မဿဲ ၅:၁-၄၈

 ကိုယ်တော်သည် လူအုပ်ကို မြင်သောအခါ တောင်ပေါ်သို့ တက်သွား၍ ထိုင်တော်မူပြီးလျှင် တပည့်တော်တို့သည် အထံတော်သို့ ရောက်လာကြ၏။ ၂  ထို့နောက် ကိုယ်တော် စတင်ဟောပြော သွန်သင်တော်မူ၏။ ၃  “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့*သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ ၄  “ဝမ်းနည်းပူဆွေးသူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် နှစ်သိမ့်မှုရကြလိမ့်မည်။ ၅  “နူးညံ့သိမ်မွေ့သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် မြေကြီးကို အမွေရကြလိမ့်မည်။ ၆  “ဖြောင့်မတ်ခြင်းတရားကို ဆာငတ်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဝပြောကြလိမ့်မည်။ ၇  “သနားကြင်နာတတ်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် သနားကြင်နာခြင်း ခံရကြလိမ့်မည်။ ၈  “စိတ်နှလုံးဖြူစင်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလိမ့်မည်။ ၉  “ငြိမ်သက်စေသူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် ‘ဘုရားသခင်၏သားများ’ ဟုအခေါ်ခံရကြလိမ့်မည်။ ၁၀  “ဖြောင့်မတ်ခြင်းတရားကြောင့် နှိပ်စက်ညှဉ်းပန်းခံရသူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ ၁၁  “ငါ့ကြောင့် ရှုတ်ချခြင်း၊ ညှဉ်းဆဲခြင်း၊ မဟုတ်မမှန် ပြစ်တင်ပြောဆိုခြင်း ခံရသည့်အခါ သင်တို့သည် ပျော်ရွှင်ကြ၏။ ၁၂  ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမြတ်သောကြောင့် ပျော်ရွှင်မြူးထူးကြလော့။ သင်တို့ရှေ့က ပရောဖက်များကိုလည်း ထိုနည်းအတိုင်း ညှဉ်းဆဲခဲ့ကြပြီ။ ၁၃  “သင်တို့သည် မြေကြီး၏ ဆားဖြစ်ကြ၏။ သို့သော် ဆားသည် အငန်ကင်းပျောက်လျှင် အငန်ဓာတ် မည်သို့ပြန်ရနိုင်မည်နည်း။ အပြင်သို့ပစ်လိုက်၍ အနင်းခံရရုံမှတစ်ပါး မည်သို့မျှ အသုံးမဝင်တော့။ ၁၄  “သင်တို့သည် လောက၏အလင်းဖြစ်ကြ၏။ တောင်ထိပ်တွင်တည်သောမြို့ကို ဖုံးကွယ်၍ မထားနိုင်။ ၁၅  လူတို့သည် မီးခွက်ကိုထွန်း၍ တင်းတောင်းအောက်တွင် ထားလေ့မရှိ။ အိမ်သူအိမ်သားအားလုံး အလင်းရစေရန် မီးခုံပေါ်တွင်သာ တင်ထားလေ့ရှိကြ၏။ ၁၆  ထိုနည်းတူ သင်တို့၏ ကောင်းသောအကျင့်များကို သူတစ်ပါးတို့သည် မြင်၍ ကောင်းကင်ဘုံရှိ သင်တို့အဖ၏ဘုန်းတော်ကို ချီးမွမ်းစေရန် သင်တို့၏ အလင်းကို လူတို့ရှေ့၌ လင်းစေကြလော့။ ၁၇  “ငါသည် ပညတ်ကျမ်း*၊ ပရောဖက်ကျမ်းတို့ကို ပယ်ဖျက်ရန်လာသည်မဟုတ်။ ပြည့်စုံစေရန် လာသတည်း။ ၁၈  ငါအမှန်ဆိုသည်ကား ကောင်းကင်နှင့် မြေကြီးသည် ကွယ်ပျောက်ကောင်း ကွယ်ပျောက်လိမ့်မည်။ ပညတ်ကျမ်းမှာမူ အငယ်ဆုံးသောအက္ခရာ၊ ဝစ္စတစ်လုံးမျှ မပြည့်စုံဘဲ မနေရ။ ၁၉  ထို့ကြောင့် မည်သူမဆို အငယ်ဆုံးသော ပညတ်တစ်ခုကို ချိုးဖျက်၍ သူတစ်ပါးကို ထိုအတိုင်း သွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်ကို