မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း

ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုထားတာလဲ

ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုထားတာလဲ

အခုဖော်ပြမယ့် ဆွေးနွေးခန်းက သက်သေခံတစ်ဦးနဲ့ အိမ်ရှင်တစ်ဦးတို့ ပြောဆိုတတ်တဲ့ ဆွေးနွေးခန်းဖြစ်ပါတယ်။ သက်သေခံရဲ့နာမည်ကို မသီတာ၊ အိမ်ရှင်ရဲ့နာမည်ကိုတော့ မချယ်ရီလို့ ဆိုကြပါစို့။

ကျွန်ုပ်တို့ ဆင်းရဲဒုက္ခရောက်နေတာကို ဘုရားသခင် ဘယ်လိုခံစားရပါသလဲ

မသီတာ– မင်္ဂလာပါ၊ မချယ်ရီ။ ကျွန်မကို မှတ်မိတယ်နော်။

မချယ်ရီ– မှတ်မိပါတယ်။ ဟိုတစ်ပတ်က ကျွန်မဆီလာပြီး ကျမ်းစာအကြောင်းတွေ ပြောပြသွားတဲ့ မသီတာ မဟုတ်လား။

မသီတာ– ဟုတ်ပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်မတို့ ဆင်းရဲဒုက္ခရောက်နေတာကို ဘုရားသခင် ဘယ်လိုခံစားရသလဲဆိုတဲ့အကြောင်း ဆွေးနွေးခဲ့ကြတယ်။ * အဲဒီအကြောင်းကို မချယ်ရီ သိချင်နေတာကြာပြီမဟုတ်လား။ အထူးသဖြင့် မချယ်ရီရဲ့အမေ ကားတိုက်ခံရပြီး နောက်ပိုင်းမှာ ပိုသိချင်လာတယ်ဆိုပြီး ကျွန်မကို ပြောပြခဲ့တယ်နော်။ ဪ၊ ဒါနဲ့ မချယ်ရီရဲ့အမေ နေကောင်းရဲ့လား။

မချယ်ရီ– အမေ့အခြေအနေက တစ်နေ့ရွှေ၊ တစ်နေ့ငွေလိုပါပဲ။ ကောင်းလိုက်၊ မကောင်းလိုက်နဲ့လေ၊ ဒီနေ့တော့ အမေနေကောင်းပါတယ်။

မသီတာ– ဒါဆို ဝမ်းသာစရာပဲပေါ့။ ဒီလိုအခြေအနေမျိုးကို မချယ်ရီ ရင်ဆိုင်နေရတာ အတော်လေးကို ခက်မှာပဲနော်။

မချယ်ရီ– ခက်တာပေါ့၊ ဒီဒုက္ခကို အမေ ဘယ်လောက်ကြာကြာ ခံစားနေရမှာလဲလို့ တစ်ခါတလေ စဉ်းစားမိတယ်။

မသီတာ– ဒီလိုစဉ်းစားတာ မဆန်းပါဘူး။ ဒါနဲ့ ဘုရားသခင်မှာ တန်ခိုးရှိရဲ့သားနဲ့ ဘာဖြစ်လို့ဆင်းရဲဒုက္ခတွေကို ဖြစ်ခွင့်ပြုနေရတာလဲလို့ ပြီးခဲ့တဲ့အခေါက်တုန်းက ပြန်ခါနီး ကျွန်မမေးခဲ့တာကို မှတ်မိသေးလား။

မချယ်ရီ– မှတ်မိပါတယ်။

မသီတာ– ဒီအကြောင်းကို မပြောခင်မှာ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မတို့ဆွေးနွေးခဲ့ကြတဲ့ အချက်တွေကို ပြန်ပြောကြရအောင်။

မချယ်ရီ– ကောင်းပါပြီ။

မသီတာ– ဆင်းရဲဒုက္ခတွေကို ဘုရား ဘာဖြစ်လို့ ခွင့်ပြုထားရတာလဲဆိုတာ ကျမ်းစာခေတ်က သစ္စာရှိသူတစ်ယောက်လည်း သိချင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလိုမေးရကောင်းလားဆိုပြီး ဘုရားသခင် သူ့ကို အပြစ်မတင်ခဲ့သလို ယုံကြည်ခြင်း ထပ်လိုသေးတယ်ဆိုပြီးတော့လည်း မပြောခဲ့ဘူး။

