မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

 စာရှုသူများထံမှ မေးခွန်းလွှာ

အရက်ခွက်မြှောက်၍ ဆုမွန်ကောင်းတောင်းခြင်းအကြောင်း သမ္မာကျမ်းစာတွင် မဖော်ပြထားသောကြောင့် ယင်းသို့ပြုခြင်းကို ယေဟောဝါသက်သေများ အဘယ်ကြောင့်ရှောင်ကြသနည်း။

ဝိုင် သို့မဟုတ် အခြားအရက်ယမကာသောက်သုံးရာတွင် ခွက်ကိုမြှောက်၍ ဆုမွန်ကောင်းတောင်းခြင်းဓလေ့သည် နေရာဒေသကိုလိုက်၍ ကွဲပြားသော်လည်း ခေတ်အဆက်ဆက်တည်ရှိခဲ့ပြီး ရေပန်းစားသောဓလေ့တစ်ခုဖြစ်သည်။ တစ်ခါတစ်ရံ ဖန်ခွက်များကို ချွင်ခနဲမြည်အောင် ထိလိုက်ကြသည်။ ထိုသို့ပြုလုပ်သူသည် အခြားတစ်ဦး ပျော်ရွှင်ရန်၊ အသက်ရှည်ကျန်းမာရန်စသဖြင့် ဆန္ဒပြုလေ့ရှိသည်။ အခြားသူများက ယင်းကို သဘောတူညီကြောင်းပြောခြင်း သို့မဟုတ် ခွက်များကိုမြှောက်၍ ဝိုင်အနည်းငယ်သောက်လိုက်ခြင်းတို့ ပြုလုပ်ကြသည်။ လူများစွာအတွက် ယင်းသည် အန္တရာယ်မရှိသောဓလေ့ သို့မဟုတ် ယဉ်ကျေးမှုတစ်ခုမျှဖြစ်ပုံရသော်လည်း ယင်းကို ယေဟောဝါသက်သေများ မပြုလုပ်ကြသည့် အကြောင်းရင်းများရှိပါသည်။

ခရစ်ယာန်များ ထိုသို့မပြုလုပ်ရခြင်းမှာ အခြားသူများကို မပျော်ရွှင်စေလို၊ ကျန်းမာရေးမကောင်းစေလို၍ မဟုတ်ပေ။ ပထမရာစု အုပ်ချုပ်ရေးအဖွဲ့သည် အသင်းတော်များထံ စာရေးရာတွင် “ကျန်းမာကြပါစေသော” ဟုနိဂုံးချုပ်ထားသည်။ (တမန်တော် ၁၅:၂၉) စစ်မှန်သောဝတ်ပြုသူအချို့သည် ရှင်ဘုရင်များကို “အသက်တော်အစဉ်အမြဲရှင်စေသတည်း၊” “ရှင်ဘုရင်အသက်တော်အစဉ်အမြဲရှင်ပါစေ” စသဖြင့် ဆန္ဒပြုခဲ့ကြသည်။—⁠၃ ဓမ္မရာဇဝင် ၁:၃၁; နေဟမိ ၂:၃

သို့သော် အရက်ခွက်မြှောက်၍ ဆုမွန်ကောင်းတောင်းခြင်းဓလေ့၏ ရင်းမြစ်ကားအဘယ်နည်း။ ၁၉၆၈၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် [လိပ်] တွင် ဗြိတိန်နီကာစွယ်စုံကျမ်း (၁၉၁၀) အတွဲ ၁၃၊ စာမျက်နှာ ၁၂၁ ကို ကိုးကားလျက် ဤသို့ဆိုသည်– “ဝိုင်ခွက်မြှောက်၍ ‘ကျန်းမာ’ စေကြောင်း ဆုမွန်ကောင်းတောင်းခြင်းဓလေ့သည် ရှေးခေတ် ဘာသာရေးဝတ်ပြုနည်းဖြစ်သော နတ်ဘုရားများနှင့်လူသေများအတွက် ပူဇော်သည့်အနေနှင့်သောက်ခြင်းဓလေ့မှ ဆင်းသက်လာသည်။ ဂရိနှင့်ရောမများသည် စားသောက်ရာတွင် သူတို့၏နတ်ဘုရားများအတွက် အရက်ကိုသွန်းလောင်းလေ့ရှိပြီး မိတ်ဆုံစားပွဲများတွင် နတ်ဘုရားများနှင့်လူသေများအတွက် အရက်ခွက်မြှောက်၍ ဆုတောင်းလေ့ရှိကြသည်။ ထိုသို့ပူဇော်သည့်အနေနှင့် အရက်သောက်သည့်ဓလေ့များသည် အသက်ရှင်သူများ ကျန်းမာစေကြောင်း ဆုတောင်း၍သောက်ခြင်းလည်းဖြစ်ရမည်။”

