မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝ​အတ္ထုပ္ပတ္တိ

လက်​အစုံ​မရှိပေမဲ့ အမှန်​တရား​ကို လက်ဝယ်​ပိုင်ဆိုင်ခဲ့

လက်​အစုံ​မရှိပေမဲ့ အမှန်​တရား​ကို လက်ဝယ်​ပိုင်ဆိုင်ခဲ့

လူတွေ ကြောက်​စိတ်ဝင်​တဲ့အခါ တစ်ခုခု​ကို ဆုပ်ကိုင်ထား တတ်ကြတယ်။ ကျွန်တော့်​မှာတော့ လက်​အစုံ​မရှိ​လို့ အဲဒီလို မလုပ်နိုင်ဘူး။ အသက် ၇ နှစ်​ရောက်တဲ့​အခါ ဆက်​အသက်ရှင်​နိုင်ဖို့ လက်​တွေကို ဖြတ်ပစ်​လိုက်ရ​တယ်။

၁၉၆၀ ခုနှစ်၊ ကျွန်တော့်​ကို မွေး​တဲ့အချိန်မှာ အမေက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ အဖေ​ကတော့ ကျွန်တော်​မမွေးခင်​ကတည်းက ကျွန်တော်​တို့​သား​အမိကို စွန့်ပစ်​သွား​တယ်။ ဒါကြောင့် သား​အမိ​နှစ်ယောက်​က အဖိုး​အဖွား​နဲ့​အတူ ယခင် ဂျာမန်​ဒီမိုကရက်တစ်​သမ္မတ​နိုင်ငံ (အရှေ့​ဂျာမနီ) ဘာ့ခ်​မြို့လေး​မှာ နေထိုင်​ကြတယ်။ အဲဒီမှာ အများစုက ဘုရားမဲ့​ဝါဒီသမား​တွေဆိုတော့ ကျွန်တော်​တို့​လည်း သူတို့​လိုပဲပေါ့။ ဘုရား​သခင်​ဆိုတာ ကျွန်တော်​တို့အတွက် ဘာ​အဓိပ္ပာယ်​မှ မရှိဘူး။

ကျွန်တော်​က အဖိုးကို သိပ်​ခင်တွယ်​တော့ အဖိုး​သွား​လေ​ရာ တကောက်​ကောက် လိုက်လေ့​ရှိတယ်။ အဖိုး​နဲ့​အတူ အလုပ်လုပ်​တယ်။ သစ်ပင်​ပေါ်​တက်ပြီး သစ်ကိုင်း​တွေလည်း ဖြတ်​တယ်။ ကလေး​တစ်ယောက်​အနေ​နဲ့ ဒီလို​စွန့်စား​ရတာ​တွေကို သိပ်ကြိုက်​တာပဲ။ ဘဝ​ဟာ အပူအပင်​မရှိဘဲ ပျော်စရာ​ကောင်း​ခဲ့တယ်။

မတော်တဆ​မှု​ကြောင့် ဘဝ​တစ်ခုလုံး ပြောင်း​လဲသွား

အသက် ၇ နှစ်မှာ တကယ့်​ကို ထိတ်လန့်စရာ​ကောင်းတဲ့ အဖြစ်အပျက်​တစ်ခု ဖြစ်ခဲ့​တယ်။ ကျွန်တော် ဒုတိယ​တန်း စတက်တဲ့ အချိန်​လောက်ပေါ့။ ကျောင်း​ကနေ အိမ်အပြန်မှာ ဓာတ်တိုင်​တစ်ခုကို တက်တယ်။ အမြင့် ၂၅ ပေလောက်​လည်း​ရောက်​ရော လျှပ်စစ်​ရှော့ခ်​တစ်ခုကြောင့် ဓာတ်လိုက်ပြီး သတိလစ်​သွားတယ်။ ဆေးရုံမှာ သတိ​ရလာတော့ ကျွန်တော့်​မှာ လက်တွေ​မရှိတော့မှန်း သိလိုက်​ရတယ်။ လက်​တွေကို ဆိုးဆိုး​ရွားရွား မီးလောင်သွားပြီး ဒဏ်ရာတွေ သိပ်ဆိုးရွားလွန်းလို့ သွေး​အဆိပ်တက်​တာမျိုး မဖြစ်အောင် လက်​နှစ်ဖက်စလုံး​ကို ဖြတ်ပစ်​လိုက်ရတယ်။ အမေနဲ့ အဖိုး​အဖွား​တို့ ဘယ်​လောက်တောင် ယူကျုံး​မရ ဖြစ်​သွား​မလဲ​ဆိုတာ မြင်ယောင်​ကြည့်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်​က ကလေး​ဆိုတော့ လက်နှစ်ဖက် ဆုံးၡုံး​လိုက်ရတာက နောက်ပိုင်းမှာ ဘဝကို ဘယ်လောက်ထိ ထိခိုက်​နိုင်မှန်း အဲဒီတုန်းက ကောင်းကောင်း​နား​မလည်​ခဲ့ဘူး။

