မာကု ၇:၁-၃၇

 ထိုအခါ ဂျေရုဆလင်မြို့မှလာသော ဖာရိရှဲတို့နှင့် ကျမ်းတတ်အချို့တို့သည် အထံတော်၌စုဝေးသောအခါ၊ ၂  ညစ်ပေသောလက် တည်းဟူသော ရေမဆေးသောလက်နှင့် တပည့်တော်အချို့ အစာစားသည်ကို မြင်ကြ၏။ ၃  အကြောင်းမူကား ဖာရိရှဲများသာမက ဂျူးလူမျိုးအပေါင်းတို့သည် ရှေးလူကြီးများ၏ ထုံးတမ်းစဉ်လာကို စွဲကိုင်လျက် တံတောင်ဆစ်အထိ လက်မဆေးဘဲ အစာစားလေ့မရှိကြ။ ၄  ဈေးမှ ပြန်လာသောအခါ၌လည်း ကိုယ့်ကိုယ်ကိုယ် ရေမဖျန်းဘဲ အစာစားလေ့မရှိ။ ထို့ပြင် ခွက်များ၊ ကရားများ၊ ကြေးခွက်ဖလားများကို ရေထဲနှစ်ဆေးခြင်းစသည့် အခြား ထုံးတမ်းစဉ်လာများကိုလည်း စွဲကိုင်ကြသေး၏။ ၅  ထို့ကြောင့် ဖာရိရှဲတို့နှင့် ကျမ်းတတ်တို့က “သင်၏ တပည့်များသည် ရှေးလူကြီးများ၏ ထုံးတမ်းစဉ်လာအတိုင်း မကျင့်ဘဲလျက် အဘယ်ကြောင့် ညစ်ပေသောလက်နှင့် အစာစားကြပါသနည်း” ဟုမေးလျှောက်လျှင်၊ ၆  ကိုယ်တော်က “အချင်းကြောင်သူတော်တို့၊ ဟေရှာယသည် သင်တို့အကြောင်းကို လျောက်ပတ်စွာ ဤသို့ပရောဖက်ပြု၍ ရေးသားထားလေပြီ။ ‘ဤလူမျိုးသည် နှုတ်ဖြင့်သာ ငါ့ကိုရိုသေကြ၏။ သူတို့၏ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ ၇  သူတို့သည် လူတို့၏ အယူဝါဒများကို သွန်သင်သောကြောင့် ငါ့ကို ကိုးကွယ်နေခြင်းမှာ အချည်းနှီးသာဖြစ်၏။’ ၈  သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ လူတို့၏ ထုံးတမ်းစဉ်လာကို စွဲကိုင်ထားကြသည်” ဟုမိန့်တော်မူ၏။ ၉  ထို့ပြင် ကိုယ်တော်က “သင်တို့သည် ထုံးတမ်းစဉ်လာကို ကျင့်ကြံနိုင်ရန် ဘုရားသခင့်ပညတ်ကို ပါးနပ်စွာပယ်ဖျက်ကြ၏။ ၁၀  မောရှေက ‘မိဘကို ရိုသေသမှု ပြုလော့။ မိဘကိုဆဲဆိုသူသည် အသေသတ်ခြင်းကိုခံစေ’ ဟု ပညတ်တော်မူ၏။ ၁၁  သင်တို့မူကား ‘ကိုယ့်မိဘကို “သင်တို့ အကျိုးခံစားရနိုင်သော ကျွန်ုပ်၏ ပစ္စည်းမှန်သမျှ ဘုရားသခင်အား လှူထားသော ကော်ဘန်ဖြစ်၏” ဟု ဆိုလျှင်၊’ ၁၂  ထိုသူသည် မိဘကို ပြုအပ်သည့် ဝတ်တစ်ခုမျှ ပြုစရာမလိုတော့ဟု ဆိုကြ၏။ ၁၃  ထိုသို့ဖြင့် သင်တို့သည် အဆက်ဆက်ခံသော