မချယ်ရီ– အဲဒီအကြောင်းကို မသီတာပြောပြတော့မှပဲ ကျွန်မ ကြားဖူးတာ။

မသီတာ– ကျွန်မတို့ ဆင်းရဲဒုက္ခရောက်နေတာကို ဘုရားမမြင်ချင်ဘူးဆိုတဲ့အချက်ကိုလည်း သိခဲ့ရတယ်။ဥပမာ၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူတွေ ဒုက္ခရောက်တဲ့အခါ “သင်တို့ကို ထိသောသူသည် မျက်ဆံတော်ကို ထိသောသူဖြစ်၏” * လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ကျွန်မတို့ ဒုက္ခရောက်တဲ့အခါ ဘုရားသခင်လည်း စိတ်ထိခိုက်တယ်ဆိုတာကို သိရလို့ စိတ်သက်သာရာရတယ်မဟုတ်လား။

မချယ်ရီ– ဟုတ်ပါတယ်။

မသီတာ– တန်ခိုးကြီးရှင် ဘုရားသခင်က ဆင်းရဲဒုက္ခတွေကို တစ်ခဏလေးနဲ့ ပယ်ဖျက်ပေးနိုင်စွမ်းရှိတယ်ဆိုတာ ကျွန်မတို့ သိခဲ့တယ်နော်။

မချယ်ရီ– ဒီအချက်ကို ကျွန်မနားမလည်နိုင်တာပဲ။ ဘုရားသခင်မှာ မကောင်းမှုတွေကို ပယ်ဖျက်ပေးနိုင်စွမ်းရှိရဲ့သားနဲ့ ဘာဖြစ်လို့ ဖြစ်ခွင့်ပြုထားရတာလဲ။

ဘယ်သူက အမှန်အတိုင်း ပြောတာလဲ

မသီတာ– မချယ်ရီရဲ့မေးခွန်းအတွက် အဖြေကို သမ္မာကျမ်းစာရဲ့ ပထမဦးဆုံးကျမ်းဖြစ်တဲ့ ကမ္ဘာဦးကျမ်းမှာ ရှာကြရအောင်။ အာဒံနဲ့ ဧဝရဲ့ ဇာတ်လမ်းကို မချယ်ရီ ကြားဖူးသလား။

မချယ်ရီ– ကြားဖူးတယ်။ အပင်တစ်ပင်ရဲ့အသီးကို မစားနဲ့လို့ သူတို့ကို ဘုရားပြောပေမဲ့ အဲဒီအသီးကို သူတို့ စားလိုက်ကြတယ်မဟုတ်လား။

မသီတာ– မှန်ပါတယ်။ အခု အာဒံနဲ့ဧဝ အပြစ်ပြုမိသွားတဲ့ ဇာတ်လမ်းကို ဖတ်ကြည့်ရအောင်။အဲဒီဇာတ်လမ်းက ကျွန်မတို့ ဆင်းရဲဒုက္ခ ရောက်ရတဲ့အကြောင်းရင်းနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ကမ္ဘာဦး အခန်းကြီး ၃၊ အငယ် ၁ ကနေ ၅ အထိ ကျေးဇူးပြုပြီး မချယ်ရီ ဖတ်ပေးပါလား။

မချယ်ရီ– “မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍ မိန်းမအား ‘သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကို မစားရဟု ဧကန်စင်စစ် ဘုရားသခင် မိန့်တော်မူသလော’ ဟုမေး၏။ မိန်းမကလည်း ‘ငါတို့သည် ဥယျာဉ်၌ရှိသော အပင်တို့၏အသီးကို စားရသောအခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား သင်တို့သည် မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေမည်ဟု ဘုရားသခင်အမိန့်တော်ရှိသည်’ ဟု မြွေအားဆို၏။ မြွေကလည်း ‘သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်။ အကြောင်းမူကား ထိုအသီးကို စားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့သည်ကို ဘုရားသခင်သိတော်မူသည်’ ဟု မိန်းမအားဆို၏။”

မသီတာ– ကျေးဇူးတင်ပါတယ်။ ဒီကျမ်းချက်ကို ခဏလောက် ဆန်းစစ်ကြည့်ရအောင်။ မြွေက လူမိန်းမ ဧဝကို စကားပြောနေတယ်လို့ ဒီကျမ်းချက်မှာ ဖော်ပြထားတယ်။ တကယ်တော့ မြွေကနေတစ်ဆင့် ဧဝကို စကားပြောနေသူက စာတန်မာရ်နတ်ဖြစ်တယ်လို့ တခြားကျမ်းချက်ကနေ သိရတယ်။ * မာရ်နတ်က ဧဝကို အပင်တစ်ပင်နဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ မိန့်မှာချက်ကို မေးခဲ့တယ်။ အာဒံနဲ့ဧဝသာ အဲဒီအပင်ရဲ့ အသီးကို စားမယ်ဆိုရင် သူတို့ ဘာအပြစ်ဒဏ် ခံရမလဲ။