ဆေးရုံ​ဆင်းပြီးနောက် ကျောင်း​ပြန်​တက်​တယ်။ အဲဒီအခါ ကလေး​တွေက ကျွန်တော် ဘာမှ​ပြန်​မလုပ်​နိုင်မှန်း​သိတော့ လှောင်ပြောင်​တယ်၊ တွန်း​တိုက်​တယ်၊ ပစ္စည်း​တွေနဲ့ ပစ်ပေါက်​ကြတယ်။ အဲဒီလို ရက်ရက်​စက်စက် အနိုင်​ကျင့်​ခံရမှု​တွေကြောင့် တော်တော်​လေး စိတ်​ထိခိုက်​ခဲ့ရတယ်။ နောက်ဆုံး​တော့ ကျွန်တော့်​ကို ဘာကန်ဝါဒါ​မြို့​မှာရှိတဲ့ မသန်​မစွမ်း​ကျောင်း​ဆီ ပို့လိုက်ကြတယ်။ ကျောင်း​က အိမ်​နဲ့​သိပ်ဝေး​တော့ အမေတို့ ကျွန်တော့်ဆီ အလည်​မလာနိုင်ဘူး။ အားလပ်ရက်​ရောက်မှပဲ သူတို့နဲ့ တွေ့ခွင့်ရတယ်။ နောက် ၁၀ နှစ်ကို​တော့ အမေနဲ့ အဖိုး​အဖွား​တွေမပါဘဲ ကျွန်တော်​ကြီးပြင်း​ခဲ့ရတယ်။

လက်​အစုံ​မရှိဘဲ ကြီးပြင်းခဲ့

ခြေထောက်​သုံးပြီး အလုပ်​အတော်​များများ လုပ်​တတ်ဖို့ သင်ယူ​ခဲ့တယ်။ ဇွန်း​ခက်ရင်း​ကို ခြေချောင်း​လေး​တွေနဲ့​ညှပ်ပြီး အစာ​စားတာ ဘယ်လို​များ​နေမလဲလို့ တွေးကြည့်​ဖူးသလား။ ကျွန်တော်​တော့ အဲဒါ​ကို ကျွမ်းကျွမ်း​ကျင်ကျင် လုပ်​တတ်လာ​တယ်။ ခြေထောက်​သုံးပြီး သွားတိုက်​တတ်​အောင်၊ ခေါင်းဖြီး​တတ်​အောင်​လည်း သင်ယူ​ခဲ့တယ်။ တခြားသူ​တွေနဲ့ စကား​ပြော​တဲ့အခါ ခြေထောက်နဲ့ အမူ​အရာ​တွေတောင် ပြ​တတ်​လာ​တယ်။ ဒါကြောင့် ခြေထောက်​က ကျွန်တော့်​အတွက်​တော့ လက်​အစုံ​ပါပဲ။

