မာကု ၆:၁-၅၆
၆ ထိုအရပ်မှ ထွက်၍ မိမိနေရင်းဒေသသို့ ကြွတော်မူရာ တပည့်တော်တို့သည်လည်း နောက်တော်သို့ လိုက်ကြ၏။
၂ ဥပုသ်နေ့၌ တရားဇရပ်တွင် သွန်သင်တော်မူရာ ကြားနာသူအများစုသည် အလွန်အံ့သြပြီး “ဤသူသည် ဤအရာတို့ကို အဘယ်ကရသနည်း။ ဤပညာကို မည်သို့ရသနည်း။ ဤတန်ခိုးများကို မည်သို့ပြနိုင်သနည်း။
၃ သူသည် လက်သမား မဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ယုဒ၊ ရှိမုန်တို့၏ အစ်ကို မဟုတ်လော။ သူ၏ နှမများလည်း ငါတို့နှင့်အတူ ဤအရပ်တွင် ရှိကြသည်မဟုတ်လော” ဟုပြောဆိုလျက် ကိုယ်တော်အား လက်မခံနိုင်ကြ။
၄ ယေရှုကလည်း “ပရောဖက်သည် မိမိနေရင်းဒေသ၊ မိမိဆွေမျိုးသားချင်းများရှိရာ၊ မိမိအိမ်မှတစ်ပါး အခြားသောအရပ်၌ ဂုဏ်အသရေရှိ၏” ဟုထိုသူတို့အား မိန့်တော်မူ၏။
၅ ထို့ကြောင့် ဖျားနာသူအနည်းငယ်အပေါ် လက်တင်၍ ကျန်းမာစေသည်မှအပ ထိုမြို့တွင် မည်သည့် တန်ခိုးကိုမျှ ပြတော်မမူ။
၆ သူတို့တွင် ယုံကြည်ခြင်းကင်းမဲ့သောကြောင့် အံ့သြတော်မူ၏။ ထို့နောက် ကိုယ်တော်သည် ပတ်ဝန်းကျင်ရွာများသို့ လှည့်လည်၍ သွန်သင်တော်မူ၏။
၇ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးကို ခေါ်ပြီးမှ နှစ်ဦးစီစေလွှတ်လျက် ညစ်ညူးသောနတ်တို့ကို နိုင်စေခြင်းငှာ အခွင့်အာဏာအပ်ပေးတော်မူ၏။
၈ ထို့ပြင် တောင်ဝှေးမှတစ်ပါး လမ်းခရီးအတွက် အဘယ်အရာကိုမျှ ယူမသွားကြရန်၊ စားစရာ၊ ရိက္ခာအိတ်မှစ၍ ခါးပန်းအိတ်ထဲ၌ ငွေတို့ကို မဆောင်ကြရန် မိန့်မှာတော်မူ၏။
၉ ဖိနပ်ကိုမူစီး၍ အင်္ကျီနှစ်ထည် မဆောင်ကြရန်* မိန့်မှာတော်မူ၏။
၁၀ ထို့ပြင် ကိုယ်တော်က “သင်တို့သည် မည်သည့်အိမ်သို့မဆို ဝင်လျှင် ထိုနေရာမှ မထွက်မသွားမီ ထိုအိမ်တွင် တည်းခိုကြလော့။
၁၁ သင်တို့ကို လက်မခံ၊ သင်တို့၏စကားကို နားမထောင်လျှင် ထိုအရပ်မှထွက်သွားစဉ် သူတို့အတွက် သက်သေဖြစ်စေရန် သင်တို့၏ခြေဖဝါးမှ မြေမှုန့်ကို ခါလိုက်ကြလော့” ဟုမိန့်တော်မူ၏။
၁၂ ထို့ကြောင့် သူတို့သည် ထွက်သွား၍ နောင်တရကြမည်အကြောင်း ဟောပြောကြ၏။
၁၃ နတ်ဆိုးအများကို နှင်ထုတ်ကြ၏။ မကျန်းမာသောသူအများတို့ကိုလည်း ဆီလူး၍ ကျန်းမာစေကြ၏။