ထုံးတမ်းစဉ်လာကြောင့် ဘုရားသခင်၏ တရားစကားတော်ကို ပျက်ပြယ် စေကြပြီ။ အလားတူ အကျင့်ဓလေ့များစွာကိုလည်း သင်တို့ကျင့်ကြပြီ” ဟု မိန့်တော်မူပြန်၏။ ၁၄  ထိုအခါ လူအုပ်ကို အထံတော်သို့ တစ်ဖန်ခေါ်၍ “သင်တို့ရှိသမျှသည် နားထောင်၍ ဆိုလိုရင်းကို နားလည်ကြလော့။ ၁၅  ပြင်ပမှ လူအတွင်းသို့ ဝင်သောအရာသည် လူကိုမညစ်ညူးစေနိုင်။ လူအတွင်းမှထွက်သောအရာသည် လူကိုညစ်ညူးစေသည်” ဟုမိန့်ဆို၏။ ၁၆  — ၁၇  လူအုပ်ရှိရာမှ ကြွ၍ အိမ်သို့ ဝင်တော်မူသော် တပည့်တော်တို့သည် ထိုပုံဥပမာအကြောင်း မေးမြန်းကြ၏။ ၁၈  ထို့ကြောင့် ကိုယ်တော်က “သင်တို့သည်လည်း သူတို့ကဲ့သို့ နားမလည်ဘဲ ရှိနေကြသေးသလော။ ပြင်ပမှ လူအတွင်းသို့ ဝင်သောအရာသည် လူကိုမညစ်ညူးစေနိုင်ကြောင်း သင်တို့ မသိကြသလော။ ၁၉  ခံတွင်း သို့ဝင်သမျှသည် စိတ်နှလုံးထဲ မရောက်၊ ဝမ်းထဲရောက်၍ ရေအိမ်သို့ ဆင်းသွားရသည် မဟုတ်လော” ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ အစာရှိသမျှ သန့်ရှင်းသည်ဟု မိန့်တော်မူ၏။ ၂၀  ထို့ပြင် ကိုယ်တော်က “လူအတွင်းမှ ထွက်သောအရာသည် လူကို ညစ်ညူးစေတတ်၏။ ၂၁  အကြောင်းမူကား လူအတွင်းရှိ စိတ်နှလုံးထဲမှ ထွက်လာသည့် မကောင်းသော အကြံအစည်များမှာ မတရားမေထုန်ပြုခြင်း*၊ ခိုးခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ၂၂  အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ သူ့ဥစ္စာကိုတပ်မက်ခြင်း၊ ဆိုးသွမ်းခြင်း၊ လှည့်စားခြင်း၊ အကျင့်ပျက်ခြင်း*၊ မနာလိုမျက်စိရှိခြင်း၊ ဆဲဆိုခြင်း၊ မာနထောင်လွှားခြင်း၊ မိုက်မဲခြင်းတို့ဖြစ်၏။ ၂၃  ဤဆိုးညစ်သော အရာအပေါင်းတို့သည် အတွင်းမှ ထွက်လာ၍ လူကိုညစ်ညူးစေကြ၏” ဟု မိန့်တော်မူ၏။ ၂၄  ကိုယ်တော်သည် ထိုအရပ်မှ ထွက်ပြီးလျှင် တိုင်ရာနှင့် ဆိုင်ဒုန်နယ်များသို့ ကြွသွား၍ အိမ်တစ်အိမ်သို့ ဝင်နေရာ မည်သူ့ကိုမျှ မသိစေလိုသော်လည်း ပုန်းရှောင်၍ မလွတ်နိုင်။ ၂၅  ညစ်ညူးသော နတ်ပူးသည့် သမီးငယ်ရှိသော အမျိုးသမီးတစ်ဦးသည် ကိုယ်တော့်သတင်းကို ကြားသည်နှင့် လာ၍ ခြေတော်ရင်း၌ ပျပ်ဝပ်လေ၏။ ၂၆  သူသည် ဆီးရီးယားပြည်၊ ဖိုးနီးရှားဒေသမှ ဂရိအမျိုးသမီးဖြစ်၍ မိမိ၏သမီးထံမှ နတ်ဆိုးကို နှင်ထုတ်ပေးပါရန် ကိုယ်တော်အား တောင်းပန်လေ၏။ ၂၇  ကိုယ်တော်က “ဦးဆုံး၊ သားသမီးတို့ကို ဝစွာကျွေးရမည်။ သားသမီးတို့၏ အစာကို ယူ၍ ခွေးကလေးများကို မပေးသင့်” ဟုမိန့်တော်မူ၏။ ၂၈  ထိုအမျိုးသမီးကလည်း “မှန်ပါ၏၊ သခင်။ စားပွဲအောက်မှ ခွေးကလေးများသည် သားသမီးတို့၏ စားနုပ်စားပေါက်ကိုမူ စားရပါသည်” ဟုလျှောက်လေ၏။ ၂၉  ကိုယ်တော်က “ဤစကားကြောင့် သင်သွားလော့။ နတ်ဆိုးသည် သင့်သမီးထံမှ ထွက်သွားပြီ” ဟုမိန့်တော်မူ၏။ ၃၀  ထိုအမျိုးသမီးသည် အိမ်သို့ပြန်ရောက်သော် နတ်ဆိုးထွက်သွားပြီဖြစ်၍ အိပ်ရာပေါ်တွင် သမီးငယ်အိပ်နေသည်ကို တွေ့လေ၏။ ၃၁  ကိုယ်တော်သည် တိုင်ရာနယ်မှထွက်ပြန်၍ ဆိုင်ဒုန်နယ်ကို ဖြတ်ပြီးလျှင် ဂါလိလဲအိုင်အထက်နားမှ လျှောက်သွား၍ ဒေကာပေါလိနယ်သို့ ရောက်တော်မူ၏။ ၃၂  ထိုအခါ နားပင်း၍ ဆွံ့အသောသူ တစ်ဦးကိုအထံတော်သို့ ဆောင်ခဲ့၍ သူ့အပေါ်မှာ လက်တော်ကိုတင်ပါရန် တောင်းပန်ကြ၏။ ၃၃  ကိုယ်တော်သည် ထိုသူကို လူအုပ်ထဲမှ သီးခြားခေါ်ထုတ်သွားပြီးလျှင် လက်ညှိုးတော်များကို သူ၏နားနှစ်ဖက်၌ သွင်းလေ၏။ တံတွေးထွေး၍ သူ၏လျှာကိုလည်း တို့တော်မူ၏။ ၃၄  ထို့နောက် ကောင်းကင်သို့မျှော်ကြည့်၍ အသက်ပြင်းပြင်းရှူပြီးလျှင် “ဧဖသ” ဟုမိန့်တော်မူ၏။ အနက်ကား “ပွင့်စေ” ဟု ဆိုလိုသတည်း။ ၃၅  ထိုအခါ သူသည် နားပွင့်လျက်၊ လျှာကြောပြေလျက် ပုံမှန်အတိုင်း စကားပြောလေ၏။ ၃၆  ကိုယ်တော်က ထိုအကြောင်းကို မည်သူ့ကိုမျှ မပြောရန် မှာကြားလေ၏။ ထိုသို့ မှာကြားသော်လည်း ထိုသတင်းကို သာ၍ ပြောကြားကြ၏။ ၃၇  သူတို့သည် အလွန့်အလွန်အံ့ဩ၍ “သူသည် အရာရာကို အကောင်းဖြစ်စေပြီ။ နားပင်းသူတို့ကိုပင် ကြားစေ၍ ဆွံ့အသောသူတို့ကိုလည်း စကားပြောစေတော်မူပြီ” ဟုဆိုကြ၏။

အောက်ခြေမှတ်ချက်များ

နောက်ဆက်တွဲ ၄ ရှု။
သို့မဟုတ် “လိင်ပိုင်းတွင်စည်းကမ်းမရှိခြင်း၊ လိင်ပိုင်းကိုယ်ကျင့်သိက္ခာမဲ့ခြင်း၊ အရှက်မရှိခြင်း။”