ဆယ်ကျော်​သက် အရွယ်​လောက်​မှာ သိပ္ပံ​ဝတ္ထုတွေ ဖတ်​ရတာ သိပ်ကြိုက်​တယ်။ အရာ​အားလုံး​ကို လုပ်နိုင်​ဖို့ အထူး​တီထွင်​ထား​တဲ့ လက်တွေ​ရှိရင် သိပ်ကောင်း​မှာပဲလို့ တစ်ခါ​တလေ စဉ်းစား​မိတယ်။ အသက် ၁၄ နှစ်မှာ ဆေးလိပ်ကို စသောက်​တတ်လာ​တယ်။ အဲဒါက ကိုယ့်​ကိုယ်ကိုယ် ယုံကြည်​စိတ်ချမှု​ရှိစေတယ်၊ တခြား​သူ​တွေနဲ့ တန်းတူ​ပဲလို့ ခံစား​ရစေတယ်။ ‘အရွယ်​ရောက်သူမှန်ရင် ဆေးလိပ်​သောက်ရမှာပဲ။ ငါလည်း လက်​အစုံ​မရှိပေမဲ့ လုပ်နိုင်ပါတယ်’ ဆိုတဲ့​ပုံစံမျိုး ဖမ်းထားတယ်။​

ကျွန်တော်က အမြဲ​အလုပ်များ​အောင် နေတယ်၊ ပရဟိတ​လုပ်ငန်း​တွေ လုပ်တယ်။ ဒီလိုနဲ့ လွတ်လပ်တဲ့​ဂျာမန်​လူငယ်များ​အဖွဲ့မှာ အဖွဲ့ဝင်​တစ်ယောက် ဖြစ်လာခဲ့တယ်။ အဲဒီအဖွဲ့က အစိုးရရဲ့ ထောက်ပံ့ကြေး​ရထားတဲ့ ဆိုရှယ်လစ် လူငယ်​အဖွဲ့အစည်း​တစ်ခုပါ။ ကျွန်တော်​က အတွင်းရေးမှူး​ဆိုတော့ ဒေသခံ​အဖွဲ့ဝင်​တွေ​ထဲမှာ​ဆို ရာထူး​ကြီး​တယ်လို့ ပြောရမယ်။ သီချင်း​ဆို​ကလပ်​မှာ ပါတယ်။ ကဗျာ​ရွတ်​ပွဲ​တွေ၊ မသန်မစွမ်း အားကစား​ပြိုင်ပွဲ​တွေမှာလည်း ပါဝင်ခဲ့တယ်။ အလုပ်သင်​ကာလ ပြီးသွားတဲ့နောက် ကျွန်တော်တို့​မြို့​ရဲ့ ကုမ္ပဏီ​တစ်ခု​မှာ အလုပ်ဝင်​တယ်။ နောက်ပိုင်း​မှာ သာမန်​လူ​တစ်ယောက်​လို လှုပ်ရှား​သွားလာ​ချင်တာနဲ့ လက်​အတု​တွေကို အမြဲ​လိုလို တပ်ထား​ဖြစ်တယ်။

အမှန်​တရား​ကို လက်ဝယ်​ပိုင်ဆိုင်ခဲ့

တစ်နေ့​ကျတော့ အလုပ်သွားဖို့ ရထား​စောင့်​နေတုန်း ကျွန်တော့်​အနား လူ​တစ်ယောက် ရောက်လာပြီး ‘ဘုရား​သခင်က ခင်ဗျားကို လက်​နှစ်ဖက်စလုံး ပြန်ရအောင် လုပ်ပေးနိုင်မယ်လို့ ထင်သလား’ ဆိုပြီး မေးတယ်။ ကျွန်တော် တော်တော်လေး စိတ်ရှုပ်​သွားတယ်။ လက်​နှစ်ဖက်စလုံး ပြန်လိုချင်ပေမဲ့ အဲဒါက ကျွန်တော့်​အတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘုရားမဲ့​ဝါဒီသမား​အနေနဲ့ ဘုရား​သခင် မရှိဘူးလို့ အခိုင်အမာ ယုံကြည်​ထားလို့ပါ။ ဒါနဲ့ အဲဒီအချိန်ကစပြီး သူ့ကိုတွေ့ရင် ကျွန်တော် ရှောင်တော့တယ်။

