မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ

မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ

မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ

“သင်တို့သည် ခပ်သိမ်းသောအမှုတို့ကို ချစ်ခြင်းမေတ္တာစိတ်နှင့်ဆောင်ရွက်ကြလော့။”—၁ ကောရိန္သု ၁၆:၁၄

၁။ ကလေးတစ်ဦးမွေးဖွားချိန်တွင် မိဘတို့၌ အဘယ်ခံစားချက်များ ရှိကြသနည်း။

ကလေးငယ်တစ်ဦးမွေးဖွားခြင်းသည် ဘဝအသက်တာ၏ ရွှင်လန်းဖွယ်အကောင်းဆုံး အဖြစ်အပျက်များထဲတွင် တစ်ခုဖြစ်နိုင်သည်ဟု မိဘအများစု သဘောတူကြပေမည်။ အလီယာအမည်ရှိသော မိခင်တစ်ဦးက ဤသို့ပြောသည်– “မွေးခါစသမီးလေးကို ကျွန်မ ဦးဆုံးကြည့်လိုက်တဲ့အချိန်ဟာ တကယ့်ကိုထူးဆန်းတဲ့ ခံစားချက်တစ်ခုပဲ။ ကျွန်မတွေ့ဖူးခဲ့တဲ့ကလေးတွေထဲမှာ အချောဆုံးလို့ ကျွန်မထင်တယ်။” သို့သော် မိဘတို့သည် ထိုရွှင်လန်းဖွယ်အချိန်မျိုးတွင် စိုးရိမ်ပူပန်စိတ်လည်း ဖြစ်ပေါ်နိုင်ပါသည်။ အလီယာ၏ခင်ပွန်းက ဤသို့ပြောသည်– “ကျွန်တော့်ရဲ့သမီးလေးကို ဘဝမှာကြုံရမယ့် ပြဿနာတွေအတွက် ကောင်းကောင်းပြင်ဆင်ပေးနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်။” မိဘများစွာသည် ထိုသို့သောစိုးရိမ်ပူပန်မှုများရှိကြပြီး မိမိတို့၏ကလေးများကို မေတ္တာဖြင့်လေ့ကျင့်ပေးဖို့လိုကြောင်း သိထားကြသည်။ သို့သော် ထိုသို့မေတ္တာဖြင့်လေ့ကျင့်ပေးလိုကြသော ခရစ်ယာန်မိဘများသည် စိန်ခေါ်ချက်များနှင့် ရင်ဆိုင်ကြရသည်။ ယင်းတို့ထဲမှအချို့မှာ အဘယ်နည်း။

၂။ မိဘတို့သည် အဘယ်စိန်ခေါ်ချက်များနှင့် ရင်ဆိုင်ကြရသနည်း။

ယခု ကျွန်ုပ်တို့သည် ဤအစီအစဉ်စနစ်၏ နောက်ဆုံးအချိန်ပိုင်းတွင် အသက်ရှင်နေရသည်။ ကြိုဟောထားသည့်အတိုင်း လူ့ဘောင်လောကတွင် မေတ္တာကင်းမဲ့သည့်သဘောထား ပျံ့နှံ့နေသည်။ မိသားစုဝင်များအတွင်း၌ပင် လူတို့သည် ‘ပကတိကြင်နာစုံမက်ခြင်းကင်းမဲ့’ ကြောင်း တင်ပြကြပြီး ‘ကျေးဇူးမသိတတ်သူ၊ တည်ကြည်မှုမရှိသူ၊ . . . ချုပ်တည်းခြင်းမရှိသူ၊ ပြင်းထန်သောသူ’ တို့ဖြစ်လာကြသည်။ (၂ တိမောသေ ၃:၁-၅) ထိုသို့သောသဘောထားတင်ပြသူတို့နှင့် နေ့စဉ်ဆက်ဆံရခြင်းကြောင့် ခရစ်ယာန်မိသားစုဝင်များ တစ်ဦးကိုတစ်ဦးဆက်ဆံပုံတွင် ထိခိုက်မှုရှိနိုင်သည်။ ထို့ပြင် မိဘတို့သည် စိတ်မထိန်းနိုင်ခြင်း၊ မရည်ရွယ်ဘဲ ထိခိုက်နစ်နာစေသည့်စကားပြောခြင်း၊ အခြားကိစ္စများတွင် ပိုင်းခြားသိမြင်မှုသုံးဖို့ ပျက်ကွက်ခြင်းစသည့် မိမိတို့အမွေခံထားရသော သဘောထားတို့နှင့် ဆိုင်ပြိုင်တိုက်လှန်နေရသည်။—ရောမ ၃:၂၃; ယာကုပ် ၃:၂၊ ၈၊ ၉