၁၄ ယေရှု၏နာမတော်သည် ကျော်စောသဖြင့် ဟေရုဒ်မင်း၏နားသို့ ပေါက်ကြားလေ၏။ လူတို့က “နှစ်ခြင်းဆရာယောဟန်သည် သေခြင်းမှ ထမြောက်လေပြီ။ ထို့ကြောင့် ဤတန်ခိုးများကို ပြနိုင်သည်” ဟုဆိုကြ၏။
၁၅ လူအချို့က “ဤသူသည် ဧလိယဖြစ်သည်” ဟုဆိုကြ၏။ အချို့ကမူ “ပရောဖက်တစ်ပါးပါးနှင့် တူသည်” ဟုဆိုကြ၏။
၁၆ သို့သော် ဟေရုဒ်ကြားလျှင် “ငါခေါင်းဖြတ်လိုက်သော ယောဟန်သည် ထမြောက်လေပြီ” ဟုဆို၏။
၁၇ အကြောင်းမူကား ဟေရုဒ်သည် မိမိညီဖိလိပ္ပု၏ဇနီး ဟေရောဒိနှင့် ထိမ်းမြားသဖြင့် ထိုအမျိုးသမီးကြောင့် ယောဟန်ကို ဖမ်းဆီးချုပ်နှောင်၍ ထောင်ချခဲ့၏။
၁၈ ယောဟန်က “မင်းကြီးသည် ထိုမိန်းမကို မသိမ်းမယူအပ်” ဟုဟေရုဒ်အား အကြိမ်ကြိမ် ဆိုသောကြောင့်ဖြစ်၏။
၁၉ ဟေရောဒိသည် ယောဟန်ကို အငြိုးထား၍ သတ်လိုသော်လည်း မသတ်နိုင်ချေ။
၂၀ အကြောင်းမူကား ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသောသူဖြစ်ကြောင်း ဟေရုဒ်သိသဖြင့် သူ့ကို ကြောက်ရွံ့ရိုသေ၍ လုံခြုံစွာထား၏။ ယောဟန်၏စကားကို ကြားနာပြီးတိုင်း သူ့အား မည်သို့ပြုရမှန်း ဝေခွဲမရဖြစ်တတ်သော်လည်း ဝမ်းမြောက်စွာ ကြားနာလေ့ရှိ၏။
၂၁ သို့ရာတွင် ဟေရုဒ်သည် မိမိမွေးနေ့၌ အရာရှိများ၊ တပ်မှူးများ၊ ဂါလိလဲပြည်၌ အရေးပါသူများအား ညစာစားပွဲတည်ခင်းသောအခါ ဟေရောဒိအတွက် အခွင့်အရေး ပေါ်လာ၏။
၂၂ ဟေရောဒိ၏သမီးသည် ဝင်၍ ကသဖြင့် ဟေရုဒ်မှစ၍ သူနှင့်အတူထိုင်သောသူတို့ပါ အလွန်သဘောကျကြ၏။ ထိုအခါ မင်းကြီးက “သင်အလိုရှိရာကို တောင်းလော့၊ ငါပေးမည်” ဟုထိုသူငယ်မအား ဆိုပြီးနောက်၊
၂၃ “သင်တောင်းသမျှကို ငါ၏နိုင်ငံတစ်ဝက်တိုင်အောင် ပေးမည်” ဟုကျိန်ဆိုလေ၏။
၂၄ ထိုသူငယ်မသည် ထွက်သွား၍ “အဘယ်အရာကို တောင်းရမည်နည်း” ဟုမိခင်အား မေးလျှင်၊ မိခင်က “နှစ်ခြင်းဆရာ ယောဟန်၏ ဦးခေါင်းကို တောင်းလော့” ဟုဆို၏။
၂၅ သူငယ်မသည် မင်းကြီးထံသို့ အမြန်ဝင်၍ “နှစ်ခြင်းဆရာ ယောဟန်၏ဦးခေါင်းကို လင်ပန်းတွင်တင်၍ ယခုပင် ပေးစေလိုပါသည်” ဟုတောင်းလျှောက်၏။
၂၆ မင်းကြီးသည် အလွန်ဝမ်းနည်းသော်လည်း ကျိန်ဆိုထားခြင်း၊ စားပွဲတွင် လျောင်းသောသူတို့၏မျက်နှာကို ထောက်ထားခြင်းတို့ကြောင့် မငြင်းပယ်လို။
