မာကု ၉:၁-၅၀

 ထို့နောက်ကိုယ်တော်က “ငါအမှန်ဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သည် တန်ခိုးနှင့်တကွ ရောက်လာကြောင်းကို ဤတွင်ရပ်နေသူအချို့ မမြင်မီ သေခြင်းသို့ မရောက်ရကြ” ဟုမိန့်တော်မူ၏။ ၂  ခြောက်ရက်လွန်သော် ယေရှုသည် ပေတရု၊ ယာကုပ်၊ ယောဟန် တို့ကိုခေါ်၍ မြင့်သော တောင်ပေါ်သို့ သီးခြားတက်သွားကြ၏။ ထို့နောက် ကိုယ်တော်သည် သူတို့ရှေ့တွင် ကိုယ်ယောင်ပြောင်းလဲတော်မူ၏။ ၃  ဝတ်လုံတော်သည် မြေကြီးပေါ်ရှိ မည်သူမျှ လျှော်၍ မဖြူစေနိုင်လောက်အောင် ဖြူဖွေး တောက်ပလျက် ရှိ၏။ ၄  မောရှေနှင့် ဧလိယသည် ထင်ရှား၍ ယေရှုနှင့်အတူ စကားပြောနေကြ၏။ ၅  ထိုအခါ ပေတရုက ယေရှုအား “ရဗ္ဗိ၊ ဤအရပ်သည် နေဖွယ်ကောင်းပါ၏။ ကိုယ်တော်အတွက် တဲတစ်လုံး၊ မောရှေအတွက် တစ်လုံး၊ ဧလိယအတွက် တစ်လုံး၊ တဲသုံးလုံးကို ကျွန်ုပ်တို့ ဆောက်ပါရစေ” ဟုလျှောက်လေ၏။ ၆  တပည့်တော်တို့သည် အလွန်ကြောက်ရွံ့၍ ပေတရုသည် မည်သို့လျှောက်အပ်သည်ကို မသိသောကြောင့် ထိုသို့ဆိုလေ၏။ ၇  ထိုအခါ တိမ်တိုက်ပေါ်လာပြီး သူတို့ကို ဖုံးလွှမ်း၍ “ဤသူသည် ငါ၏ ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့” ဟု တိမ်တိုက်မှ အသံတော် ထွက်ပေါ်လေ၏။ ၈  ထိုခဏချင်းတွင် သူတို့သည် ပတ်လည်သို့ ကြည့်သော်လည်း မိမိတို့နှင့်အတူ ယေရှုမှလွဲ၍ မည်သူ့ကိုမျှ မတွေ့ရတော့ပေ။ ၉  တောင်ပေါ်မှ ဆင်းလာကြစဉ် ကိုယ်တော်က ‘လူသားသည် သေခြင်းမှ မထမြောက်မီတိုင်အောင် သင်တို့တွေ့မြင်ခဲ့ရာကို မည်သူ့ကိုမျှ မပြောကြနှင့်’ ဟုမှာကြားတော်မူ၏။ ၁၀  သူတို့သည် ထိုစကားကို မှတ်ထားကြသော်လည်း သေခြင်းမှ ထမြောက်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုကြောင်း အချင်းချင်း ဆွေးနွေးကြ၏။ ၁၁  ထို့နောက် ကိုယ်တော်အား “ဧလိယ အလျင်လာရမည်ဟု ကျမ်းတတ်များက အဘယ်ကြောင့် ဆိုကြပါသနည်း” ဟု မေးလျှောက်ကြသော်၊ ၁၂  ကိုယ်တော်က“ဧလိယသည် အမှန်ပင် အလျင်လာ၍ အရာခပ်သိမ်းကို အသစ်တစ်ဖန် ပြုပြင်လေပြီ။ သို့သော် လူသားသည် ဒုက္ခများစွာခံရ၍ အပယ်ခံရမည်ဟူသော ကျမ်းစကားမှာ မည်သို့နည်း။ ၁၃  ငါဆိုသည်ကား