နောက်ပိုင်း၊ အလုပ်​ဖော် အမျိုးသမီး​တစ်ယောက်က သူ့အိမ်ကို အလည်​ခေါ်တယ်။ သူ့​မိဘတွေက ကျွန်တော်နဲ့ ကော်ဖီ​အတူတူ​သောက်ရင်း ယေဟောဝါ​ဘုရား​အကြောင်း စပြောပြတယ်။ ဘုရား​သခင်​မှာ နာမည်​ရှိမှန်း ပထမဆုံး​အကြိမ် ကြားဖူးတာပဲ။ (ယေရမိ ၃၃:၂) ဒါပေမဲ့ ‘ဘုရား​သခင်​နာမည် ဘာပဲဖြစ်နေဖြစ်နေ ဘုရား​ဆိုတာ တကယ်​မရှိနိုင်ပါဘူး။ ဒီလူတွေ မှားနေတယ်ဆိုတာ ငါ သက်သေပြ​မယ်’ လို့ စိတ်​ထဲကနေ ပြောမိတယ်။ ကိုယ့်အထင်အမြင်​ကို အပြည့်အဝ​ယုံကြည်ပြီး ကျမ်းစာ​အကြောင်း ဆွေးနွေး​ဖို့ သဘောတူ​လိုက်တယ်။ ဒါပေမဲ့ အံ့သြ​စရာက ဘုရား​သခင်​မရှိဘူးဆိုတာ ကျွန်တော့်​ဘက်က သက်သေမပြနိုင်ဘူး။

ကျမ်းစာ​မှာပါတဲ့ ကြိုဟောချက်​တွေ​အကြောင်း လေ့လာတဲ့အခါ ဘုရား​တည်ရှိမှု​နဲ့ ပတ်သက်တဲ့ ကျွန်တော့်​သဘောထား​တွေ တဖြည်းဖြည်း ပြောင်းလဲ​လာတယ်။ နှစ်ပေါင်း​ထောင်ချီ​ပြီးရေးခဲ့တဲ့ ကြိုဟောချက်​တွေ တကယ်​ဖြစ်ပျက်​နေတယ်။ တစ်ခါတုန်းက ကျမ်းစာ​ဆွေးနွေး​နေချိန်မှာ လက်ရှိ​ကမ္ဘာ့​အခြေအနေတွေကို မဿဲအခန်းကြီး ၂၄လုကာအခန်းကြီး ၂၁ နဲ့ ၂ တိမောသေ အခန်းကြီး ၃ မှာပါတဲ့ ကြိုဟောချက်​တွေနဲ့ နှိုင်းယှဉ်​ခဲ့ကြတယ်။ ဆရာဝန်​က လူနာ​ခံစား​နေရတဲ့ လက္ခဏာ​အားလုံး​ကို ခြုံကြည့်ပြီး ရောဂါ​အမည်မှန် တပ်​ပေး​နိုင်​သလို ကျွန်တော်လည်း ဒီကြို​ဟောချက်​တွေမှာ​ပါတဲ့ ဖြစ်ရပ်​အားလုံးကို ခြုံကြည့်ပြီး ကျမ်းစာ​မှာပြော​ထားတဲ့ “နောက်ဆုံးသော​နေ့ရက်များ” မှာ အသက်ရှင်​နေရမှန်း ​သိမြင်နိုင်ခဲ့တယ်။ * ကိုယ့်မျက်စိ​ရှေ့မှာပဲ ဒီကြို​ဟောချက်​တွေ ဖြစ်ပျက်​နေမှန်း သိလိုက်​ရတော့ အံ့သြ​မှင်တက်​သွားခဲ့တယ်။

သိရှိ​လာတဲ့​အရာ​တွေဟာ အမှန်တရား​ဖြစ်မှန်း ကျွန်တော် အခိုင်​အမာ​ယုံကြည်​တယ်။ ဒါကြောင့် ယေဟောဝါ​ဘုရား​ဆီ စပြီး​ဆုတောင်း​တယ်၊ ဆေးလိပ်​ကို ဆယ်နှစ်​ကျော်ကျော်​လောက် အလွန်​အကျွံ​သောက်ခဲ့​ပေမဲ့​လည်း ဖြတ်လိုက်​တယ်။ ကျမ်းစာကို တစ်နှစ်​လောက် ဆက်​လေ့လာပြီး ၁၉၈၆ ခုနှစ်၊ ဧပြီ ၂၇ ရက်မှာ ရေချိုး​ဇလုံ​မှာပဲ တိတ်​တဆိတ် နှစ်ခြင်း​ခံခဲ့တယ်။ အဲဒီ​အချိန်တုန်းက အရှေ့​ဂျာမနီမှာ သက်သေခံ​တွေရဲ့ လုပ်ငန်းကို ပိတ်ပင်​ထားတယ်။