မချယ်ရီ– သူတို့ သေရလိမ့်မယ်။

မသီတာ– မှန်ပါတယ်။ ဒါပေမဲ့ စာတန်က “သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်” လို့ ပြောခဲ့တယ်။ အဲဒီလိုပြောလိုက်တာက ဘုရားသခင်ဟာ လိမ်ညာသူလို့ မတရားစွပ်စွဲလိုက်တာပဲ။

မချယ်ရီ– ဟုတ်လား။ အဲဒီအကြောင်းကို ကျွန်မ အခုမှပဲ သိတော့တယ်။

မသီတာ– ဘုရားသခင်ကို လိမ်ညာသူလို့ စာတန်စွပ်စွဲလိုက်တဲ့အခါ ဒီကိစ္စ မှန်မမှန် သိရှိဖို့ အချိန်လိုအပ်လာတယ်။ ဘာကြောင့်လဲဆိုတာ မချယ်ရီ သိသလား။

မချယ်ရီ– ကျွန်မ မသိပါဘူး။

မသီတာ– ကောင်းပြီ။ ဒါဆို အဲဒီအချက်ကို နားလည်နိုင်ဖို့ ဥပမာတစ်ခု ပေးမယ်။ ကျွန်မက မချယ်ရီထက် ခွန်အားပိုရှိတယ်လို့ ပြောတယ်ဆိုပါစို့။ ကျွန်မပြောတာ မှန်မမှန်ဆိုတာသိဖို့ မချယ်ရီ ဘာလုပ်မလဲ။

မချယ်ရီ– တစ်ခုခုနဲ့ စမ်းမှာပေါ့။

မသီတာ– သိပ်မှန်တာပဲ။ ပစ္စည်းအလေးတစ်ခုကို ဘယ်သူမ,နိုင်မလဲဆိုတာ စမ်းမှာပေါ့။ အဲဒီလိုစမ်းရင် ဘယ်သူက ပိုပြီး ခွန်အားရှိတယ်ဆိုတာ ချက်ချင်း အဖြေပေါ်မှာပဲ မဟုတ်လား။

မချယ်ရီ– မသီတာပြောတာကို ကျွန်မ သဘောပေါက်ပါတယ်။

မသီတာ– ဒါပေမဲ့ ကျွန်မက မချယ်ရီထက် ခွန်အားပိုရှိတယ်လို့မပြောဘဲ ပိုပြီးတော့ ရိုးသားဖြောင့်မတ်တယ်လို့ ပြောရင်ကော။ ဒီကိစ္စမှာတော့ သက်သေပြဖို့ ခက်မယ်မဟုတ်ဘူးလား။

မချယ်ရီ– ကျွန်မလည်း အဲဒီလိုပဲ ထင်တယ်။

မသီတာ– ဘယ်သူက ပိုရိုးသားဖြောင့်မတ်တယ်ဆိုတာကတော့ စောစောကလို ချက်ချင်း အဖြေပေါ်လာမှာ မဟုတ်ဘူး။ အဲဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ကျွန်မတို့နှစ်ယောက်မှာ ဘယ်သူက ပိုပြီး ရိုးသားဖြောင့်မတ်သလဲဆိုတာ တခြားသူတွေ သိအောင် အချိန်ပေးရပါလိမ့်မယ်။

မချယ်ရီ– သိပ်ဟုတ်တာပေါ့။

မသီတာ– ဒါဆိုရင် ကမ္ဘာဦးကျမ်းမှာပါတဲ့ ဒီဇာတ်လမ်းကို ပြန်ကြည့်ရအောင်။ စာတန်က ဘုရားသခင်ထက် ပိုခွန်အားရှိတယ်လို့ ပြောနေတာလား။

မချယ်ရီ– မပြောပါဘူး။

မသီတာ– အဲဒီလိုသာပြောမယ်ဆိုရင် စာတန်မှားတယ်ဆိုတာကို သက်သေပြဖို့ ဘုရားသခင်အတွက် လွယ်လွယ်လေးပါ။ အဲဒီအစား၊ စာတန်က ဘုရားသခင်ထက် ပိုပြီး ရိုးသားဖြောင့်မတ်တယ်လို့ ပြောခဲ့တယ်။ ‘ဘုရားသခင်က မင်းကို လိမ်နေတာ၊ ငါကတော့ မင်းကို အမှန်အတိုင်းပြောနေတာ’ လို့ ဧဝကို စာတန် ပြောလိုက်တာနဲ့တူတယ်။