၃။ မိဘတို့သည် ပျော်ရွှင်သောသားသမီးများကို မည်သို့ပြုစုပျိုးထောင်နိုင်သနည်း။

ထိုစိန်ခေါ်ချက်များရှိသည့်ကြားမှ မိဘတို့သည် ဘုရားသခင်ကိုချစ်မြတ်နိုးသော ပျော်ရွှင်သည့်ကလေးများကို ပြုစုပျိုးထောင်နိုင်ကြသည်။ မည်သို့အားဖြင့်နည်း။ သမ္မာကျမ်းစာပါ ဤအကြံပေးချက်ကို လိုက်လျှောက်ခြင်းဖြင့်ဖြစ်သည်– “သင်တို့သည် ခပ်သိမ်းသောအမှုတို့ကို ချစ်ခြင်းမေတ္တာစိတ်နှင့်ဆောင်ရွက်ကြလော့။” (၁ ကောရိန္သု ၁၆:၁၄) မှန်ပါသည်၊ မေတ္တာသည် “စုံလင်ခြင်းအဖွဲ့အစည်း” ဖြစ်သည်။ (ကောလောသဲ ၃:၁၄) ကောရိန္သုအသင်းသားများထံရေးသော တမန်တော်ပေါလု၏ပထမစာစောင်ပါ မေတ္တာအကြောင်းဖော်ပြထားချက်မှ အသွင်အပြင်သုံးခုကိုဆန်းစစ်ကြည့်ကာ မိမိတို့၏ကလေးများအား လေ့ကျင့်ပေးရာတွင် ယင်းအရည်အသွေးများကို မိဘတို့ကျင့်သုံးနိုင်သည့် သတ်သတ်မှတ်မှတ်နည်းလမ်းတချို့ကို ဆန်းစစ်ကြည့်ကြစို့။—၁ ကောရိန္သု ၁၃:၄-၈

စိတ်ရှည်ဖို့လိုအပ်

၄။ မိဘတို့သည် အဘယ်ကြောင့် စိတ်ရှည်ဖို့လိုသနည်း။

ပေါလုက “မေတ္တာသည် စိတ်ရှည်တတ်၏” ဟုရေးခဲ့သည်။ (၁ ကောရိန္သု ၁၃:၄) “စိတ်ရှည်” ဟူ၍ပြန်ဆိုသော ဂရိစကားလုံးမှာ သည်းခံခြင်း၊ အမျက်ထွက်နှေးခြင်းဟု အဓိပ္ပာယ်ရသည်။ မိဘတို့သည် အဘယ်ကြောင့် စိတ်ရှည်ဖို့လိုသနည်း။ မိဘအများစုသည် အကြောင်းရင်းများစွာကို စဉ်းစားနိုင်ကြမည်မှာ သံသယရှိစရာမလိုပေ။ အနည်းငယ်ကိုသာ သုံးသပ်ကြည့်ပါ။ ကလေးများသည် မိမိတို့လိုချင်ရာကို တစ်ကြိမ်သာတောင်းခြင်းမျိုး အလွန်ရှားပါသည်။ မိဘက ခိုင်မာပြတ်သားစွာ မပေးဟုငြင်းသည့်တိုင် အဖြေနောက်တစ်မျိုးထွက်လာမည်ကိုမျှော်လင့်ကာ အကြိမ်ကြိမ်တောင်းပေမည်။ ဆယ်ကျော်သက်အရွယ်ကလေးများသည် မိဘတို့က မိုက်မဲရာအဖြစ်သတ်မှတ်ထားရာတချို့ကို ခွင့်ပြုစေရန် ခွင့်ပြုသင့်သည့်အကြောင်းရင်းများစွာဖြင့် တင်ပြကြပေမည်။ (သု. ၂၂:၁၅) ကျွန်ုပ်တို့အားလုံးကဲ့သို့ပင် ကလေးများသည် အမှားတချို့ကို ထပ်၍လုပ်မိတတ်ကြသည်။—ဆာလံ ၁၃၀:၃