တခြားသူတွေကို ကူညီပေး

ပိတ်ပင်​မှုကြောင့် အိမ်တွေမှာ အုပ်စုငယ်​တွေအနေနဲ့ ကျွန်တော်​တို့ တွေ့ဆုံ​ခဲ့ရတယ်။ ဒါကြောင့် ညီအစ်ကို​ညီအစ်မ နည်းနည်း​လောက်ကိုပဲ သိကျွမ်း​ခဲ့တယ်။ ဒါပေမဲ့ မမျှော်​လင့်​ဘဲ အာဏာပိုင်​တွေက ကျွန်တော့်ကို အနောက်​ဂျာမနီ​ဆီ သွားဖို့​ခွင့်ပြု​ခဲ့တယ်။ အဲဒီ​မှာတော့ သက်သေခံ​တွေရဲ့ လုပ်ငန်းကို မ​ပိတ်ပင်​ထားဘူး။ စည်းဝေးကြီး​တွေကို ပထမဆုံး​အနေနဲ့ တက်ရောက်​ခွင့်​ရခဲ့ပြီး ညီအစ်ကို​ညီအစ်မ ထောင်နဲ့​ချီကို တွေ့မြင်​ခွင့်​ရခဲ့​တယ်။ တကယ့်ကို ထူးခြား​တဲ့ အတွေ့​အကြုံ​ပါပဲ။

ဘာလင်​တံတိုင်း​ကြီး ပြိုလဲ​သွားပြီးနောက် ယေဟောဝါ​သက်သေ​တွေရဲ့ ပိတ်ပင်​မှုကို ရုပ်သိမ်း​လိုက်​ကြတယ်။ နောက်ဆုံး​တော့ ယေဟောဝါ​ကို ကျွန်တော်​တို့ လွတ်လွတ်​လပ်လပ် ကိုးကွယ်​နိုင်ပြီ။ ဒါကြောင့် ဟောပြောခြင်း​လုပ်ငန်း​မှာ ပိုတိုးချဲ့ ပါဝင်ချင်​တယ်။ ဒါပေမဲ့ သူစိမ်းတွေနဲ့ ပြောဆို​ဆက်သွယ်​ရမှာ​ကိုတော့ သိပ်ကြောက်​မိ​တယ်။ မသန်မစွမ်း​ဖြစ်တာ၊ ကလေး​ဘဝ​ရဲ့ အချိန်​အတော်များများကို မသန်မစွမ်း​ကျောင်း​မှာပဲ ကုန်လွန်ခဲ့​တာကြောင့် ကျွန်တော့်မှာ သိမ်ငယ်စိတ်​ရှိတယ်။ ဒါပေမဲ့ ၁၉၉၂ ခုနှစ်မှာ တစ်လကို နာရီ ၆၀ ဟောပြော​ဖို့ ကြိုးစား​ပါဝင်ခဲ့တယ်။ အဲဒီလို ကြိုးစား​ခဲ့တာကြောင့် ပျော်ရွှင်မှု​လည်း ခံစား​ခဲ့ရတယ်။ ဒါနဲ့ လတိုင်း ပါဝင်ဖို့ ဆုံးဖြတ်ပြီး နောက်​သုံးနှစ်​လောက်အထိ ဆက်တိုက်​ပါဝင်​နိုင်ခဲ့တယ်။