မချယ်ရီ– စိတ်ဝင်စားစရာပဲ။

မသီတာ– ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့ အချိန်ပေးတာက အကောင်းဆုံးနည်းဖြစ်တယ်ဆိုတာ ဉာဏ်ပညာအကြီးမားဆုံးအရှင် ဘုရားသခင် သိထားတယ်။ နောက်ဆုံးမှာတော့ ဘယ်သူက အမှန်အတိုင်းပြောပြီး ဘယ်သူက လိမ်ညာနေသလဲဆိုတာ ထင်ရှားလာမှာဖြစ်တယ်။

အရေးကြီး ပြဿနာတစ်ရပ်

မချယ်ရီ– ဒါဆိုရင် ဧဝ သေသွားတဲ့အခါ ဘုရားသခင် အမှန်အတိုင်းပြောနေတယ်ဆိုတာ ထင်ရှားသွားတယ် မဟုတ်ဘူးလား။

မသီတာ– မှန်တော့မှန်ပါတယ်။ ဒါပေမဲ့ စာတန်စွပ်စွဲခဲ့တာ အဲဒါလေးပဲ မဟုတ်ပါဘူး။ အခန်းငယ် ၅ ကို ပြန်ကြည့်ရအောင်။ စာတန်က ဧဝကို နောက်ထပ်ဘာပြောသေးသလဲဆိုတာ သတိထားမိသလား။

မချယ်ရီ– ဧဝဟာ အသီးကို စားလိုက်တာနဲ့ မျက်စိပွင့်လင်းလာမယ်လို့ စာတန်ပြောခဲ့တယ်။

မသီတာ– အဲဒါတင်မကဘူး။ ဧဝဟာ “ကောင်းမကောင်းကို သိ၍ ဘုရားသခင်ကဲ့သို့” ဖြစ်လာမယ်လို့လည်း ပြောခဲ့တယ်။ အဲဒီလိုပြောလိုက်တာက ဘုရားသခင်ဟာ လူသားတွေရဲ့အကျိုးအတွက် တစ်ခုခုကို မပြောဘဲ ချန်ထားတယ်လို့ စွပ်စွဲလိုက်တာဖြစ်တယ်။

မချယ်ရီ– ဪ၊ ဟုတ်တယ်နော်။

မသီတာ– ဒါကလည်း တကယ့်ကို ပြင်းထန်တဲ့စွပ်စွဲချက်ပဲ။

မချယ်ရီ– ဘာကို ဆိုလိုတာလဲ။

မသီတာ– စာတန်ရဲ့ စကားကိုကြည့်ရင် ဧဝတင်မကဘူး၊ လူသားအားလုံးဟာ ဘုရားအုပ်ချုပ်မှုမပါဘဲ ကောင်းကောင်း အသက်ရှင်နေထိုင်နိုင်တယ်လို့ ပြောလိုက်တာနဲ့တူတယ်။ ဒီစွပ်စွဲချက်မှာလည်း စာတန်ကို အချိန်ပေးလိုက်တာက အကောင်းဆုံး ဖြေရှင်းနည်းဖြစ်တယ်ဆိုတာ ယေဟောဝါဘုရား သိထားတယ်။ ဒါမှ သူစွပ်စွဲတာ မှန်မမှန်ဆိုတာ ထင်ရှားလာမယ်။ ဒါကြောင့် အချိန်အတိုင်းအတာတစ်ခုထိ ဒီလောကကို စာတန်အုပ်ချုပ်ဖို့ ဘုရားသခင် ခွင့်ပြုလိုက်တာ။ ဆင်းရဲဒုက္ခတွေ ဒီလောက်တောင် များပြားနေရတဲ့အကြောင်းရင်းက ဒီကမ္ဘာကို ဘုရားသခင်မဟုတ်ဘဲ စာတန်မာရ်နတ် အုပ်ချုပ်နေလို့ဖြစ်တယ်ဆိုတာ ထင်ရှားတယ်မဟုတ်လား။ * ဒါပေမဲ့ သတင်းကောင်းတော့ ရှိပါသေးတယ်။

မချယ်ရီ– ဘာသတင်းကောင်းလဲ။

မသီတာ– ဘုရားနဲ့ပတ်သက်ပြီး အမှန်တရားနှစ်ခုကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ပထမ၊ ကျွန်မတို့ ဒုက္ခဆင်းရဲရောက်တဲ့အခါ ဘုရားက စိုးရိမ်ပေးတယ်။ ဥပမာ၊ ဆာလံ ၃၁:၇ မှာ မှတ်တမ်းတင်ထားတဲ့ ဘုရင်ဒါဝိဒ်ရဲ့ စကားတွေကို သုံးသပ်ကြည့်ရအောင်။ ဒါဝိဒ်ရဲ့ ဘဝတစ်လျှောက်မှာ ဆင်းရဲဒုက္ခအတော်များများကို တွေ့ကြုံခဲ့ရတယ်။ ဒါပေမဲ့ ဘုရားဆီ သူဆုတောင်းပြီး ဘာတွေပြောသလဲဆိုတာ ကြည့်ရအောင်။ ကျေးဇူးပြုပြီး ကျမ်းချက်ကို ဖတ်ပေးပါလား။