၂၇ ထို့ကြောင့် ကိုယ်ရံတော်တစ်ဦးကို ချက်ချင်းစေလွှတ်၍ ယောဟန်၏ဦးခေါင်းကို ယူလာစေ၏။ ထိုသူသည်လည်း သွား၍ ထောင်ထဲမှာ ယောဟန်၏ခေါင်းကို ဖြတ်လေ၏။
၂၈ ဦးခေါင်းကို လင်ပန်းတွင်တင်၍ ယူလာပြီးလျှင် သူငယ်မအား ပေး၏။ သူငယ်မသည်လည်း မိခင်ကိုပေးလေ၏။
၂၉ ယောဟန်၏ တပည့်တို့သည် ကြားလျှင် လာ၍ အလောင်းကို သယ်ဆောင်သွားပြီး သင်္ချိုင်းဂူ၌ ထားကြ၏။
၃၀ တမန်တော်တို့သည် ယေရှုထံပါး စုရုံးလာ၍ မိမိတို့ ပြုခဲ့သမျှ၊ သွန်သင်ခဲ့သမျှကို ကြားလျှောက်ကြ၏။
၃၁ ကိုယ်တော်ကလည်း “လူသူကင်းမဲ့ရာ အရပ်သို့ သီးသန့်လာ၍ ခဏနားကြ” ဟု မိန့်တော်မူ၏။ အကြောင်းမူကား လူအများ ဝင်ထွက် သွားလာသည် ဖြစ်၍ အစာစားရန်ပင် မအားနိုင်ကြ။
၃၂ ထို့ကြောင့် သူတို့သည် လူသူကင်းမဲ့ရာအရပ်သို့ လှေဖြင့် ထွက်သွားကြ၏။
၃၃ သူတို့ထွက်သွားသည်ကို လူအများသိမြင်လျှင် အမြို့မြို့မှ ထွက်၍ ထိုအရပ်သို့ ကုန်းကြောင်း ပြေးသွားသဖြင့် အလျင်ရောက်နေကြ၏။
၃၄ ကိုယ်တော်သည် ထွက်ကြွ၍ လူအုပ်ကြီးကို တွေ့မြင်လျှင် ထိုသူတို့သည် ထိန်းသူမဲ့သည့် သိုးများကဲ့သို့ ဖြစ်ကြသောကြောင့် သနားသောစိတ်ရှိသဖြင့် များစွာသွန်သင်တော်မူ၏။
၃၅ ညနေပိုင်းရောက်သော် တပည့်တော်တို့သည် အထံတော်သို့ ချဉ်းကပ်၍ “ဤအရပ်သည် လူသူကင်းမဲ့ရာအရပ် ဖြစ်ပါ၏။ အချိန်လည်း လွန်ပါပြီ။
၃၆ လူတို့သည် ပတ်ဝန်းကျင် ရွာဇနပုဒ်များသို့သွား၍ မိမိတို့အတွက် စားစရာဝယ်ရန် စေလွှတ်တော်မူပါ” ဟုလျှောက်ဆိုကြ၏။
၃၇ ကိုယ်တော်က “စားစရာကို သင်တို့ပေးကြ” ဟုပြန်ပြောတော်မူ၏။ တပည့်တော်တို့ကလည်း “ကျွန်ုပ်တို့သည် သွား၍ ဒေနာရိ*နှစ်ရာဖိုး မုန့်ကိုဝယ်ပြီးမှ သူတို့အား စားစရာပေးရမည်လော” ဟုလျှောက်ကြ၏။
၃၈ ကိုယ်တော်က “သင်တို့တွင် မုန့်ဘယ်နှစ်လုံးရှိသနည်း။ သွား၍ ကြည့်ကြ” ဟုဆို၏။ သူတို့ သွားကြည့်ပြီးနောက် “မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရှိပါသည်” ဟုလျှောက်ကြ၏။
၃၉ ထိုအခါ မြက်ခင်းပေါ် အုပ်စုလိုက်လျောင်းကြရန် လူအပေါင်းကို မိန့်တော်မူ၏။
၄၀ ထိုသူတို့သည်လည်း တစ်ရာစု၊ ငါးဆယ်စု ထိုင်ကြ၏။
၄၁ ကိုယ်တော်သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့ မော့ကြည့်လျက် ဆုတောင်းပြီးမှ မုန့်ကိုဖဲ့ပြီးလျှင် လူတို့အားဝေငှရန် တပည့်တော်တို့အား ပေးတော်မူ၏။ ထို့နောက် ငါးနှစ်ကောင်ကိုလည်း ခွဲဝေပေးတော်မူ၏။