“မည်သူသည် အားနည်း၍ ငါမူကား အားမနည်းဘဲ နေရသနည်း” ဆိုတဲ့ ကျမ်း​စကား​ကို စွဲမှတ်ထားတယ်။ (၂ ကောရိန္သု ၁၁:၂၉) မသန်မစွမ်း​ဖြစ်နေပေမဲ့ ကျွန်တော့်​မှာ စဉ်းစားဉာဏ် ရှိသေးတယ်၊ စကား​ပြောနိုင်​သေးတယ်။ ဒီတော့ ​တခြား​သူ​တွေကို အတတ်နိုင်​ဆုံး ကူညီ​တယ်။ နောက်ပြီး ကျွန်တော့်​မှာ လက်​အစုံ​မရှိတော့ ချို့ယွင်း​ချက်ရှိတဲ့​သူတွေကို အပြည့်​အဝ နားလည်​ပေးနိုင်​တာပေါ့။ တစ်ခုခုကို သိပ်လုပ်ချင်ပေမဲ့ မလုပ်နိုင်တဲ့အခါ ဘယ်လိုခံစားရမှန်း ကျွန်တော် ကောင်းကောင်း​နားလည်​တယ်။ ဒါကြောင့် အဲဒီလို​ခံစား​နေတဲ့​သူ​တွေကို အတတ်နိုင်​ဆုံး အားပေး​တယ်။ တခြားသူ​တွေ​ကို အဲဒီလို​အားပေး​တာက ကျွန်တော့်​ကို ပျော်ရွှင်​စေတယ်။

တခြား​သူတွေ​ကို သတင်း​ကောင်း ပြောပြ​ရတာက ကျွန်တော့်​ကို ပျော်ရွှင်​စေ

ယေဟောဝါ​ရဲ့ အကူအညီ​ကို နေ့တိုင်း​ရရှိ

ဒါပေမဲ့ စိတ်ဓာတ်​ကျတဲ့ အချိန်​တွေ​ရှိတယ်​ဆိုတာ ဝန်ခံ​ပါတယ်။ ကျွန်တော်​က သာမန်​လူ​တစ်ယောက်​လိုပဲ ဖြစ်ချင်​တာပါ။ နေ့စဉ်​အလုပ် အတော်​များများ​ကို ကိုယ့်​ဘာသာ​လုပ်နိုင်​ပေမဲ့ သာမန်​လူ​ထက်တော့ အချိန်နဲ့​ခွန်အား အများကြီး စိုက်​ထုတ်ရ​တယ်။ ဒါကြောင့် “ငါ့ကို တန်ခိုး​ပေးတော်မူ​သော ကိုယ်တော်​အားဖြင့် အရာ​ခပ်သိမ်း​ကို ငါ​တတ်စွမ်းနိုင်၏” ဆိုတဲ့​ကျမ်း​စကား​ဟာ ကျွန်တော့်​ရဲ့ လက်စွဲ​ဆောင်ပုဒ် ဖြစ်လာ​တယ်။ (ဖိလိပ္ပိ ၄:၁၃) နေ့စဉ်​လုပ်နေကျ​အရာတွေ​ကို လုပ်နိုင်ဖို့ ယေဟောဝါ​ဘုရားက အမြဲ​ခွန်အား​ပေးတယ်။ ဘုရား​သခင် အမြဲ​ခွန်အား​ပေးနေမှန်း သိ​လာ​တော့ ကျွန်တော်​လည်း ဘုရား​အတွက် အမြဲ​အမှုဆောင်​ချင်စိတ် ပေါ်လာတယ်။

ဒါ့အပြင် ကလေး​ဘဝ​ကတည်း​က လိုချင်​တောင့်တ​ခဲ့တဲ့ မိသားစု​ဘဝ​ကိုလည်း ယေဟောဝါ​ဘုရား ပေး​သနား​ပါတယ်။ သိပ်ချစ်စရာ​ကောင်းပြီး ကြင်နာ​သနား​တတ်တဲ့ ဇနီး​အဲလ်ကာ​လည်း အနား​မှာ ရှိတယ်။ သန်းနဲ့​ချီတဲ့ ယေဟောဝါ​သက်သေတွေ​ကလည်း ကျွန်တော့်​ရဲ့ ညီအစ်ကို​ညီအစ်မ​တွေ ဖြစ်လာ​တဲ့​အတွက် ကမ္ဘာချီ​မိသားစု​တစ်စုကို ပိုင်ဆိုင်​ခွင့်ရတယ်။