မချယ်ရီ– “ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်းခြင်းရှိပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကိုကြည့်ရှု၍ အကျွန်ုပ်၏ဝိညာဉ်တွေ့သောအမှုကို သိမှတ်တော်မူ၏။”

မသီတာ– ဒါဝိဒ်ဟာ ဆင်းရဲဒုက္ခတွေကို ကြုံခဲ့ရပေမဲ့ သူခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခမှန်သမျှကို ယေဟောဝါဘုရား ကြည့်ရှုတယ်၊ တစ်နည်းပြောရရင် တွေ့မြင်တယ်ဆိုတာ သိထားတဲ့အတွက် စိတ်သက်သာရာရခဲ့ပါတယ်။ အဲဒီလိုပဲ၊ ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေကို တခြားသူတွေ အပြည့်အဝ နားမလည်နိုင်ပေမဲ့ ယေဟောဝါဘုရားကတော့ သတိပြုမိတယ်ဆိုတဲ့ အသိကြောင့် မချယ်ရီ စိတ်သက်သာရာရတယ် မဟုတ်ဘူးလား။

မချယ်ရီ– အင်း၊ ဟုတ်တယ်နော်။

မသီတာ– ဒုတိယ၊ ဘုရားသခင်ဟာ ကျွန်မတို့ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို ထာဝစဉ်ခွင့်ပြုထားမှာမဟုတ်ဘူးဆိုတဲ့ အမှန်တရားပါပဲ။ စာတန်အုပ်ချုပ်နေတဲ့ ဆိုးညစ်တဲ့ဒီလောကစနစ်ကို မကြာခင် ဘုရားသခင် ဖယ်ရှားတော့မယ်ဆိုတာ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ အခုချိန်မှာ ဖြစ်ပျက်နေတဲ့ မကောင်းမှုအားလုံး အပြီးအပိုင် ပျောက်ကွယ်သွားပါတော့မယ်။ အဲဒီအချိန်မှာ မချယ်ရီရော၊ မချယ်ရီရဲ့အမေပါ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေလည်း ပပျောက်သွားလိမ့်မယ်။ နောက်တစ်ခေါက် ကျွန်မပြန်လာတဲ့အခါ ဆင်းရဲဒုက္ခမှန်သမျှကို ဘုရားသခင် ဖယ်ရှားပေးတော့မယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲဆိုတဲ့အကြောင်း ပြောပြမယ်နော်။ *

မချယ်ရီ– ကောင်းတာပေါ့။ ကျွန်မ မျှော်နေမယ်။

သင် သိချင်တဲ့ ကျမ်းစာအကြောင်းအရာတစ်ခုခုများ ရှိပါသလား။ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်တစ်ခုခု ဒါမှမဟုတ် ဘာသာရေးဓလေ့ထုံးစံတစ်ခုခုကို မသိချင်ဘူးလား။ သိချင်တယ် ဆိုရင် သူတို့နဲ့ တွေ့တဲ့အခါ မေးဖို့ မတွန့်ဆုတ်ပါနဲ့။ သူတို့က သင့်ကို ဝမ်းသာအားရ ပြောပြကြပါလိမ့်မယ်။

^ စာပိုဒ်၊ 7 ၂၀၁၃၊ ဇူလိုင် ၁ ရက်ထုတ် ကင်းမျှော်စင်မှာပါတဲ့ “အိမ်ရှင်နဲ့စကားစမြည်ပြောဆိုခြင်း—ကျွန်ုပ်တို့ ဆင်းရဲဒုက္ခရောက်နေတာကို ဘုရားသခင် ဂရုပြုမိပါသလား” ဆောင်းပါးကို ဖတ်ပါ။ www.jw.org/mya ကနေလည်း ကူးယူလို့ရပါတယ်။

^ စာပိုဒ်၊ 26 ဗျာဒိတ် ၁၂:၉ ကို ဖတ်ကြည့်ပါ။

^ စာပိုဒ်၊ 59 ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၉ ကို ဖတ်ကြည့်ပါ။ www.jw.org/mya ကနေလည်း ကူးယူလို့ရပါတယ်။.