ယင်းသည် မှန်ကန်နေဆဲလော။ ၁၉၉၅ ခုနှစ်ထုတ် အရက်နှင့်ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာလက်စွဲစာအုပ်က “[အရက်ခွက်မြှောက်၍ ဆုမွန်ကောင်းတောင်းခြင်း] သည် ရှေးအချိန်က သွေး သို့မဟုတ် ဝိုင်ကို နတ်ဘုရားများထံ ပူဇော်သွန်းလောင်းကာ ‘အသက်ရှည်ပါစေ၊’ ‘ကျန်းမာပါစေ’ စသည်ဖြင့် ဆုတောင်းပေးသည့် ဘာသာရေးထုံးတမ်းမှ ဆင်းသက်လာသော လူမှုရေးဓလေ့ဖြစ်နိုင်သည်” ဟုဆို၏။

ရှေးခေတ်အယူမှားဘာသာမှ  ဆင်းသက်လာသော သို့မဟုတ် ယင်းနှင့်ဆင်တူသော အရာတစ်ခု၊ အလှဆင်သည့်ပုံစံတစ်ခု၊ ဓလေ့တစ်ခုကို စစ်မှန်သောဝတ်ပြုသူတစ်ဦး ရှောင်ရမည်ဟု အမြဲမဆိုလိုပေ။ သလဲသီးအကြောင်း သုံးသပ်ကြည့်ပါ။ သမ္မာကျမ်းစာ စွယ်စုံကျမ်းတစ်အုပ်က ဤသို့ဆိုသည်– “သလဲသီးကို တစ်ပါးအမျိုးသားများ၏ ဘာသာရေးတွင် မြင့်မြတ်သောသင်္ကေတအဖြစ် အသုံးပြုခဲ့ပုံရသည်။” သို့သော် ယဇ်ပုရောဟိတ်မင်းကြီး၏ ဝတ်လုံအောက်နားတွင် ချည်ဖြင့်ပြုလုပ်သောသလဲသီးများကို တပ်ဆင်ရန် ဘုရားသခင်မိန့်မှာပြီး ရှောလမုန်ဆောက်လုပ်ခဲ့သော ဝတ်ပြုရာအိမ်တော်၏ ကြေးဝါတိုင်ထိပ်တွင် ကြေးဝါသလဲသီးများဖြင့် တန်ဆာဆင်ထားသည်။ (ထွက်မြောက်ရာ ၂၈:၃၀-၃၄; ၄ ဓမ္မရာဇဝင် ၂၅:၁၇) ထို့ပြင် လက်ထပ်လက်စွပ်ကိုလည်း ဘာသာရေးအထိမ်းအမှတ်အဖြစ် တစ်ချိန်က ရှုမြင်ခဲ့ကြသည်။ သို့တိုင် ယနေ့လူအများစုသည် ယင်းကိုမသိဘဲ လက်ထပ်ထိမ်းမြားထားသည့် အမှတ်အသားအဖြစ်သာ ယူမှတ်ကြသည်။

ဘာသာရေးအခမ်းအနားများတွင် ဝိုင်အသုံးပြုခြင်းကော အသို့နည်း။ ဥပမာ၊ ဗာလဝတ်ပြုသူ ရှေခင်မြို့သားတို့သည် “မိမိတို့ဘုရား၏ကျောင်းသို့သွား၍ စားသောက်လျက်” ဂိဒေါင်၏သားအဘိမလက်ကို ကျိန်ဆဲကြ၏။ (တရားသူကြီး ၉:၂၂-၂၈သမ္မာ) ယေဟောဝါအပေါ်သစ္စာရှိသူတစ်ဦးဦးသည် မှောက်မှားသောနတ်ဘုရားထံမှ အကူအညီတောင်းကာ အဘိမလက်ကိုကျိန်ဆဲရန် အဆိုပါသောက်စားခြင်းတွင်ပါဝင်မည်ဟု သင်ထင်သလော။ ဣသရေလလူများစွာ ယေဟောဝါအား ပုန်ကန်ခဲ့သည့်အချိန်နှင့်ပတ်သက်၍ အာမုတ်က သူတို့သည် ‘ခပ်သိမ်းသောယဇ်ပလ္လင်တို့အနား၌အိပ်’ ကြပြီး “စပျစ်ရည်ကို သူတို့ဘုရား၏အိမ်၌သောက်” ကြသည်ဟုဆိုခဲ့သည်။ (အာမုတ် ၂:⁠၈) စစ်မှန်သောဝတ်ပြုသူများသည် နတ်ဘုရားများအတွက် ဝိုင်ကိုသွန်းလောင်းခြင်း သို့မဟုတ် သောက်ခြင်းတို့ ပြုလုပ်မည်လော။ (ယေရမိ ၇:၁၈) ဝိုင်ခွက်မြှောက်ပြီး အခြားသူတစ်ဦးအတွက် ကျိန်ဆဲခြင်း သို့မဟုတ် ဆုမွန်ကောင်းတောင်းခြင်းတို့ပြုမည်လော။