၅။ မိဘတို့စိတ်ရှည်ရန် အဘယ်အရာက အထောက်အကူပြုနိုင်သနည်း။

မိဘတို့သည် သားသမီးများအပေါ် စိတ်ရှည်သည်းခံရန် အဘယ်အရာက အထောက်အကူပြုနိုင်သနည်း။ ဘုရင်ရှောလမုန် ဤသို့ရေးခဲ့၏– “သတိရှိသောသူသည် မိမိအမျက်ဒေါသကို ချုပ်တည်းတတ်၏။” (သု. ၁၉:၁၁) မိဘဖြစ်သူတို့သည် ‘သူငယ်ဖြစ်စဉ်အခါ သူငယ်လိုစကားပြော၊ သူငယ်လိုစိတ်ထင်၊ သူငယ်လိုကြံစည်’ ခဲ့ကြောင်း ပြန်အမှတ်ရခြင်းဖြင့် ကလေးများ၏အပြုအမူကို နားလည်သဘောပေါက်နိုင်ကြသည်။ (၁ ကောရိန္သု ၁၃:၁၁) မိဘတို့၊ သင်တို့၏မိခင် သို့မဟုတ် ဖခင်အား စိတ်အနှောင့်အယှက်ဖြစ်အောင် ကလေးအတွေးဖြင့်တောင်းဆိုခဲ့ရာတစ်ခုကို မှတ်မိပါသလော။ သင့်မိဘတို့သည် သင်၏ခံစားချက် သို့မဟုတ် ပြဿနာတို့ကို နားလည်သဘောမပေါက်ကြဟု ဆယ်ကျော်သက်အရွယ်က သင်ယူမှတ်ခဲ့ဖူးပါသလော။ သို့ဖြစ်လျှင် သင့်သားသမီးများ အဘယ်ကြောင့် ထိုသို့ပြုမူနေကြောင်း၊ သင်၏ဆုံးဖြတ်ချက်များကို သူတို့အား ပုံမှန်၊ စိတ်ရှည်စွာ သတိပေးဖို့လိုကြောင်း သင်နားလည်သဘောပေါက်မည်ဖြစ်သည်။ (ကောလောသဲ ၄:၆) ယေဟောဝါ၏ပညတ်များကို မိမိတို့၏သားသမီးများစိတ်ထဲ ‘စွဲမှတ်’ စေအောင်ပြုလုပ်ဖို့ ဣသရေလမိဘတို့အား ကိုယ်တော်မိန့်တော်မူခဲ့သည်မှာ မှတ်သားဖွယ်ဖြစ်သည်။ (တရားဟောရာ ၆:၆၊ ၇) ‘စွဲမှတ်’ အတွက် ဟေဗြဲစကားလုံးမှာ “ထပ်တလဲလဲပြောသည်၊” “အဖန်ဖန်ပြောသည်၊” “စွဲမှတ်စေသည်” ဟုအဓိပ္ပာယ်ရသည်။ ယင်းက မိဘတို့သည် ကလေးတစ်ဦး ဘုရားသခင့်ပညတ်ကို လက်တွေ့ကျင့်သုံးလာစေရန် အကြောင်းအရာတစ်ခုကို အကြိမ်များစွာ ထပ်တလဲလဲပြောရမည်ကို ဆိုလိုသည်။ ဘဝအသက်တာ၏ အခြားသင်ခန်းစာများကို သင်ပေးရာတွင်လည်း အလားတူအထပ်ထပ်ပြောဆိုခြင်းမျိုး လိုအပ်လေ့ရှိသည်။

၆။ စိတ်ရှည်သောမိဘတစ်ဦးသည် အလွန်အမင်းအလိုလိုက်သောမိဘတစ်ဦး အဘယ်ကြောင့် မဟုတ်သနည်း။

သို့သော် စိတ်ရှည်သောမိဘတစ်ဦးသည် အလွန်အမင်းအလိုလိုက်သောမိဘတစ်ဦး ဖြစ်မည်မဟုတ်ပါ။ ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤသို့သတိပေး၏– “တတ်တိုင်းနေစေသောသူငယ်သည် အမိကိုအရှက်ခွဲတတ်၏။” ထိုအဖြစ်မျိုးကိုရှောင်ရန် ထိုကျမ်းတွင်ပင် ဤသို့ဆိုထား၏– “ကြိမ်လုံးနှင့်ရိုက်ခြင်း၊ နှုတ်နှင့်ဆုံးမခြင်းအားဖြင့် ပညာတိုးပွားတတ်၏။” (သု. ၂၉:၁၅) တစ်ခါတစ်ရံ ကလေးများသည် မိဘတို့၏ဆုံးမပိုင်ခွင့်ကို မေးခွန်းထုတ်ကြပေမည်။ သို့သော် မိဘတို့၏ဥပဒေထုတ်ပိုင်ခွင့်သည် ကလေးများ၏နှစ်သက်လက်ခံမှုအပေါ် တစ်နည်းနည်းဖြင့် မူတည်နေသည့်အလား ခရစ်ယာန်မိသားစုသည် ဒီမိုကရေစီနည်းဖြင့် မသွားသင့်ပါ။ ယင်းအစား မိသားစုတွင် အကြီးမြတ်ဆုံးသောဦးခေါင်းဖြစ်သူ ယေဟောဝါသည် မိဘများအား မိမိတို့၏သားသမီးတို့ကို မေတ္တာဖြင့်လေ့ကျင့်၊ သွန်သင်ဆုံးမရန် အခွင့်အာဏာပေးထားတော်မူ၏။ (၁ ကောရိန္သု ၁၁:၃; ဧဖက် ၃:၁၅; ၆:၁-၄) မှန်ပါသည်၊ ဆုံးမခြင်းသည် ပေါလုဖော်ပြသော မေတ္တာ၏နောက်အသွင်အပြင်တစ်ခုနှင့် အနီးကပ်ဆက်စပ်မှုရှိသည်။

မေတ္တာဖြင့် ဆုံးမနိုင်ပုံ

၇။ ကြင်နာမှုရှိသောမိဘတို့သည် မိမိတို့၏သားသမီးကို အဘယ်ကြောင့် ဆုံးမမည်နည်း။ ထိုသို့ဆုံးမရာတွင် အဘယ်အရာ ပါဝင်ပတ်သက်သနည်း။

