တမန်တော် ၂၇:၁-၄၄

၂၇  ဖေတ္တုမင်းသည် ငါတို့ကို အီတလီပြည်သို့ ရေကြောင်းခရီးဖြင့် ပို့လိုက်မည်ဟု ဆုံးဖြတ်ပြီးသောအခါ ပေါလုနှင့် အခြားအကျဉ်းသားများကို ဘုရင့်တပ်နှင့်ဆိုင်သော တပ်မှူးယုလိလက်သို့ အပ်လိုက်ကြ၏။ ၂  အာရှနယ် ပင်လယ်ကမ်းရိုးတန်းဒေသတစ်လျှောက် ရွက်လွှင့်မည့် အဒြမုတ္တိမြို့မှ သင်္ဘောကိုစီး၍ လွှင့်ကြ၏။ မက်ဆီဒိုးနီးယားပြည်၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုသည် ငါတို့နှင့်အတူ ပါလာ၏။ ၃  နောက်တစ်နေ့တွင် ဆိုင်ဒုန်မြို့၌ ဆိုက်ကြ၏။ ယုလိသည် ပေါလုအပေါ် ကရုဏာထားသဖြင့် မိတ်ဆွေတို့ထံသွားခွင့်၊ သူတို့၏ပြုစုမှုကို ခံယူခွင့်ပေး၏။ ၄  ထိုမြို့မှ ပင်လယ်ဘက်သို့ ထွက်ခွာလာသော်လေဆန်ဖြစ်သောကြောင့်ဆိုက်ပရပ်စ်ကျွန်း လေကွယ်ရာဘက်မှ ရွက်လွှင့်ကြ၏။ ၅  ကိလိကိပြည်နှင့် ပံဖုလိပြည်တစ်လျှောက် ပင်လယ်ပြင်ကိုဖြတ်၍ လုကိပြည်၊ မုရမြို့သို့ ရောက်ကြ၏။ ၆  ထိုတွင် အီတလီပြည်သို့သွားမည့် အလက်ဇန္ဒြားမြို့မှ သင်္ဘောကို တပ်မှူးသည်တွေ့၍ ထိုသင်္ဘောပေါ်သို့ ငါတို့ကို တင်လေ၏။ ၇  ငါတို့သည်ရက်အတန်ကြာ တဖြည်းဖြည်း ရွက်လွှင့်၍ ကနိဒ်မြို့သို့ ခက်ခဲစွာဦးတည်ပြီးမှ လေမသင့်သောကြောင့် ရှေ့ဆက်မသွားနိုင်သဖြင့် သာလမုန်အငူ အနီးမှဖြတ်၍ ခရိကျွန်း လေကွယ်ရာဘက်မှရွက်လွှင့်ကြ၏။ ၈  ခက်ခက်ခဲခဲဖြင့် ရွက်လွှင့်၍ လာသဲမြို့အနီးရှိ ဆိပ်ကမ်းသာဟုခေါ်သော အရပ်သို့ ရောက်ကြ၏။ ၉  ကာလအတန်ကြာသော် အစာရှောင်ရာနေ့ကြီးပင် လွန်ပြီဖြစ်၍ ရေကြောင်းခရီးသွားရန် အန္တရာယ်ရှိသဖြင့် ပေါလုအကြံပေးသည်မှာ၊ ၁၀  “အချင်းလူတို့၊ ယခု ပင်လယ်ကိုကူးလျှင် သင်္ဘောနှင့် ကုန်များဆုံးရှုံးရုံမက ငါတို့အသက်*လည်း ဆုံးရှုံးမည်ကို ငါသိမြင်သည်” ဟုဆို၏။ ၁၁  သို့သော်လည်း တပ်မှူးသည် ပေါလု၏စကားကို နားမထောင်ဘဲ ရေယာဉ်မှူး၏စကားနှင့် သင်္ဘောပိုင်ရှင်၏စကားကို နားထောင်၏။ ၁၂  ထိုဆိပ်ကမ်း၌ ဆောင်းခိုရန် မသင့်သောကြောင့် ထိုနေရာမှ ရွက်လွှင့်ပြီးလျှင် အရှေ့မြောက်နှင့် အရှေ့တောင်သို့ မျက်နှာမူထားသော ခရိကျွန်း၊ ဖိနိတ်ဆိပ်ကမ်းသို့ အရောက်သွား၍ ဆောင်းခိုရန် လူအများစုက အကြံပြုကြ၏။ ၁၃  တောင်လေ ညင်သာစွာ တိုက်ခတ်သော် သူတို့အကြံအောင်ပြီ စိတ်ထင်ဖြင့် ကျောက်ဆူးကို ဆွဲတင်ပြီးလျှင် ခရိကျွန်းကမ်းရိုးတန်းမှ လွှင့်သွားကြ၏။ ၁၄  