မဝင်ထိုက်။* မည်သူမဆို ထိုပညတ်တို့ကို ကျင့်၍ သွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်ကို ဝင်ထိုက်ပေ၏။* ၂၀  ငါအမှန်ဆိုသည်ကား သင်တို့သည် ကျမ်းတတ်များ၊ ဖာရိရှဲများထက် သာလွန်၍ မဖြောင့်မတ်လျှင် ကောင်းကင်နိုင်ငံတော်သို့ လုံးဝ မဝင်ရကြ။ ၂၁  “‘လူ့အသက်ကို မသတ်ရ။ လူ့အသက်ကို သတ်သောသူသည် တရားရုံး၌ အမှုစီရင်ခြင်းခံထိုက်သည်’ ဟူသော ရှေးခေတ်လူတို့အား ဆင့်ဆိုသည့်စကားကို သင်တို့ကြားဖူးကြပြီ။ ၂၂  သို့ရာတွင် ငါဆိုသည်ကား မိမိညီအစ်ကိုကို အမျက်မပြေနိုင်သူတိုင်း တရားရုံး၌ အမှုစီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို မထီမဲ့မြင်ပြောဆိုသူ မည်သူမဆို တရားရုံးချုပ်၌ အမှုစီရင်ခြင်းကို ခံထိုက်ပေ၏။ သူတစ်ပါးကို ‘လူနုံ၊ လူအ’ ဟုပြောဆိုသူ မည်သူမဆို မီးလောင်ရာဂေဟင်နာ*အရပ်သို့ ရောက်ထိုက်ပေ၏။ ၂၃  “သင်သည် ယဇ်ပလ္လင်သို့ယဇ်ကို ယူဆောင်လာခဲ့ပြီးမှ သင့်ညီအစ်ကိုက သင့်ကို မကျေမနပ်ဖြစ်နေသည်ဟု ခံစားမိလျှင်၊ ၂၄  သင်၏ယဇ်ကို ပလ္လင်ရှေ့၌ချထား၍ သွားဦးလော့။ သင်၏ညီအစ်ကိုနှင့် သင့်မြတ်အောင် ဦးစွာပြုလော့။ သို့ပြီးမှ ပြန်လာ၍ သင်၏ယဇ်ကို ပူဇော်လော့။ ၂၅  “သင့်ကို တရားစွဲဆိုသူနှင့် လမ်း၌အတူသွားစဉ် ပြေလည်အောင် ချက်ချင်းလုပ်ဆောင်လော့။ သို့မဟုတ်လျှင် သူသည် သင့်ကို တရားသူကြီးလက်သို့ အပ်လိမ့်မည်။ တရားသူကြီးကလည်း ရုံးလုလင်လက်သို့အပ်၍ သင့်ကိုထောင်ချလိမ့်မည်။ ၂၆  ငါအမှန်ဆိုသည်ကား ငွေတစ်ပြားမကျန်* မပေးမချင်း သင်သည် ထောင်မှထွက်ရမည်မဟုတ်။ ၂၇  “‘အိမ်ထောင်ရေး မဖောက်ပြန်ရ’ ဟူသောစကားကို သင်တို့ကြားဖူးကြပြီ။ ၂၈  သို့ရာတွင် ငါဆိုသည်ကား မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သောစိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ။ ၂၉  ညာဘက်မျက်စိသည် သင့်ကို တိုက်မိ၍လဲစေလျှင် ထုတ်ပစ်လိုက်လော့။ တစ်ကိုယ်လုံး ဂေဟင်နာ*အရပ်သို့ ရောက်သည်ထက် ကိုယ်အင်္ဂါတစ်ခု အဆုံးရှုံးခံရခြင်းက ပို၍ကောင်း၏။ ၃၀  ညာဘက်လက်သည် သင့်ကို တိုက်မိ၍လဲစေလျှင် ဖြတ်ပစ်လိုက်လော့။ တစ်ကိုယ်လုံး ဂေဟင်နာအရပ်သို့ ရောက်သည်ထက် ကိုယ်အင်္ဂါတစ်ခု အဆုံးရှုံးခံရခြင်းက ပို၍ကောင်း၏။ ၃၁  “ထို့ပြင် ‘မိမိမယားကို ကွာရှင်းသူ မည်သူမဆို ကွာစာပေးစေ’ ဟူသော အဆိုရှိခဲ့ဖူး၏။ ၃၂  သို့ရာတွင် ငါဆိုသည်ကား မတရားမေထုန်ပြုခြင်း*မှတစ်ပါး အခြားသောအကြောင်းကြောင့် မိမိမယားကိုကွာရှင်းသူ မည်သူမဆို မိမိမယားကို အိမ်ထောင်ရေးဖောက်ပြန်သူ ဖြစ်စေ၏။ ကွာရှင်းထားသော ထိုမိန်းမကို ထိမ်းမြားသူ မည်သူမဆိုသည်လည်း အိမ်ထောင်ရေးဖောက်ပြန်သူဖြစ်၏။ ၃၃  “တစ်ဖန် ‘ကျမ်းသစ္စာကျိန်ဆိုချက်ကို မဖျက်ရ။ ယေဟောဝါဘုရားထံ သစ္စာကတိပြုမိလျှင် ထိုအတိုင်းပြုရမည်’ ဟု ရှေးခေတ်လူတို့အား ဆင့်ဆိုသောစကားကို