  ယခုမူကား ဤဒေသများ၌ ငါမဟောပြောရသေးသောနေရာ မရှိတော့၍ နှစ်အတန်ကြာကပင် သင်တို့ရှိရာသို့ လာရောက်လိုစိတ်ရှိခဲ့၏။ ၂၄  စပိန်ပြည်သို့ ငါသွားသောအခါ ထိုလမ်းခရီးတွင် သင်တို့နှင့်တွေ့၍ ကျေနပ်သည့်အထိ သင်တို့နှင့်ပေါင်းသင်းပြီးမှ လိုက်လံပို့ဆောင်ပေးကြမည်ဟု ငါမျှော်လင့်၏။ ၂၅  ယခုမူ သန့်ရှင်းသူတို့ကို ကူညီထောက်မရန် ဂျေရုဆလင်မြို့သို့ ငါသွားရဦးမည်။ ၂၆  အကြောင်းမူကား မက်ဆီဒိုးနီးယားပြည်နှင့် အခါယပြည်တွင် ရှိသောသူတို့သည် ဂျေရုဆလင်မြို့ရှိ သန့်ရှင်းသူတို့ထဲမှ ဆင်းရဲသောသူတို့အား ဥစ္စာကိုဝေမျှ၍ စေတနာစိတ်နှင့် လှူကြပြီ။ ၂၇  ထိုသို့ စေတနာစိတ်နှင့်ပြုသည် မှန်သော်လည်း သူတို့သည် ကျေးဇူးခံများ ဖြစ်ကြ၏။ အကြောင်းမူကား လူမျိုးခြားတို့သည် ဘုရားသခင်ထံမှ ရရှိသောအရာများကို သန့်ရှင်းသူတို့ထံမှ မျှဝေခံယူသည်မှန်လျှင် ကာယရေးဆိုင်ရာများကို သူတို့အား ပေးအပ်လှူဒါန်းသင့်၏။ ၂၈  ထို့ကြောင့် ငါသည် ဤအမှုကို ဆောင်ရွက်ပြီးလျှင် ဤအလှူကို သူတို့ထံ အသေအချာအပ်ပြီးမှ စပိန်ပြည်သို့ သွားစဉ်တွင် သင်တို့ထံ ဝင်လည်မည်။ ၂၉  သင်တို့ရှိရာသို့ ငါရောက်သောအခါ ခရစ်တော်ထံမှ ကောင်းချီးအပြည့်အစုံနှင့် ရောက်လာမည်ကို ငါသိ၏။ ၃၀  ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအားထုတ်၍ ငါ့အတွက် ဘုရားသခင်ထံ ဆုတောင်းပေးကြမည်အကြောင်း ငါတို့၏သခင် ယေရှုခရစ်ကိုလည်းကောင်း၊ စွမ်းအားတော်ကြောင့်ရသော ချစ်ခြင်းမေတ္တာကိုလည်းကောင်း တိုင်တည်လျက် နှိုးဆော်ပါ၏။ ၃၁  ယုဒပြည်၌ မယုံကြည်သူတို့ လက်မှ ငါလွတ်မည်အကြောင်း၊ ဂျေရုဆလင်မြို့အတွက် ငါယူဆောင်သွားသည့် အလှူကို သန့်ရှင်းသူတို့သည် နှစ်သက်မည်အကြောင်း ဆုတောင်းပေးကြလော့။ ၃၂  ငါသည် ဘုရားသခင့် အလိုတော်အတိုင်း ဝမ်းမြောက်သောစိတ်နှင့် သင်တို့ထံ ရောက်လာ၍ သင်တို့နှင့်အတူ လန်းဆန်းမှု ခံစားလို၏။ ၃၃  ငြိမ်သက်ခြင်းကို ပေးသနားတော်မူသော ဘုရားသခင်သည် သင်တို့အပေါင်းနှင့်အတူ ရှိတော်မူပါစေ။ အာမင်။

အောက်ခြေမှတ်ချက်များ