သို့ရာတွင် များမကြာမီ ဥရကုလုန်ဟုခေါ်သော လေပြင်းမုန်တိုင်းတိုက်ခတ်လေ၏။ ၁၅  သင်္ဘောသည် လေဟုန်မိသဖြင့် လေဆန်မတက်နိုင်ဘဲ လေဆောင်ရာပါသွား၏။ ၁၆  ကောဒဟုခေါ်သော ကျွန်းငယ်ကို လေရိပ်ခို၍ အမြန်ရွက်လွှင့်စဉ်နောက်တွဲသမ္ဗန်ကိုမနည်းထိန်းပြီး၊ ၁၇  သင်္ဘောပေါ်သို့ဆွဲတင်ပြီးလျှင် သင်္ဘောဝမ်းကိုလည်း ကြိုးနှင့်ပတ်ရစ်ချည်နှောင်၍ ခိုင်ခံ့အောင်ပြုကြ၏။ သုရတိသောင်ပေါ်မှာ တင်မည်ကိုလည်းစိုးရိမ်သောကြောင့် ရွက်ကြိုးတန်ဆာများကို ဖြေလျှော့သဖြင့် လေတိုက်ရာသို့ လွင့်ပါကြ၏။ ၁၈  လှိုင်းတံပိုးပြင်းထန်စွာရိုက်ခတ်သောကြောင့် နောက်တစ်နေ့တွင် သင်္ဘောကို ပေါ့စေကြ၏။ ၁၉  သုံးရက်မြောက်သောနေ့၌ သင်္ဘောတန်ဆာများကို ပစ်ချကြ၏။ ၂၀  နေနှင့် ကြယ်များကို နေ့ရက်များစွာ မမြင်ကြရ။ မုန်တိုင်းထန်နေသဖြင့် ငါတို့သည် အသက်ချမ်းသာရမည်ဟု မျှော်လင့်စရာ အလျှင်းမရှိ။ ၂၁  အစာမစားဘဲနေကြသည်မှာ ကြာပြီဖြစ်၍ ပေါလုသည် သူတို့အလယ်၌ ထရပ်လျက် “အချင်းလူတို့၊ သင်တို့သည် ငါ့စကားကို နာယူ၍ ခရိကျွန်းမှ မလွှင့်ဘဲနေခဲ့လျှင် ဤသို့ပျက်စီးဆုံးရှုံးမည် မဟုတ်။ ၂၂  ယခုမှာမူ အားယူကြလော့။ အကြောင်းမူကား သင်တို့ အသက်* ဆုံးရှုံးမည်မဟုတ်။ သင်္ဘောသာ ဆုံးရှုံးလိမ့်မည်။ ၂၃  အဘယ်ကြောင့်ဆိုသော် ငါ့ကိုပိုင်တော်မူသော၊ ငါဝတ်ပြုကိုးကွယ်သော ဘုရားသခင်၏ ကောင်းကင်တမန်တစ်ပါးသည် ညက ငါ့အနားမှာ ပေါ်လာ၍၊ ၂၄  ‘ပေါလု၊ မကြောက်နှင့်။ သင်သည် ကဲသာ*၏ရှေ့မှောက်သို့ ရောက်ရမည်။ ဘုရားသခင်သည် သင်နှင့်အတူ လိုက်ပါသူအပေါင်းတို့ကို အသက်ချမ်းသာ ပေးလိမ့်မည်’ ဟုမိန့်ဆို၏။ ၂၅  ထို့ကြောင့် အားယူကြလော့။ ငါ့အား ဘုရားသခင် မိန့်တော်မူသည့်အတိုင်းပင် ဖြစ်လိမ့်မည်ဟု ငါယုံကြည်၏။ ၂၆  သို့ရာတွင် ငါတို့၏သင်္ဘောသည် တစ်စုံတစ်ခုသော ကျွန်းပေါ်တွင် သောင်တင်ရလိမ့်မည်” ဟုဆို၏။ ၂၇  တစ်ဆယ့်လေးရက်မြောက်ည၌ ငါတို့သည် အာဒြိပင်လယ်တွင် လွင့်မျောနေစဉ် သန်းခေါင်အချိန်၌ကမ်းတစ်ခုခုအနီးသို့ ရောက်လုသည်ဟု သင်္ဘောသားတို့ ထင်မှတ်ကြ၏။ ၂၈  ရေအနက်ကိုတိုင်းသော် ပေတစ်ရာ့နှစ်ဆယ်နက်ကြောင်းတွေ့ရ၏။ ထိုမှအနည်းငယ်လွန်ပြန်လျှင် ရေအနက်ကိုတိုင်းပြန်သော် ပေကိုးဆယ်နက်သည်ကို တွေ့ရ၏။ ၂၉  ကျောက်ဆောင်ကို တိုက်မိမည်စိုးသောကြောင့် သင်္ဘောပဲ့ပိုင်းမှ ကျောက်ဆူးလေးလက်ကိုချ၍ မိုးလင်းရန် တောင့်တနေကြ၏။ ၃၀  သင်္ဘောသားတို့သည် သင်္ဘောကိုစွန့်မည့်အကြံဖြင့် သင်္ဘောဦးသို့သွား၍ ကျောက်ဆူးချဟန်ပြုပြီး သမ္ဗန်ကိုလျှောချသောအခါ၊ ၃၁  ပေါလုက “ဤသူတို့ သင်္ဘောပေါ်တွင် မနေလျှင် သင်တို့သည် အသက်ချမ်းသာ မရနိုင်ကြ” ဟုတပ်မှူးနှင့် စစ်သည်တို့ကိုဆိုလေ၏။ ၃၂  ထိုအခါ စစ်သည်တို့သည် သမ္ဗန်ကြိုးကိုဖြတ်၍ ချလိုက်ကြ၏။ ၃၃  မိုးလင်းလုသောအခါပေါလုသည် အစာစားကြရန် လူအပေါင်းကိုတိုက်တွန်းလျက် “သင်တို့သည် တစ်ဆယ့်လေးရက်ပတ်လုံး အစာမစားဘဲ အငတ်ခံ၍ စောင့်မျှော်နေကြပြီ။ ၃၄  ထို့ကြောင့် သင်တို့အသက် ချမ်းသာရရေးအတွက် အစာကို စားသောက်ကြလော့။ သင်တို့ဆံခြည်တစ်ပင်မျှမပျက်စီးရ” ဟုဆို၏။ ၃၅  ထို့နောက် ပေါလုသည် မုန့်ကိုယူ၍ ထိုသူအပေါင်းတို့ရှေ့၌ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ စားလေ၏။ ၃၆  ထိုသူအပေါင်းတို့သည်လည်း စိတ်သက်သာရာရပြီး အစာစားကြ၏။ ၃၇  သင်္ဘောပေါ်တွင်ပါသော လူ*အရေအတွက်ကား နှစ်ရာခုနစ်ဆယ့်ခြောက်ဦး ဖြစ်၏။ ၃၈  အစာကို ဝအောင်စားကြပြီးသော် ဂျုံစပါးကို ပင်လယ်ထဲသို့ ပစ်ချ၍ သင်္ဘောကိုပေါ့စေကြ၏။ ၃၉  မိုးလင်းသောအခါ ထိုအရပ်ကို အသေအချာ မသိသော်လည်း ပင်လယ်ကွေ့ ကမ်းခြေတစ်ခုကို တွေ့မြင်သဖြင့် သင်္ဘောကိုကမ်းပေါ်တင်ရန် ဆုံးဖြတ်ကြ၏။ ၄၀  ကျောက်ဆူးများကို ပင်လယ်ထဲဖြတ်ချပြီးလျှင် ပဲ့ထိန်းတက်မများမှကြိုးများကို ဖြေကြ၏။ထို့နောက် သင်္ဘောဦးမှ ရွက်ကိုတင်လျက် ကမ်းခြေဘက်သို့ ရွက်တိုက်ကြ၏။ ၄၁  ရေတိမ်ရာသို့ ရောက်လျှင် သဲသောင်ကို တိုက်မိ၍ သင်္ဘောဦးသည် သဲသောင်တွင် စိုက်လျက် မလှုပ်နိုင်တော့။ ပဲ့ပိုင်းမူကား လှိုင်းရိုက်သဖြင့် ကျိုးပဲ့လေ၏။ ၄၂  ထိုအခါစစ်သည်တို့သည် အကျဉ်းသားများ ရေကူး၍ ထွက်ပြေးမည် စိုးရိမ်သောကြောင့် သူတို့ကိုသတ်ပစ်ရန် ဆုံးဖြတ်ကြ၏။ ၄၃  သို့သော် တပ်မှူးသည် ပေါလုကို အသက်ချမ်းသာပေးလိုသဖြင့် သူတို့၏အကြံကို တားမြစ်၍ ရေကူးနိုင်သောသူတို့အား ကုန်းသို့ ဦးစွာကူးသွားစေ၏။ ၄၄  ကျန်ရှိသူတို့အနက် အချို့ကို ပျဉ်ချပ်များ၊ အချို့ကို သင်္ဘောအပိုင်းအစများ စီး၍ကူးစေ၏။ ထို့ကြောင့် လူအပေါင်းတို့သည်ဘေးလွတ်၍ ကုန်းပေါ်သို့ ရောက်ကြ၏။

အောက်ခြေမှတ်ချက်များ

ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။
သို့မဟုတ်၊ “ဧကရာဇ်မင်း။”
ဂရိ၊ “ပစီးခီး။” နောက်ဆက်တွဲ ၇ ရှု။