ဧလိယသည်ရောက်လေပြီ။သူ၏အကြောင်းကို ကျမ်းစာ၌ ရေးထားသည့်အတိုင်း သူ့ကိုပြုချင်တိုင်း ပြုကြပြီ” ဟုမိန့်တော်မူ၏။ ၁၄  ထို့နောက် အခြားတပည့်တော်တို့ရှိရာသို့ ရောက်သော် ဝိုင်းရံလျက်ရှိသော လူအုပ်ကြီးကိုလည်းကောင်း၊ ဆွေးနွေးငြင်းခုံလျက်ရှိသော ကျမ်းတတ်များကိုလည်းကောင်းမြင်ကြ၏။ ၁၅  လူအုပ်ရှိသမျှသည် ကိုယ်တော်အား မြင်လျှင် အလွန်အံ့အားသင့်လျက် အထံတော်သို့ပြေး၍ နှုတ်ဆက်ကြ၏။ ၁၆  ကိုယ်တော်ကလည်း “ထိုသူတို့နှင့် အဘယ်အရာကို ဆွေးနွေးငြင်းခုံကြသနည်း” ဟုမေးတော်မူလျှင်၊ ၁၇  လူအုပ်ထဲမှတစ်ဦးက“ဆရာ၊ကျွန်ုပ်၏သားသည် စကားဆွံ့အစေသောနတ် ပူးနေသဖြင့် အထံတော်သို့ ဆောင်ခဲ့ပါပြီ။ ၁၈  ထိုနတ်ဖမ်းစားသည့်အခါတိုင်း သူ့ကို မြေပေါ်လှဲချတတ်ပါ၏။ သူသည် ခံတွင်းမှ အမြှုပ်ထွက်လျက်၊ အံကြိတ်လျက်၊ အားပြတ်လျက်နေရပါ၏။ ထိုနတ်ကို နှင်ထုတ်ပေးပါရန် ကိုယ်တော့်တပည့်များအား ပြောသော်လည်း သူတို့သည် မတတ်စွမ်းနိုင်ကြပါ” ဟုပြန်လျှောက်၏။ ၁၉  ကိုယ်တော်ကလည်း “အို၊ ယုံကြည်ခြင်းမရှိသော လူမျိုးဆက်၊ ငါသည် သင်တို့နှင့် မည်မျှကြာ ရှိနေရမည်နည်း။ သင်တို့ကို မည်မျှကြာ သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ ဆောင်ခဲ့ကြ” ဟုမိန့်တော်မူ၏။ ၂၀  ထိုအခါ သူငယ်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။ နတ်သည် ကိုယ်တော်ကိုမြင်လျှင် သူငယ်အား ချက်ချင်းတုန်တက်စေသဖြင့် သူငယ်သည် မြေပေါ်လဲကျလူးလှိမ့်လျက် အမြှုပ်များထွက်လေ၏။ ၂၁  ကိုယ်တော်က “ဤသို့ဖြစ်သည်မှာ မည်မျှကြာပြီနည်း” ဟုသူငယ်၏အဖကို မေးသော်၊ အဖက “ငယ်သောအရွယ်ကပင် ဖြစ်ပါ၏။ ၂၂  သူငယ်ကို ပျက်စီးစေရန် မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ်လဲစေတတ်၏။ သို့သော်လည်း ကိုယ်တော်သည် တစ်စုံတစ်ရာတတ်နိုင်လျှင် ကျွန်ုပ်တို့ကိုသနား၍ ကူညီတော်မူပါ” ဟုလျှောက်လေ၏။ ၂၃  ယေရှုက “‘တတ်နိုင်လျှင်’ ဟု အဘယ်ကြောင့် ဆိုသနည်း။ ယုံကြည်ခြင်းရှိသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်” ဟုမိန့်တော်မူ၏။ ၂၄  သူငယ်၏အဖက ချက်ချင်းပင် “ကျွန်ုပ်ယုံကြည်ပါ၏။ ကျွန်ုပ်၏ ယုံကြည်ခြင်းလိုနေသေးလျှင် ကူညီတော်မူပါ” ဟုဟစ်၍လျှောက်လေ၏။ ၂၅  လူအုပ်သည် စုရုံးလျက် ပြေးလာကြသည်ကို ယေရှုမြင်လျှင် “နားပင်း၍ ဆွံ့အစေသော နတ်၊ သူငယ်ထံမှ ထွက်လော့၊ နောက်တစ်ဖန် ပြန်မဝင်နှင့်၊ ငါအမိန့်ရှိ၏” ဟုထိုညစ်ညူးသောနတ်ကို ဆုံးမ၍ မိန့်တော်မူ၏။ ၂၆  ထိုအခါ နတ်သည် ကျယ်လောင်စွာ အော်ဟစ်၍ သူငယ်ကို အလွန်တုန်တက်စေပြီးမှ ထွက်သွား၏။ သူငယ်သည် လူသေကဲ့သို့ဖြစ်သဖြင့် လူအများက “သူငယ်သေပြီ” ဟုဆိုကြ၏။ ၂၇  ယေရှုသည် သူငယ်၏လက်ကိုကိုင်၍ ထူတော်မူသဖြင့် သူငယ်သည် ထလေ၏။ ၂၈  ထို့နောက် အိမ်သို့ဝင်တော်မူပြီးမှ တပည့်တော်တို့က “ကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်း” ဟုသီးသန့်မေးလျှောက်ကြသော်၊ ၂၉  ကိုယ်တော်က “ဆုတောင်းခြင်းမှလွဲ၍ အခြားမည်သည့်နည်းဖြင့်မျှ ထိုနတ်မျိုးကို မနှင်ထုတ်နိုင်” ဟုမိန့်တော်မူ၏။ ၃၀  ထိုအရပ်မှထွက်၍ ဂါလိလဲနယ်ကို ဖြတ်သွားကြ၏။ သို့သော် ကိုယ်တော်သည် မည်သူ့ကိုမျှ မသိစေလို။ ၃၁  အကြောင်းမူကား “လူသားကို လူတို့လက်သို့ အပ်နှံကြလိမ့်မည်။ သူ့ကိုသတ်ကြလိမ့်မည်။ အသတ်ခံရသော်လည်း သုံးရက်လွန်သော် ထမြောက်လိမ့်မည်” ဟုတပည့်တော်တို့အား သွန်သင်တော်မူသောကြောင့်ဖြစ်၏။ ၃၂  ထိုစကားများကို သူတို့ နားမလည်သော်လည်း ကိုယ်တော်အား မမေးမလျှောက်ဝံ့ကြ။ ၃၃  ကပေရနောင်မြို့သို့ ရောက်ကြ၍ အိမ်၌ရှိနေစဉ် ကိုယ်တော်က “သင်တို့သည် လမ်း၌ အဘယ်အရာကို ဆွေးနွေးငြင်းခုံနေကြသနည်း” ဟုမေးတော်မူလျှင်၊ ၃၄  သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား မည်သူသည် သာ၍ကြီးမြတ်သည်ကို လမ်း၌ အချင်းချင်း ငြင်းခုံကြသောကြောင့်ဖြစ်၏။ ၃၅  ထို့ကြောင့် ထိုင်တော်မူပြီးလျှင် တစ်ဆယ့်နှစ်ပါးတို့ကိုခေါ်၍ “မည်သူမဆို အလျင်အဦးဖြစ်လိုလျှင် အားလုံး၏နောက်ဆုံး ဖြစ်ရမည်။ အားလုံး၏အစေကိုလည်း ခံရမည်” ဟုမိန့်တော်မူ၏။ ၃၆  ထိုအခါ သူငယ်တစ်ဦးကို ဆောင်ခဲ့၍ သူတို့အလယ်၌ထားပြီးမှ ဖက်လျက်၊ ၃၇  “မည်သူမဆို ငါ့နာမကိုထောက်၍ ဤကဲ့သို့သော သူငယ်တစ်ဦးကို လက်ခံလျှင် ငါ့ကိုလည်း လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုသာလက်ခံသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော အရှင်ကိုလည်း လက်ခံ၏” ဟုမိန့်တော်မူ၏။ ၃၈  ယောဟန်က “ဆရာ၊ ကိုယ်တော်၏ နာမကို အမှီပြု၍ နတ်ဆိုးများ နှင်ထုတ်နေသူတစ်ဦးကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ပါ၏။ ကျွန်ုပ်တို့နှင့် လိုက်သောသူ မဟုတ်သောကြောင့် သူ့ကိုတားမြစ်ကြပါသည်” ဟုလျှောက်လေ၏။ ၃၉  သို့သော် ယေရှုမိန့်တော်မူသည်မှာ၊ “ထိုသူကို မတားကြနှင့်။ ငါ့နာမကို အမှီပြု၍ တန်ခိုးပြသူသည် ငါ့ကို အလွယ်တကူ ကဲ့ရဲ့မည်မဟုတ်။ ၄၀  ငါတို့ကို မဆန့်ကျင်သောသူသည် ငါတို့ဘက်၌ရှိ၏။ ၄၁  ခရစ်တော်နှင့် စပ်ဆိုင်သည်ကို ထောက်၍ သင်တို့အား ရေတစ်ခွက်တိုက်သူ မည်သူမဆို အကျိုးမရဘဲမနေဟု ငါအမှန်ဆို၏။ ၄၂  သို့သော် ယုံကြည်သူ ဤသူငယ်တစ်စုံတစ်ယောက်ကို တိုက်မိ၍ လဲစေသောသူသည် လည်ပင်းတွင် ကြိတ်ဆုံကျောက်ကြီးကိုဆွဲ၍ ပင်လယ်၌ ချခြင်းကို ခံရလျှင် သာ၍ကောင်း၏။ ၄၃  “သင်၏ လက်သည် သင့်ကို တိုက်မိ၍ လဲစေလျှင် ဖြတ်ပစ်လိုက်လော့။ မငြိမ်းနိုင်သောမီးရှိရာ ဂေဟင်နာ* အရပ်သို့ လက်နှစ်ဖက်စုံနှင့်ရောက်သည်ထက် လက်ချို့လျက် အသက်ရှင်ခွင့်ရခြင်းသည် သာ၍ကောင်း၏။ ၄၄  — ၄၅  သင်၏ခြေသည် သင့်ကို တိုက်မိ၍လဲစေလျှင် ဖြတ်ပစ်လိုက်လော့။ ဂေဟင်နာသို့ ခြေနှစ်ဖက်စုံနှင့် ပစ်ချခံရသည်ထက် ခြေချို့လျက် အသက်ရှင်ခွင့်ရခြင်းသည် သာ၍ကောင်း၏။ ၄၆  — ၄၇  သင်၏မျက်စိသည်လည်း သင့်ကို တိုက်မိ၍ လဲစေလျှင် ထုတ်ပစ်လော့။ ဂေဟင်နာအရပ်သို့ မျက်စိနှစ်ဖက်စုံနှင့် ရောက်သည်ထက် ဘုရားသခင်၏ နိုင်ငံတော်သို့ မျက်စိတစ်ဖက်နှင့် ဝင်ရခြင်းသည် သာ၍ကောင်း၏။ ၄၈  ထိုဂေဟင်နာသည် ပိုးမသေ၊ မီးမငြိမ်းရာအရပ်ဖြစ်၏။ ၄၉  “အကြောင်းမူကား မီးဖြင့် ဆားခတ်ခြင်းကို လူတိုင်းခံရမည်။ ၅၀  ဆားသည် ကောင်း၏။ သို့သော် အငန်ဓာတ်ကင်းပျောက်လျှင် မည်သို့ ပြန်၍ ငန်စေမည်နည်း။ သင်တို့၌ ဆားရှိစေ၍ အချင်းချင်း သင့်တင့်ငြိမ်သက်စွာ နေကြလော့။”

အောက်ခြေမှတ်ချက်များ

ယေရုရှလင်မြို့ပြင်ရှိ အမှိုက်ရှို့ရာနေရာ။ နောက်ဆက်တွဲ ၁၀ ရှု။