မြန်မာ
မျှော်လင့်ချက် ရှိစေတဲ့ သွန်သင်ချက်များ
https://cms-imgp.jw-cdn.org/img/p/102021009/univ/art/102021009_univ_sqr_xl.jpg
န၂၁ အမှတ် ၁ စာ. ၁၂-၁၃

မျှော်လင့်ချက် ရှိစေတဲ့ သွန်သင်ချက်များ

မျှော်လင့်ချက် ရှိစေတဲ့ သွန်သင်ချက်များ

မဝေးတော့တဲ့ အနာဂတ်မှာ သိပ်ကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ ဘုရား ကတိပြုထားတယ်။ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားမယ်။ လူတွေ ကမ္ဘာပေါ်မှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ရမယ်။ (ဆာလံ ၃၇:၁၁) အဲဒီကတိကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ “ဘုရားသခင်ဟာ လူတွေလို မလိမ်တတ်” လို့ပဲ။ (တောလည်ရာ ၂၃:၁၉) ဖန်ဆင်းရှင် ပြုလုပ်ပေးမယ့် ကောင်းတဲ့အရာတချို့ကို သုံးသပ်ကြည့်ကြစို့။

ဘုရားသခင်က လူဆိုးတွေကို ဖျက်ဆီးမယ်

“လူဆိုးတွေ ပေါင်းပင်လို ပေါက်နေပြီး အမှားလုပ်တဲ့သူတွေ ရှင်သန်ကြီးထွားနေပေမဲ့ နောက်ဆုံးတော့ ထာဝရ ဖျက်ဆီးခံရလိမ့်မယ်ဆိုတဲ့ အချက်ပဲ။”—ဆာလံ ၉၂:၇

ပြီးခဲ့တဲ့ ဆောင်းပါးမှာ သိခဲ့ရတဲ့အတိုင်း မကောင်းမှုတွေ တိုးများနေတယ်။ အဲဒါကို မအံ့ဩသင့်ပါဘူး။ “နောက်ဆုံးကာလ” မှာ လူတွေဟာ ထူးထူးခြားခြား ဆိုးသွမ်းလာမယ်လို့ ၂ တိမောသေ ၃:၁-၅ မှာ ကြိုပြောထားတယ်။ ဘာရဲ့ နောက်ဆုံးကာလလဲ။ ဘုရားတရားမဲ့သူတွေ ရှိတဲ့ လက်ရှိ လောကရဲ့ နောက်ဆုံးကာလပါ။ မကြာခင်မှာ ဘုရားသခင်က ဆိုးသွမ်းတဲ့ လမ်းစဉ် မပြောင်းလဲသူတွေကို ဖျက်ဆီးပါတော့မယ်။ ဘုရားစကား နားထောင်တဲ့ လူကောင်းတွေပဲ ကျန်ရစ်မယ်။ “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်။”—ဆာလံ ၃၇:၂၉

ဘုရားသခင်က စာတန်ကို ဖျက်ဆီးမယ်

“ငြိမ်သက်ခြင်း ပေးသနားတဲ့ ဘုရားသခင်က မကြာခင် စာတန်ကို . . . ချေမှုန်းတော့မယ်။”—ရောမ ၁၆:၂၀

စာတန်၊ နတ်ဆိုးတွေနဲ့ လူဆိုးတွေ မရှိတော့တဲ့အခါ ကမ္ဘာမြေတစ်ခွင် ငြိမ်သက်အေးချမ်း လာပါလိမ့်မယ်။ “ခြောက်လှန့်တဲ့သူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး” လို့ ဖန်ဆင်းရှင် ကတိပေးတယ်။—မိက္ခာ ၄:၄

ဘုရားသခင်က အဖျားအနာနဲ့ သေခြင်းကို ဖယ်ရှားမယ်

“ဘုရားသခင်ရဲ့ တဲတော်ဟာ လူတွေနဲ့အတူ . . . ရှိနေမယ်။ ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာဒိတ် ၂၁:၃၊ ၄