ပေါလုက “မေတ္တာသည် . . . ကျေးဇူးပြုတတ်၏ [“ကြင်နာတတ်၏၊” ကဘ]” ဟုရေးခဲ့သည်။ (၁ ကောရိန္သု ၁၃:၄) အမှန်တကယ်ကြင်နာမှုရှိသော မိဘတို့သည် မိမိတို့၏သားသမီးကို တစ်သမတ်တည်း ဆုံးမမည်ဖြစ်သည်။ ယင်းသို့ပြုခြင်းဖြင့် သူတို့သည် ယေဟောဝါကို တုပကြသည်။ ‘ထာဝရဘုရားသခင်သည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏’ ဟုပေါလုရေးခဲ့သည်။ သမ္မာကျမ်းစာတွင်ရည်ညွှန်းသော ဆုံးမခြင်းမျိုးသည် အပြစ်ပေးခြင်းကိုသာ မဆိုလိုကြောင်း ကျေးဇူးပြု၍သတိပြုပါ။ လေ့ကျင့်ပေးခြင်း၊ ပညာပေးခြင်း အဓိပ္ပာယ်သက်ရောက်သည်။ ထိုသို့ဆုံးမသည့်ရည်ရွယ်ချက်မှာ အဘယ်နည်း။ ပေါလုဤသို့ဆို၏– “ဆုံးမခြင်းကိုခံရသောသူတို့သည် နောက်မှ ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။” (ဟေဗြဲ ၁၂:၆၊ ၁၁) မိဘတို့သည် ဘုရားသခင့်အလိုတော်နှင့်အညီ မိမိတို့၏သားသမီးတို့ကို ကြင်နာစွာပညာပေးသည့်အခါ ကလေးများသည် သင့်တင့်ငြိမ်ဝပ်မှုရှိသော၊ ဖြောင့်မတ်သောလူကြီးများအဖြစ် ကြီးပြင်းလာရန် အခွင့်အရေးပေးနေခြင်းဖြစ်သည်။ သားသမီးတို့သည် ‘ယေဟောဝါ၏ဆုံးမတော်မူခြင်းကို’ လက်ခံပါက ရွှေငွေတို့ထက် ပို၍အဖိုးထိုက်သော ဉာဏ်ပညာ၊ အသိပညာ၊ ပိုင်းခြားသိမြင်မှုတို့ကို ရရှိကြသည်။—သု. ၃:၁၁-၁၈ကဘ။

၈။ မိဘတို့သည် မိမိသားသမီးတို့ကို ဆုံးမရန်ပျက်ကွက်ပါက အဘယ်ရလဒ်များ ဖြစ်လေ့ရှိသနည်း။

အခြားတစ်ဖက်မှကြည့်လျှင် မိဘတို့သည် သားသမီးကို ဆုံးမရန်ပျက်ကွက်ခြင်းသည် မေတ္တာကင်းမဲ့ရာရောက်သည်။ ယေဟောဝါက ရှောလမုန်အား ဤသို့ရေးရန် မှုတ်သွင်းတော်မူခဲ့၏– “ကြိမ်လုံးကိုမသုံးသောသူသည် မိမိသားကိုမုန်းရာသို့ရောက်၏။ သားကိုချစ်သောသူမူကား ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏။” (သု. ၁၃:၂၄) တစ်သမတ်တည်းဆုံးမမှုမရှိဘဲ ကြီးပြင်းလာသည့်သားသမီးတို့သည် ကိုယ်ကျိုးရှာပြီး ပျော်ရွှင်မှုကင်းမဲ့သည့်ကလေးဖြစ်ဖို့ အကြောင်းများသည်။ ဆန့်ကျင်ဘက်အနေနှင့် ထောက်ထားစာနာမှုရှိသော်လည်း ခိုင်မာသည့်ကန့်သတ်ချက်များထားသော မိဘတို့၏သားသမီးသည် စာတော်သောကျောင်းသားများ၊ ပေါင်းသင်းဆက်ဆံမှုကောင်းသူများ၊ ယေဘုယျအားဖြင့် ပျော်ရွှင်ကြသူများဖြစ်ကြောင်း တွေ့ရသည်။ သို့ဖြစ်၍ မိမိတို့၏သားသမီးတို့ကို ကြင်နာစွာဆုံးမသောမိဘတို့သည် ကလေးများကို အမှန်ချစ်မြတ်နိုးသူတို့ဖြစ်သည်။

၉။ ခရစ်ယာန်မိဘတို့သည် မိမိတို့၏သားသမီးများကို အဘယ်အရာသွန်သင်ပေးကြသနည်း။ ယင်းတောင်းဆိုချက်များကို မည်သို့ရှုမြင်သင့်သနည်း။

သားသမီးများကို ကြင်နာမှုရှိရှိ၊ မေတ္တာပါပါဆုံးမရာတွင် အဘယ်အရာ ပါဝင်ပတ်သက်သနည်း။ သားသမီးတို့ အဘယ်အရာလိုက်နာရမည်ကို မိဘတို့က ရှင်းရှင်းလင်းလင်း ပြောပြဆွေးနွေးဖို့လိုသည်။ ဥပမာ၊ ခရစ်ယာန်မိဘတို့၏သားသမီးတို့သည် နို့စို့ကလေးအရွယ်ကတည်းက အခြေခံကျမ်းစာမူများကို သွန်သင်ခံရကြပြီး စစ်မှန်သောဝတ်ပြုရေး အသွင်အပြင်အမျိုးမျိုးတွင် ပါဝင်ဖို့လိုကြောင်း သွန်သင်ခံရသည်။ (ထွက်မြောက်ရာ ၂၀:၁၂-၁၇; မဿဲ ၂၂:၃၇-၄၀; ၂၈:၁၉; ဟေဗြဲ ၁၀:၂၄၊ ၂၅) ထိုတောင်းဆိုချက်များသည် ရှောင်လွဲ၍မရသောအရာများဖြစ်ကြောင်း ကလေးများသိထားဖို့လိုသည်။

