မူတစ်ခုအတွက် သူသေခဲ့
“ယေဟောဝါသက်သေတစ်ဦးဖြစ်သူ ဩဂတ်စ် ဒစ်ခ်မန် (၁၉၁၀ တွင်မွေးဖွားခဲ့) ကိုကျွန်ုပ်တို့သတိရပါသည်။” ယခင်ဇာခ်စင်ဟောင်ဇင် ချွေးတပ်စခန်းတွင် မကြာသေးမီက အခမ်းအနားဖြင့်ဖွင့်ခဲ့သော မော်ကွန်းကျောက်ပြား (ဤတွင်ဖော်ပြထား) ပေါ် ဤသို့အစပြုကမ္ပည်းထိုးထားသည်။ ယေဟောဝါသက်သေတစ်ဦးကို ဤကဲ့သို့သော မော်ကွန်းကျောက်ပြားမျိုးဖြင့် အဘယ်ကြောင့်အရေးပေးခဲ့ရသနည်း။ ကမ္ပည်းစာက ဤသို့ဆက်၍ဖြေဆိုသည်– “[သူ] သည် ဘာသာရေးခံယူချက်အရ စစ်မတိုက်သူဖြစ်သောကြောင့် ၁၉၃၉ စက်တင်ဘာ ၁၅ ရက်၌ လူအများရှေ့ အက်စ်အက်စ်တို့၏ ပစ်သတ်ခြင်းကိုခံခဲ့ရသည်။”
၁၉၃၇ တွင် ဩဂတ်စ် ဒစ်ခ်မန်သည် ဇာခ်စင်ဟောင်ဇင်ချွေးတပ်စခန်း၌ အကျယ်ချုပ်ခံခဲ့ရသည်။ ၁၉၃၉ တွင် ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးသုံးရက်အကြာ၌ သူ့ကို စစ်မှုထမ်းရန်လက်မှတ်ထိုးဖို့ အမိန့်ပေးခဲ့သည်။ သူငြင်းဆိုသည့်အခါ စခန်းအုပ်ချုပ်ရေးမှူးက အက်စ်အက်စ် (ရွှတ်ဇ်စတာဖဲလ်၊ ဟစ်တလာ၏လက်ရွေးစင်ကိုယ်ရံတော်တပ်ဖွဲ့) ခေါင်းဆောင်ဖြစ်သူ ဟင်းနရိခ် ဟင်မလာကိုအကြောင်းကြားကာ အခြားအကျဉ်းသားအားလုံးရှေ့ ဒစ်ခ်မန်ကိုသတ်ပစ်ဖို့ အခွင့်တောင်းခဲ့သည်။ ၁၉၃၉ စက်တင်ဘာ ၁၇ ရက်ထုတ် နယူးယောက်တိုင်းမ်စ်သတင်းစာတွင် ဂျာမနီမှသတင်းအရ ဤသို့ဆိုခဲ့သည်– “သေနတ်ပစ်တပ်ဖွဲ့က အသက် ၂၉ နှစ်ရှိသူ ဩဂတ်စ် ဒစ်ခ်မန်ကို ပစ်သတ်ခဲ့သည်။” သူသည် ထိုစစ်ပွဲ၌ ဘာသာရေးခံယူချက်အရ စစ်မတိုက်သော ပထမဆုံးဂျာမန်လူမျိုးဖြစ်ကြောင်း ဖော်ပြခဲ့သည်။
နှစ်ပေါင်းခြောက်ဆယ် ကြာပြီးနောက် ၁၉၉၉ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဘရန်ဒန်ဘာ့ဂ်မြို့ အောက်မေ့ရာဖောင်ဒေးရှင်းက ဒစ်ခ်မန်၏သေခြင်းကို အမှတ်ရစေပြီး ယခုအခါ ထိုအောက်မေ့ရာမော်ကွန်းကျောက်ပြားက သူ၏ရဲစွမ်းသတ္တိနှင့် ခိုင်ခံ့သောယုံကြည်ခြင်းကို အလည်အပတ်ရောက်လာသူများအား အမှတ်ရစေသည်။ ယခင်စခန်းဟောင်း၏ အပြင်ဘက်နံရံပေါ်ရှိ ဒုတိယမော်ကွန်းကျောက်ပြားတစ်ခု၌ ဒစ်ခ်မန်သည် မိမိတို့၏ယုံကြည်ချက်ကြောင့် ဇာခ်စင်ဟောင်ဇင်တွင် ဆင်းရဲခံခဲ့သော ၉၀၀ ခန့်ရှိသည့်ယေဟောဝါသက်သေများထဲမှ တစ်ဦးသာဖြစ်ကြောင်း လည်ပတ်လာသူများကို အသိပေးထားသည်။ အခြားစခန်းများတွင် ဆင်းရဲခံခဲ့ကြရသူ များစွာရှိသည်။ မှန်ပါသည်၊ ချွေးတပ်စခန်းများ၏ ကြောက်ခမန်းလိလိအခြေအနေများအောက်တွင်ပင် ဘုရားရေးရာမူများကို သစ္စာစောင့်သိခဲ့ကြသူများစွာရှိ၏။
ယေဟောဝါသက်သေများအတွက် “[အစိုးရသော] မင်းအာဏာစက်၏အုပ်စိုးခြင်းကို . . . ဝန်ခံ” ခြင်းသည် ခရစ်ယာန်တာဝန်တစ်ခုဖြစ်သည်။ (ရောမ ၁၃:၁) သို့ရာတွင် . . . ဘုရားသခင့်ပညတ်များကို ချိုးဖောက်ရန် ဖိအားပေးလာသည့်အခါ “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏” ဟုပြောခဲ့ကြသည့် ခရစ်တော်၏တမန်တော်များပုံနမူနာကို သူတို့လိုက်လျှောက်ကြသည်။ (တမန်တော် ၅:၂၉) ထို့ကြောင့် မျိုးနွယ်စုလိုက်ရန်ငြိုးဖွဲ့မှုနှင့် လူမျိုးစုမုန်းတီးမှုများရှိသည့် ကမ္ဘာပေါ်တွင် အလွန့်အလွန်ရက်စက်ယုတ်မာမှုများ ဖြစ်ခဲ့သော်လည်း အရပ်ရပ်ရှိ ယေဟောဝါသက်သေတို့သည် ဩဂတ်စ် ဒစ်ခ်မန်ကဲ့သို့ ငြိမ်သက်ခြင်းကို မီအောင်လိုက်ကြသည်။ သူတို့သည် ကျမ်းစာ၏ဤတိုက်တွန်းချက်ကို လိုက်လျှောက်ကြသည်– “အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။”—ရောမ ၁၂:၂၁။