အဖျားအနာနဲ့ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘုရားသခင်က စာတန်၊ အာဒံ၊ ဧဝနဲ့ လူ့မစုံလင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ မကောင်းမှုအားလုံးကို ချေဖျက်ပစ်တော့မယ်။ ဒါကြောင့် “သေခြင်း ရှိတော့မှာ မဟုတ်ဘူး။” ဖန်ဆင်းရှင်ကို ချစ်ပြီး နာခံတဲ့လူသားတွေ ထာဝစဉ် အသက်ရှင်မယ်။ ဘယ်နေရာမှာ အသက်ရှင်ကြမှာလဲ။

ဖန်ဆင်းရှင်က ကမ္ဘာကို အေးချမ်းသာယာလှပတဲ့နေရာ ဖြစ်စေမယ်

“တောကန္တာရနဲ့ ပူပြင်းခြောက်သွေ့တဲ့ မြေဟာ ပျော်မြူးလိမ့်မယ်။ ကန္တာရလွင်ပြင်လည်း ရွှင်လန်းပြီး ကုံကုမံပန်းတွေလို ဝေဆာလိမ့်မယ်။”—ဟေရှာယ ၃၅:၁

လူဆိုးတွေကို ဘုရား ဖျက်ဆီးပြီးနောက်မှာ ကမ္ဘာဟာ အေးချမ်းသာယာတဲ့ နေရာ ဖြစ်လာမယ်။ နေရာတိုင်းမှာ ပန်းခြံတွေ၊ ဥယျာဉ်တွေ ရှိမယ်။ အစားအစာ အလျှံပယ် ရှိမယ်။ (ဆာလံ ၇၂:၁၆) ပင်လယ်၊ သမုဒ္ဒရာ၊ မြစ်ချောင်း၊ အင်းအိုင်တွေဟာ ကြည်လင်သန့်ရှင်းပြီး သက်ရှိတွေနဲ့ ပြည့်နေမယ်။ “ညစ်ညမ်းမှု” ဆိုတဲ့ ဝေါဟာရတောင် ပျောက်သွားမယ်။ လူတွေဟာ ကိုယ်ဆောက်တဲ့ အိမ်မှာ ကိုယ်နေရမယ်။ အိမ်ယာမဲ့တွေ၊ ငတ်မွတ်သူတွေ၊ ဆင်းရဲသားတွေ ရှိတော့မှာ မဟုတ်ဘူး။—ဟေရှာယ ၆၅:၂၁၊ ၂၂

ဘုရားသခင်က သေလွန်သွားသူတွေကို အသက်ပြန်ရှင်စေမယ်

“ရှင်ပြန်ထမြောက်လာ” မယ်။—တမန်တော် ၂၄:၁၅

ချစ်ရတဲ့ ဆုံးပါးသွားသူတွေကို ပြန်တွေ့ချင်သလား။ အနန္တတန်ခိုးရှင် ဘုရားသခင်က သူတို့ကို သာယာလှပတဲ့ ပရဒိသု မြေကြီးမှာ အသက်ပြန်ရှင်အောင် လုပ်ပေးမယ်။ ကိုယ်က သူတို့ကို မှတ်မိမယ်။ သူတို့လည်း ကိုယ့်ကို မှတ်မိမယ်။ ဘယ်လောက်တောင် ပျော်လိုက်ကြမလဲ။ အဲဒီလို ဖြစ်လာမယ်လို့ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ သေရာကနေ အသက်ပြန်ရှင်လာပြီး မိသားစုနဲ့ ပြန်ပေါင်းစည်းခဲ့တဲ့ လူကြီးတွေ၊ ကလေးတွေအကြောင်းကို ကျမ်းစာထဲမှာ ဖော်ပြထားလို့ပါ။ အဲဒီအပြင် ယေရှုက မျက်မြင်သက်သေတွေရှေ့မှာ သေလွန်သူတွေကို အသက်ပြန်ရှင်စေခဲ့တယ်။—လုကာ ၈:၄၉-၅၆။ ယောဟန် ၁၁:၁၁-၁၄၊ ၃၈-၄၄