၁၀၊ ၁၁။ မိဘတို့သည် အိမ်တွင်းစည်းကမ်းချက်များချမှတ်ချိန်တွင် ကလေးများ၏တောင်းဆိုချက်များကို အဘယ်ကြောင့် ထည့်တွက်စဉ်းစားရမည်နည်း။

၁၀ သို့သော် တစ်ခါတစ်ရံ မိဘတို့သည် အိမ်တွင်းစည်းကမ်းချက်များချမှတ်သည့်အခါ မိမိတို့၏သားသမီးများကို ပါဝင်ဆွေးနွေးစေနိုင်ပါသည်။ ယင်းစည်းကမ်းနှင့်ပတ်သက်၍ လူငယ်များကို ဆွေးနွေးမှုတွင် ပါဝင်စေမည်ဆိုပါက သူတို့သည် ယင်းတို့ကို နာခံကြပေမည်။ ဥပမာ၊ အဘယ်အချိန်တွင် သားသမီးများ အိမ်မှာရှိနေရမည်နှင့်ပတ်သက်သည့်ကိစ္စတွင် မိဘတို့က ကလေးများ အိမ်မှာရှိနေရမည့် သတ်သတ်မှတ်မှတ်နာရီကို ရွေးချယ်ဆုံးဖြတ်နိုင်သည်။ သို့မဟုတ်၊ မိဘတို့က သားသမီးတို့အား သတ်မှတ်နာရီနှင့်ပတ်သက်၍ အကြံပြုရန်၊ သူတို့၏တောင်းဆိုချက်နှင့်ပတ်သက်၍ အကြောင်းပြချက်ပေးရန် ခွင့်ပြုနိုင်ပါသည်။ ယင်းနောက် မိဘတို့က သားသမီးတို့အား အိမ်မှာရှိစေလိုသောအချိန်ကို သတ်မှတ်နိုင်ပြီး ယင်းအချိန်သည် သင့်လျော်သည်ဟု ယူမှတ်ရသည့်အကြောင်းရင်းကိုလည်း ရှင်းပြနိုင်သည်။ မိဘနှင့်သားသမီးကြား သဘောတူညီချင်မှတူညီပေမည်၊ ယင်းသို့ဖြစ်ပါက အဘယ်အရာပြုလုပ်သင့်သနည်း။ အချို့သောအခြေအနေများတွင် ကျမ်းစာမူကိုမချိုးဖောက်ပါက သားသမီးတို့၏ဆန္ဒကို ခွင့်ပြုနိုင်သည်ဟု မိဘတို့ဆုံးဖြတ်ပေမည်။ ယင်းက မိဘတို့သည် မိမိတို့၏အခွင့်အာဏာကို လက်မြှောက်အရှုံးပေးလိုက်သည်ဟူသည့် သဘောသက်ရောက်ပါသလော။

၁၁ ထိုမေးခွန်းကိုဖြေဆိုရန် လောတ၊ သူ့မိသားစုနှင့် ယေဟောဝါဆက်ဆံရာတွင် ကိုယ်တော်၏အခွင့်အာဏာကို မေတ္တာပါပါအသုံးပြုပုံကို သုံးသပ်ကြည့်ပါ။ လောတ၊ သူ့ဇနီးနှင့် သူ၏သမီးတို့ကို သောဒုံမြို့မှ ကောင်းကင်တမန်များခေါ်ထုတ်ပြီးနောက် “သင်သည် အသက်ချမ်းသာရခြင်းငှာ . . . တောင်ပေါ်သို့ပြေးလော့” ဟုပြောသည်။ သို့သော် လောတက ‘ယေဟောဝါ၊ ထိုသို့မဆိုပါနှင့်’ ဟုပြန်တုံ့ပြန်ခဲ့သည်။ ယင်းနောက် လောတက နောက်တစ်မျိုးတောင်းဆိုခဲ့၏– “ကြည့်ပါ၊ ထိုမြို့နီးပါ၏။ ပြေးသာပါ၏။ ငယ်သောမြို့လည်းဖြစ်ပါ၏။ ဘေးလွတ်၍ ထိုအရပ်သို့ပြေးပါရစေ။” ယေဟောဝါမည်သို့တုံ့ပြန်ခဲ့သနည်း။ “ဤအမှုအရာ၌လည်း သင်၏စကားကိုငါနားထောင်” မည်ဟု မိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၁၉:၁၇-၂၂) ယင်းကြောင့် ယေဟောဝါသည် ကိုယ်တော်၏အခွင့်အာဏာကို လက်လွတ်အရှုံးပေးလိုက်ရာရောက်ခဲ့ပါသလော။ လုံးဝမရောက်ခဲ့ပါ။ သို့သော် ဤကိစ္စတွင် ကိုယ်တော်သည် လောတ၏တောင်းဆိုချက်ကိုသုံးသပ်ပေးခဲ့ပြီး သူ့ကိုထပ်၍ပင်ကြင်နာမှုပြဖို့ ရွေးချယ်ခဲ့သည်။ သင်သည် မိဘတစ်ဦးဖြစ်မည်ဆိုလျှင် မိသားစုစည်းကမ်းချက်များချမှတ်ချိန်တွင် သင့်သားသမီးတို့၏သဘောထားကို ထည့်တွက်စဉ်းစားပေးနိုင်သည့် အချိန်များရှိပါသလော။