၄၂ ထိုသူအပေါင်းတို့သည် အဝစားကြပြီးနောက်၊
၄၃ ငါးမပါဘဲ စားကြွင်းစားကျန်များကို ကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းအပြည့်ရ၏။
၄၄ မုန့်ကို စားသုံးသူများမှာ ယောက်ျားငါးထောင် ရှိ၏။
၄၅ ကိုယ်တော်သည် လူအုပ်ကိုလွှတ်တော်မူစဉ် ကမ်းတစ်ဖက်ရှိ ဘက်ဆိုင်းဒါမြို့သို့ လှေဖြင့်သွားနှင့်ကြရန် တပည့်တော်များကို ချက်ချင်းမှာကြားတော်မူ၏။
၄၆ သူတို့ကို နှုတ်ဆက်စကားပြောပြီးမှ ဆုတောင်းရန် တောင်ပေါ်သို့ ကြွတော်မူ၏။
၄၇ ညဦးယံ အချိန်ရောက်သော် လှေသည် အိုင်အလယ်၌ရှိ၏။ ကိုယ်တော်မူကား ကုန်းပေါ်မှာ တစ်ကိုယ်တည်း ရှိနေတော်မူ၏။
၄၈ လေဆန်နေသောကြောင့် တပည့်တော်တို့သည် ပင်ပန်းခက်ခဲစွာ လှော်ခတ်နေကြသည်ကို မြင်တော်မူ၏။ မိုးသောက်ယံအချိန်ခန့်တွင် အိုင်ပေါ်မှာ လမ်းလျှောက်၍ သူတို့ရှိရာသို့ကြွလာရာ၊ သူတို့ကို လွန်သွားမည်ပြုတော်မူ၏။
၄၉ ထိုသို့ အိုင်ပေါ်တွင် လမ်းလျှောက်၍ ကြွလာတော်မူသည်ကို မြင်ကြသော် “တစ္ဆေ” ဟုထင်၍ အော်ဟစ်ကြ၏။
၅၀ သူတို့သည် ကိုယ်တော်ကိုမြင်လျှင် ကြောက်လန့်ကြသဖြင့် ကိုယ်တော်က ချက်ချင်းနှုတ်ဆက်၍ “အားယူကြလော့။ ငါပင်ဖြစ်၏။ မကြောက်ကြနှင့်” ဟုမိန့်တော်မူ၏။
၅၁ သူတို့ရှိရာ လှေပေါ်သို့ တက်တော်မူလျှင် လေငြိမ်သွားလေရာ တပည့်တော်တို့သည် အလွန်အံ့သြကြ၏။
၅၂ အကြောင်းမူကား မုန့်ကျွေးသည့်အံ့ဖွယ်အမှုမှ သင်ခန်းစာယူသင့်ကြောင်း သူတို့သဘောမပေါက်ကြ။ သူတို့၏စိတ်နှလုံးသည် ထိုင်းမှိုင်းလျက် နားမလည်နိုင်ကြသေး။
၅၃ ထို့နောက် ကမ်းတစ်ဖက်သို့ကူး၍ ဂင်နေသရက်နယ်သို့ ရောက်လျှင် လှေကိုဆိုက်ကြ၏။
၅၄ လှေပေါ်မှ ဆင်းကြသည်နှင့် လူတို့သည် ကိုယ်တော်အား မှတ်မိကြသဖြင့်၊
၅၅ ထိုဒေသ ပတ်ဝန်းကျင် အရပ်ရှိသမျှသို့ ပြေးသွား၍ ကိုယ်တော်ရှိတော်မူကြောင်း ကြားရာအရပ်သို့ လူနာတို့ကို အိပ်ရာနှင့် ဆောင်ခဲ့ကြ၏။
၅၆ ကိုယ်တော် ကြွလေရာရာ မြို့ရွာဇနပုဒ်များတွင် ဈေးများ၌ လူနာများကို ချထား၍ ကိုယ်တော်၏ဝတ်လုံအမြိတ်ကို တို့ထိခွင့် ပြုပါမည်အကြောင်း တောင်းပန်ကြ၏။ တို့ထိသူတိုင်းလည်း ကျန်းမာပကတိဖြစ်ကြ၏။