ချစ်ဇနီး အဲလ်ကာနဲ့အတူ

သာယာ​လှပတဲ့​ကမ္ဘာသစ်မှာ ကျွန်တော့်ရဲ့ လက်အစုံ​အပါအဝင် “အရာခပ်သိမ်း​ကို အသစ်​ပြုလုပ်” ပေးမယ်ဆိုတဲ့ ဘုရား​သခင်​ရဲ့ ကတိ​ကြောင့် နှစ်သိမ့်မှု​ရတယ်။ (ဗျာဒိတ် ၂၁:၅) ယေရှု မြေကြီး​ပေါ်ရှိတုန်းက ခြေလက်​သေနေသူတွေကို ကုသ​ပေးခဲ့တယ်။ နားရွက်​ပြတ်​သွား​တဲ့သူကို​တောင် အကောင်း​ပကတိ​ဖြစ်အောင် လုပ်ပေး​ခဲ့တယ်။ အဲဒီ​အကြောင်း စဉ်းစား​လိုက်​တဲ့အ​ခါ ဘုရား​ပေးကတိ​ဟာ သိပ်ကောင်း​မှန်း ပို​နားလည်​လာတယ်။ (မဿဲ ၁၂:၁၃; လုကာ ၂၂:၅၀၊ ၅၁) ယေဟောဝါ​ဘုရား​ရဲ့ ကတိ​တွေနဲ့ ယေရှု​လုပ်ခဲ့တဲ့ အံ့ဖွယ်​အမှုတွေက မကြာ​ခင် ကျွန်တော်​လည်း သာမန်​လူ​တစ်ယောက်​လို လှုပ်ရှား​သွားလာ​နိုင်တော့​မယ်ဆိုတာ ယုံကြည်​စိတ်ချ​စေတယ်။

ကျွန်တော့်​အတွက် အကြီးမား​ဆုံး ကောင်းချီး​တစ်ခုက ယေဟောဝါ​ဘုရားကို သိ​ကျွမ်းခွင့်​ရတာပဲ။ ကိုယ်တော်​ဟာ ကျွန်တော့်​အတွက် အဖေ​လို၊ သူငယ်ချင်း​လိုဖြစ်တဲ့​အပြင် နှစ်သိမ့်မှု​နဲ့ ခွန်အား​ပေးတဲ့​အရှင်​လည်း ဖြစ်တယ်။ “ထာဝရ​ဘုရား​သည် ငါ၏​ခွန်အား​ဗလ . . . ဖြစ်တော်မူ၏။ ငါ့ကို စောင့်မ​တော်​မူ​သောကြောင့် ငါ့နှလုံး​သည် ရွှင်လန်း​လျက်ရှိ၏” ဆိုပြီး​ပြောခဲ့​တဲ့ ဘုရင်​ဒါဝိဒ်လို ကျွန်တော် ခံစား​ရတယ်။ (ဆာလံ ၂၈:၇) ဒီအမှန်​တရား​ကို တစ်​ဘဝ​လုံး ဆုပ်ကိုင်​ထားချင်​တယ်။ ကျွန်တော့်​မှာ လက်အစုံ​မရှိပေမဲ့ အဲဒါကို လက်ဝယ်​ပိုင်ဆိုင်ခွင့် ရခဲ့​တယ်။

^ စာပိုဒ်၊ 17 နောက်​ဆုံးသော​နေ့ရက်​များနဲ့​ဆိုင်တဲ့ နိမိတ်​တွေ​အကြောင်း အသေး​စိတ် ထပ်​သိချင်ရင် ယေဟောဝါ​သက်သေ​တွေ ထုတ်ဝေ​တဲ့ သမ္မာ​ကျမ်းစာ အမှန်​တကယ်​သွန်သင်ရာ​က ဘာလဲ​စာအုပ် အခန်း ၉၊ “‘နောက်ဆုံးသော​နေ့ရက်များ’ မှာ ကျွန်ုပ်​တို့ အသက်​ရှင်​နေကြ​ပါသလား” ဆိုတဲ့ ခေါင်းစဉ်​အောက်မှာ ကြည့်ပါ။ www.jw.org/mya အွန်လိုင်း​မှာလည်း ဒီစာအုပ်ကို ကူးယူ​နိုင်ပါတယ်။