၁၂။ အဘယ်အရာက ကလေးတစ်ဦးအား လုံခြုံသည်ဟုခံစားရအောင် အထောက်အကူပြုမည်နည်း။

၁၂ သားသမီးတို့သည် စည်းကမ်းများကိုသိထားရုံမက ယင်းစည်းကမ်းများကို ချိုးဖောက်ပါက အပြစ်ပေးခံရမည်ကိုလည်း သိထားဖို့လိုသည်။ ဤတွင်တစ်ဖန် အဘယ်ပြစ်ဒဏ်များခံရမည်ကို ဆွေးနွေးထားပြီး နားလည်သဘောပေါက်ထားကာ စည်းကမ်းများကို လိုက်နာဖို့လိုသည်။ မိဘတို့သည် သားသမီးတို့ကို ခံထိုက်သည့်အပြစ်ပေးမည်ဟု မပြတ်သတိပေးသော်လည်း အပြစ်ပေးဖို့ပျက်ကွက်မည်ဆိုပါက မေတ္တာနည်းလမ်းဖြင့် လုပ်ဆောင်နေရာမရောက်ပါ။ ‘မကောင်းမှုကို အလျင်အမြန်စစ်ကြော၍ ဒဏ်မပေးသောကြောင့် လူသားတို့သည် မကောင်းမှုကိုပြုခြင်းငှာ ခိုင်မာစွာသဘောထားကြ၏’ ဟုသမ္မာကျမ်းစာကဆိုသည်။ (ဒေ. ၈:၁၁) မိဘတစ်ဦးသည် ကလေးကို လူပုံအလယ်တွင် သို့မဟုတ် ကလေး၏ရွယ်တူများကြားတွင် အပြစ်ပေးခြင်းဖြင့် ကလေးငယ်အရှက်ရသွားစေခြင်းမျိုးကို ရှောင်ကြမည်မှာ မှန်ပါသည်။ သို့သော် အပြစ်ပေးခြင်းကိစ္စတွင်ပင် မိမိတို့၏မိဘသည် “ဟုတ်သည်” ကိုအဟုတ်၊ “မဟုတ်သည်ကို” မဟုတ်ဖြစ်ကြောင်း ကလေးများသိထားသည့်အခါ ပို၍လုံခြုံသည်ဟု ခံစားကြရပြီး မိဘတို့ကို ပို၍ရိုသေလေးစားကာ ပိုချစ်မြတ်နိုးကြသည်။—မဿဲ ၅:၃၇

၁၃၊ ၁၄။ မိဘတို့သည် မိမိတို့၏သားသမီးကို လေ့ကျင်ပေးရာတွင် ယေဟောဝါကို မည်သို့တုပနိုင်သနည်း။

၁၃ အပြစ်ဒဏ်ပေးရာတွင် မေတ္တာဖြင့်ဖြစ်စေရန် အပြစ်ဒဏ်နှင့် အပြစ်ပေးပုံပေးနည်းတို့သည် ကလေးပေါ်မူတည်၍ အလိုက်သင့်ပြုပြင်ပြောင်းလဲဖို့ လိုသည်။ ပမ်ဤသို့ပြောပြ၏– “ကျွန်မတို့ရဲ့ကလေးနှစ်ယောက်ကို ဆုံးမတဲ့အခါ လိုအပ်ချက် တစ်ယောက်နဲ့တစ်ယောက်မတူဘူး။ တစ်ယောက်မှာအကျိုးဖြစ်တဲ့အရာက နောက်တစ်ယောက်မှာ အကျိုးမဖြစ်ဘူး။” သူ၏ခင်ပွန်း လယ်ရီဤသို့ရှင်းပြ၏– “သမီးကြီးက သူလိုချင်ပြီဆိုရင် မရမကလုပ်တတ်တဲ့အတွက် ခပ်ပြင်းပြင်းလေးဆုံးမမှ တုံ့ပြန်မယ့်ပုံပေါ်တယ်။ ဒါပေမဲ့ သမီးငယ်ကတော့ အသံမာမာပြောလိုက်ရုံ၊ မကြိုက်ဘူးဆိုတဲ့အကြည့်တစ်ချက်ကြည့်လိုက်ရုံနဲ့ တုံ့ပြန်တယ်။” မှန်ပါသည်၊ ကြင်နာတတ်သောမိဘတို့သည် ကလေးတစ်ဦးစီအတွက် အဘယ်ဆုံးမနည်းသည် အကောင်းဆုံးဖြစ်သည်ကိုသိရန် ကြိုးစားကြသည်။