သင်တို့ကြားဖူးကြပြီ။ ၃၄  သို့ရာတွင် ငါဆိုသည်ကား ကျိန်ဆိုခြင်းကို အလျှင်းမပြုရ။ ကောင်းကင်ကို တိုင်တည်၍ မကျိန်ဆိုရ။ အကြောင်းမူကား ဘုရားသခင်၏ပလ္လင်တော်ဖြစ်၏။ ၃၅  မြေကြီးကို တိုင်တည်၍ မကျိန်ဆိုရ။ အကြောင်းမူကား ဘုရားသခင်၏ ခြေတင်ရာဖြစ်၏။ ဂျေရုဆလင်မြို့ကို တိုင်တည်၍မကျိန်ဆိုရ။ အကြောင်းမူကား မဟာမင်းကြီး၏ မြို့တော်ဖြစ်၏။ ၃၆  သင်၏ခေါင်းကို တိုင်တည်၍ မကျိန်ဆိုရ။ အကြောင်းမူကား သင်၏ဆံပင်တစ်ပင်ကိုမျှ ဖြူစေ၊ မည်းစေရန် သင်မတတ်နိုင်။ ၃၇  သင်တို့၏စကားမှာ အဟုတ်ကိုအဟုတ်၊ မဟုတ်ကို မဟုတ်ဖြစ်စေကြလော့။ ထို့ထက်ပိုသော စကားသည် ဆိုးညစ်သူထံမှဖြစ်၏။ ၃၈  “‘မျက်စိအစား မျက်စိ၊ သွားအစား သွား’ ဟူသောစကားကို သင်တို့ကြားဖူးကြပြီ။ ၃၉  သို့ရာတွင် ငါဆိုသည်ကား လူဆိုးကို မခုခံနှင့်။ မည်သူမဆို သင်၏ညာဘက်ပါးကို ရိုက်လျှင် နောက်ပါးတစ်ဖက်ကိုလည်း လှည့်ပေးဦးလော့။ ၄၀  သင့်ကို တရားစွဲ၍ သင့်အတွင်းအင်္ကျီကို ရလိုလျှင် အပြင်အင်္ကျီကိုပါ ပေးလိုက်ဦးလော့။ ၄၁  အာဏာရှိသူတစ်ဦးက သင့်ကိုအနိုင်အထက်ပြု၍ ခရီးတစ်မိုင်* ခေါ်သွားလျှင် ထိုသူနှင့် နှစ်မိုင်လိုက်သွားဦးလော့။ ၄၂  တောင်းသောသူကို ပေးလော့။ အတိုးမဲ့ချေးငှားလိုသူကို မရှောင်နှင့်။ ၄၃  “‘လူသားချင်းကို ချစ်လော့။ ရန်သူကို မုန်းလော့’ ဟူသောစကားကို သင်တို့ကြားဖူးကြပြီ။ ၄၄  သို့သော် ငါဆိုသည်ကား သင်တို့၏ရန်သူကို ချစ်မြဲချစ်ကြလော့။ သင်တို့ကို ညှဉ်းဆဲသူတို့အတွက် ဆက်၍ဆုတောင်းပေးကြလော့။ ၄၅  သို့ဖြင့် လူဆိုး၊ လူကောင်းတို့အပေါ် နေကို ထွက်စေ၍ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတို့အပေါ် မိုးရွာစေတော်မူသော ကောင်းကင်ဘုံရှိ သင်တို့အဖ၏ သားများဖြစ်ကြောင်း ဖော်ပြနိုင်ကြမည်။ ၄၆  သင်တို့ကို ချစ်သောသူတို့ကိုသာ ချစ်လျှင် အဘယ်အကျိုးရှိမည်နည်း။ အခွန်ခံတို့ပင် ထိုသို့ပြုတတ်ကြသည် မဟုတ်လော။ ၄၇  သင့်ညီအစ်ကိုများကိုသာ နှုတ်ဆက်လျှင် အဘယ်သို့ ထူးမြတ်သနည်း။ လူမျိုးခြားတို့လည်း ထိုနည်းတူ ပြုတတ်ကြသည်မဟုတ်လော။ ၄၈  ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် ပြည့်ဝစုံလင်တော်မူသည်နည်းတူ သင်တို့လည်း ပြည့်ဝစုံလင်ကြရမည်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “ဘုရားသခင့် စွမ်းအားတော်ကို တောင်းခံသူများ။”
သိနာတောအရပ်တွင် ဖျန်ဖြေသူမောရှေအားဖြင့် အစ္စရေးလူမျိုးအား ဘုရားသခင်ပေးသောပညတ်။
မူရင်း၊ “ကောင်းကင်နိုင်ငံတော်၌ ထိုသူကို ‘အငယ်ဆုံးသောသူ’ ဟုခေါ်ကြလိမ့်မည်။”
မူရင်း၊ “ကောင်းကင်နိုင်ငံတော်၌ ထိုသူကို ‘ကြီးမြတ်သောသူ’ ဟုခေါ်ကြလိမ့်မည်။”
နောက်ဆက်တွဲ ၁၀ ရှု။
မူရင်း၊ “နောက်ဆုံးကွာဒရန်စ်။” ဒေနာရိတစ်ပြား၏ ခြောက်ဆယ့်လေးပုံတစ်ပုံ။ နောက်ဆက်တွဲ ၁၁ ရှု။
နောက်ဆက်တွဲ ၁၀ ရှု။
နောက်ဆက်တွဲ ၄ ရှု။
နောက်ဆက်တွဲ ၁၁ ရှု။