စိတ်ဝင်စားစရာမှာ ယေဟောဝါကိုဝတ်ပြုသူများသည် တစ်ခါတစ်ရံ လက်ကိုချီမြှောက်ပြီး ဆုမွန်ကောင်းတောင်းကြသည်။ စစ်မှန်သောဘုရားသခင်ထံ လက်ကိုချီမြှောက်ကြသည်။ ‘ရှောလမုန်သည် ထာဝရဘုရားသခင်၏ယဇ်ပလ္လင်ရှေ့ . . . မှာနေ၍ လက်ဝါးတို့ကိုကောင်းကင်သို့ဖြန့်လျက်၊ “အိုဣသရေလအမျိုး၏ ဘုရားသခင် . . . ကိုယ်တော်နှင့်တူသော ဘုရားသခင်တစ်ဆူမျှမရှိပါ။ . . . ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ အပြစ်မှလွှတ်တော်မူပါ”’ ဟုဆုတောင်းသည်။ (၃ ဓမ္မရာဇဝင် ၈:၂၂၊ ၂၃၊ ၃၀) အလားတူ၊ ‘ဧဇရသည် ထာဝရဘုရားသခင်ကို ကောင်းချီးပေး၏။ လူအပေါင်းတို့က “အာမင်၊ အာမင်” ဟု လက်တို့ကိုချီလျက် ဝန်ခံ၍ ဦးချပျပ်ဝပ်လျက် ထာဝရဘုရားသခင်ကို ကိုးကွယ်ကြ၏။’ (နေဟမိ ၈:၆; ၁ တိမောသေ ၂:၈) ထိုသစ္စာရှိပုဂ္ဂိုလ်များသည် ကံနတ်ဘုရားတစ်ပါးပါးထံမှ ကောင်းချီးရရန် လက်ကိုချီမြှောက်နေခြင်းမဟုတ်သည်မှာ သေချာသည်။—⁠ဟေရှာယ ၆၅:၁၁

ယနေ့ အရက်ခွက်မြှောက်၍ ဆုမွန်ကောင်းတောင်းသူ အများစုသည် ဘုရားတစ်ပါးပါးထံမှ တစ်စုံတစ်ခုတောင်းဆိုနေသည်ဟု မယူဆကြသကဲ့သို့ အရက်ခွက်မြှောက်ရသည့် အကြောင်းရင်းကိုလည်း မရှင်းပြနိုင်ကြပေ။ သို့သော် အကြောင်းရင်းမှန်ကို သူတို့အသေးစိတ်မသိခြင်းကြောင့် သူတို့လုပ်သကဲ့သို့လုပ်နိုင်သည်ဟု ခရစ်ယာန်စစ်များ အကြောင်းပြ၍မရပေ။

ယေဟောဝါသက်သေများသည် လူအများစုလုပ်လေ့ရှိသော ကိုယ်ဟန်လက်ဟန်များကို လုပ်၍မရကြောင်း သိကြသည်။ ဥပမာ၊ အမျိုးသားသီချင်းဆိုစဉ် သို့မဟုတ် အလံအလေးပြုစဉ် ပြုလုပ်သောကိုယ်ဟန်လက်ဟန်များသည် ဝတ်ပြုမှုပုံစံများဖြစ်၏ဟု လူအများစုမယူမှတ်ကြပေ။ ခရစ်ယာန်စစ်များသည် အခြားသူများ ထိုကိုယ်ဟန်လက်ဟန်များပြုလုပ်သည်ကို ဝင်မစွက်သော်လည်း ကိုယ်တိုင်မူကား ယင်းတို့ကိုမပြုလုပ်ကြပေ။ သက်သေခံများသည် ထိုသို့ဖြစ်နိုင်မည့် အခြေအနေအချိန်အခါကို သိထားသောကြောင့် အခြားသူများအား စိတ်အနှောင့်အယှက်မဖြစ်စေဘဲ သတိပညာရှိရှိပြုမူကြသည်။ မည်သို့ပင်ဖြစ်စေ၊ သူတို့သည် ကျမ်းစာနှင့်မကိုက်ညီသော အမျိုးသားရေးဆိုင်ရာ ကိုယ်ဟန်လက်ဟန်များကို မပြုလုပ်ကြရန် စိတ်ပိုင်းဖြတ်ထားကြသည်။ (ထွက်မြောက်ရာ ၂၀:၄၊ ၅; ၁ ယောဟန် ၅:၂၁) ယနေ့ အရက်ခွက်မြှောက်၍ ဆုမွန်ကောင်းတောင်းခြင်းကို ဘာသာရေးနှင့်နွှယ်သည့် အမူအရာအဖြစ် ရှုမြင်ချင်မှ ရှုမြင်ကြပေမည်။ သို့တိုင် ဘာသာရေးနှင့်ဆက်နွှယ်သည့် ဓလေ့ဖြစ်သော၊ သဘာဝလွန်စွမ်းအားရလို၍ ဆုတောင်းခြင်းအဖြစ်ပင် ယနေ့ထိတိုင်ရှုမြင်နိုင်သော အရက်ခွက်မြှောက်၍ ဆုမွန်ကောင်းတောင်းခြင်းကို ခရစ်ယာန်များ ရှောင်သင့်သည့် ခိုင်လုံသောအကြောင်းရင်းများရှိပါသည်။—⁠ထွက်မြောက်ရာ ၂၃:၂