၁၄ ယေဟောဝါသည် မိဘများအတွက် ပုံသက်သေပြခဲ့သည်၊ ကိုယ်တော်သည် မိမိကျေးကျွန်တစ်ဦးချင်းစီ၏ အားသန်ချက်နှင့် အားနည်းချက်များကို သိရှိတော်မူသည်။ (ဟေဗြဲ ၄:၁၃) ထို့ပြင် အပြစ်ဒဏ်ပေးချိန်တွင် ယေဟောဝါသည် တရားလွန်အပြစ်ပေးခြင်းမရှိသကဲ့သို့ အပြစ်မပေးဘဲခွင့်ပြုထားခြင်းလည်း မရှိခဲ့ပါ။ ယင်းအစား ကိုယ်တော်သည် မိမိလူမျိုးတော်ကို အမြဲပင် “အတော်အတန်ဆုံးမ” တော်မူသည်။ (ယေရမိ ၃၀:၁၁) မိဘတို့၊ သင့်သားသမီး၏ အားသန်ရာနှင့် အားနည်းရာတို့ကို သိရှိပါသလော။ သင့်ကလေးကို အကျိုးရှိရှိ၊ ကြင်နာစွာလေ့ကျင့်ရာတွင် ယင်းသိထားသည့်အချက်ကို အသုံးပြုနိုင်ပါသလော။ အသုံးပြုနိုင်မည်ဆိုလျှင် သင်သည် သင့်သားသမီးကို ချစ်မြတ်နိုးကြောင်း သက်သေထူနေခြင်းဖြစ်သည်။

ရိုးသားပွင့်လင်းစွာ ပြောဆိုဆက်သွယ်ရန် အားပေးပါ

၁၅၊ ၁၆။ သားသမီးများ ရိုးသားပွင့်လင်းစွာပြောဆိုရန် မိဘတို့မည်သို့အားပေးနိုင်သနည်း။ ဤကိစ္စနှင့်ပတ်သက်၍ အဘယ်နည်းသည် ခရစ်ယာန်မိဘများကို အကျိုးဖြစ်ထွန်းကြောင်း တွေ့ရှိခဲ့ရသနည်း။

၁၅ မေတ္တာ၏ နောက်အသွင်အပြင်တစ်ခုမှာ မေတ္တာသည် ‘မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ အမှန်တရား၌ဝမ်းမြောက်တတ်၏’ ဖြစ်သည်။ (၁ ကောရိန္သု ၁၃:၆) မိဘတို့သည် မိမိတို့၏သားသမီး ဖြောင့်မတ်မှန်ကန်ရာကိုချစ်မြတ်နိုးရန် မည်သို့လေ့ကျင့်ပေးနိုင်သနည်း။ သားသမီးတို့ပြောသည့်အရာသည် မိဘတို့လက်ခံရခက်လျှင်ပင် သူတို့၏ခံစားချက်ကို ရိုးရိုးသားသားဖော်ပြရန် ကလေးများကိုအားပေးခြင်းသည် အခြေခံခြေလှမ်းဖြစ်သည်။ သားသမီးတို့သည် ဖြောင့်မတ်သောစံနှုန်းများနှင့်ညီသည့် စဉ်းစားတွေးတောမှုများ၊ ခံစားချက်များဖော်ပြသည့်အခါ မိဘတို့ဝမ်းသာကြသည်ကို နားလည်နိုင်ပါသည်။ သို့သော် အခြားအချိန်များတွင် ကလေးတစ်ဦး၏ စိတ်နှလုံးထဲမှထွက်လာသောစကားသည် မတရားသောအမှုဘက်သို့ စိတ်တိမ်းညွတ်နေကြောင်း တင်ပြနိုင်ပေသည်။ (ကမ္ဘာဦး ၈:၂၁) မိဘတို့ မည်သို့တုံ့ပြန်သင့်သနည်း။ စိတ်ထဲဦးဆုံးပေါ်လာသည်မှာ သားသမီးထုတ်ပြောပြီးသည်နှင့်ချက်ချင်း ပဲ့ပြင်ဆုံးမခြင်းဖြစ်ပေမည်။ မိဘဖြစ်သူ ထိုသို့တုံ့ပြန်မည်ဆိုပါက နောက်ပိုင်းတွင် သားသမီးတို့သည် မိဘတို့ကြားလိုသည်ဟု သူတို့ထင်မှတ်ရာများကိုသာ ပြောကြပေတော့မည်။ ရိုင်းပျသည့်စကားများကို ချက်ချင်းပြင်ပေးသင့်သည်မှာ မှန်ပါသည်၊ သို့သော် မည်သို့ယဉ်ကျေးစွာပြောဆိုဆက်သွယ်ရမည်ကို သွန်သင်ပေးခြင်းနှင့် သူတို့ပြောသည့်အရာကို သတ်မှတ်ဆုံးဖြတ်ပေးခြင်းမှာ မတူပါ။

၁၆ ရိုးသားပွင့်လင်းစွာ ပြောဆိုဆက်သွယ်ရန် မိဘတို့ မည်သို့အားပေးနိုင်သနည်း။ အစပိုင်းတွင်ဖော်ပြခဲ့သော အလီယာ ဤသို့ပြော၏– “စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အကြောင်းအရာကို ကလေးတွေပြောလာရင်တောင် စိတ်ဆိုးမာန်ဆိုးပြန်မတုံ့ပြန်မိအောင် ကြိုးစားခြင်းဖြင့် ပွင့်ပွင့်လင်းလင်းပြောဆိုဆက်သွယ်နိုင်တဲ့ ဝန်းကျင်လေးကို ကျွန်မတို့တည်ဆောက်ထားတယ်။” တောမ် အမည်ရှိသော ဖခင်တစ်ဦးကဤသို့ပြောပြ၏– “ကျွန်တော်တို့ရဲ့သဘောထားကို သမီးသဘောမတူတဲ့အချိန်မှာတောင် သမီးကိုယ်တိုင် ကျွန်တော်တို့ကိုဖွင့်ပြောဖို့ အားပေးတယ်။ သူဖွင့်ပြောနေတဲ့အချိန်မှာ သူ့ရဲ့စကားကိုဖြတ်ပြီး ကျွန်တော်တို့ရဲ့ဆန္ဒနဲ့ပဲ တစ်ဖက်သတ်ဆုံးဖြတ်မယ်ဆိုရင် သူစိတ်ပျက်သွားမယ်၊ သူ့စိတ်ထဲမှာရှိတဲ့အတိုင်း ကျွန်တော်တို့ကို ပြောပြတော့မှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့သိထားတယ်။ ဒါပေမဲ့ သူ့ရဲ့စကားကိုနားထောင်ပေးတာက ကျွန်တော်တို့ရဲ့စကားကိုလည်း သူနားထောင်အောင် အားပေးတာဖြစ်တယ်။” မှန်ပါသည်၊ သားသမီးတို့သည် မိဘစကားကို နားထောင်သင့်သည်။ (သု. ၆:၂၀) သို့သော် ပွင့်ပွင့်လင်းလင်း အပြန်အလှန်ပြောဆိုဆက်သွယ်ခြင်းက သားသမီးတို့တွင် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိလာစေရန် မိဘတို့ကူညီပေးနိုင်သည့် အခွင့်အလမ်းဖြစ်သည်။ သမီးလေးယောက်ရှိသောဖခင်၊ ဗင်ဆင့်က ဤသို့ပြော၏– “ကျွန်တော်တို့ရဲ့သမီးတွေ သူတို့အတွက် အကောင်းဆုံးရလဒ်ဟာ ဘာလဲဆိုတာကို သူတို့ကိုယ်တိုင်တွေ့မြင်နိုင်ဖို့အတွက် အခြေအနေတစ်ခုရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးကို မကြာခဏဆွေးနွေးကြတယ်။ အဲဒါက သူတို့လေးတွေ တွေးတောစဉ်းစားတတ်အောင် အကူအညီဖြစ်ခဲ့တယ်။”—သု. ၁:၁-၄

၁၇။ မိဘတို့သည် အဘယ်အရာကို စိတ်ချနိုင်သနည်း။

၁၇ သားသမီးပြုစုပျိုးထောင်ရာတွင် မည်သည့်မိဘကမျှ သမ္မာကျမ်းစာအကြံပေးချက်ကို အပြည့်အဝလိုက်နာနိုင်မည်မဟုတ်သည်မှာ မှန်ပါသည်။ သို့ဖြစ်သည့်တိုင် သင်သည် စိတ်ရှည်မှု၊ ကြင်နာမှု၊ မေတ္တာတို့ဖြင့် ကြိုးစားလေ့ကျင့်ပေးမှုအတွက် သားသမီးတို့သည် သင့်အား အလွန်ကျေးဇူးတင်လေးမြတ်ကြမည်မှာ သေချာသည်။ ထိုသို့ပြုလုပ်ရန် သင်၏ကြိုးစားအားထုတ်မှုကို ယေဟောဝါ အမှန်ပင်ကောင်းချီးပေးပါလိမ့်မည်။ (သု. ၃:၃၃) အဓိကမှာ ခရစ်ယာန်မိဘအားလုံးသည် မိမိတို့ကိုယ်တိုင် ယေဟောဝါကိုချစ်သလောက် မိမိတို့၏သားသမီးများကလည်း ကိုယ်တော့်ကို ချစ်တတ်လာရန် သင်ယူစေလိုကြသည်။ ကောင်းမြတ်လှသောယင်းပန်းတိုင်ကို မိဘများ မည်သို့ပြည့်မီနိုင်မည်နည်း။ နောက်ဆောင်းပါးတွင် သတ်သတ်မှတ်မှတ်နည်းလမ်းတချို့ကို သုံးသပ်ကြပါမည်။

သင်မှတ်မိသလော

• မိဘတစ်ဦး စိတ်ရှည်စေရန် ထိုးထွင်းသိမြင်မှုတင်ပြခြင်းက မည်သို့ထောက်ကူနိုင်သနည်း။

• ကြင်နာမှုနှင့် ဆုံးမမှု မည်သို့ဆက်စပ်နေသနည်း။

• မိဘနှင့်သားသမီးစပ်ကြား ရိုးသားပွင့်လင်းသောဆက်သွယ်ပြောဆိုမှုသည် အဘယ်ကြောင့်အရေးကြီးသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံများ]

မိဘတို့၊ သင်တို့ကလေးဘဝကအဖြစ်ကို သတိရနိုင်ပါသလော

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

သင့်သားသမီးတို့အား ရိုးသားပွင့်လင်းစွာ ပြောဆိုဆက်သွယ်ရန် အားပေးပါသလော