မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 သူတို့​ရဲ့​ယုံ​ကြည်​ခြင်း​ကို တု​ပပါ | ဒါဝိဒ်

‘ထာဝရဘုရားသည် စစ်မှုကို ပိုင်၏’

‘ထာဝရဘုရားသည် စစ်မှုကို ပိုင်၏’

ဒါ​​ဝိဒ်​မြင်​လိုက်​ရ​တာ​က​တော့ အလု​အယက် တိုး​ဝှေ့​ပြေး​ထွက်​လာ​တဲ့ စစ်​သည်​တွေ​ပါ​ပဲ။ မျက်​လုံး​မျက်​ဆန်​ပြူး​ပြီး စစ်​မြေပြင်​က​နေ ကြောက်​အား​လန့်​အား ပြေး​လာ​နေ​ကြ​ပါ​လား။ သူတို့ ဘာ​ကို ကြောက်​နေ​တာ​လဲ။ သူတို့​နှုတ်​ဖျား​က​နေ တ​တွတ်​တွတ် ပြော​နေ​တဲ့ လူ​တစ်​ယောက်​ရဲ့ နာ​မည်​ကို ဒါဝိဒ်​ကြား​လိုက်​တယ်။ ဟော တွေ့​ပါ​ပြီ။ ချိုင့်​ဝှမ်း​လွင်​ပြင်​မှာ လူ​တစ်​ယောက် ထီး​ထီး​ကြီး​ရပ်​နေ​တာ။ ဒါဝိဒ်​မြင်​ဖူး​သမျှ​မှာ ဒီ​လူ​ဟာ အထွား​ကြိုင်း​ဆုံး​ပဲ။

ဂေါ​လျတ်​ကြီး​ပါ​လား။ စစ်​သည်​တွေ ဘာ​လို့​ကြောက်​လန့်​နေ​မှန်း ဒါဝိဒ် သဘော​ပေါက်​သွား​ပြီ။​ ဧ​ရာ​မလူ​ထွား​ကြီး​ရဲ့ အရပ်​ဟာ မိုး​ထိုး​နေ​သလား ထင်​ရ​တယ်။ သံ​ချပ်​ကာ​အင်္ကျီတွေ မပါ​ဘဲ​နဲ့​တောင် သူ့​ခန္ဓာ​ကိုယ်​က​ လူ​နှစ်​ယောက်​စာ​မက ကြီး​ထွား​နေ​လိုက်​တာ။ အခု​တော့ လေး​လံ​တဲ့​လက်​နက်​တွေ အပြည့်​အစုံ ဝတ်​ထား​တဲ့​အတွက် တ​ကယ့်​အား​ကောင်း​မောင်း​သန် စစ်​သူ​ရဲ​ကြီး​ဖြစ်​နေ​တယ်။ သူ​စိန်​ခေါ်​လိုက်​တဲ့ အသံ​က ဟိန်း​ထွက်​နေ​တာ​ပဲ။ အစ္စရေး​စစ်​တပ်​နဲ့ အစ္စရေး​ဘု​ရင်ရှော​လု​ကို ကဲ့​ရဲ့​လိုက်​တဲ့ သူ့​အသံ​နက်​ကြီး​ဟာ တောင်​နံ​ရံ​တွေ​ကို ပဲ့​တင်​ထပ်​ပြီး ထွက်​ပေါ်​လာ​တာ​ကို မြင်​ယောင်​ကြည့်​ပါ။ သူ​နဲ့​စီး​ချင်း​ထိုး​မယ့်​သူ တစ်​ယောက်​လောက် ထွက်​ခဲ့​စမ်း​ပါ​ဆို​ပြီး စိန်​ခေါ်​နေ​တာ။—၁ ဓမ္မရာ​ဇ​ဝင် ၁၇:၄-၁၀

အစ္စရေး​စစ်​သည်​တွေရော ဘု​ရင်​ရှော​လု​ပါ ကြောက်​နေ​ကြ​တယ်။ ဒီ​လို​ဖြစ်​နေ​တာ တစ်​လ​ကျော်​ကျော်​လောက် ကြာ​နေ​ပြီဆို​တာ ဒါဝိဒ် သိ​လိုက်​ရ​တယ်။ တစ်​ရက်​ပြီး​တစ်​ရက် ဂေါ​လျတ်​စိန်​ခေါ်​နေ​တော့ ဖိလိတ္တိ​နဲ့ အစ္စရေး နှစ်​တပ်​စ​လုံး​ရဲ့​အခြေ​အနေ​က မတိုး​သာ​မဆုတ်​သာ ဖြစ်​နေ​တယ်။ ဒါ​ကို​မြင်​လိုက်​ရ​တော့ ဒါဝိဒ် စိတ်​ပျက်​သွား​တယ်။ အစ္စရေး​ဘု​ရင်​နဲ့ စစ်​သည်​တွေ ကြောက်​လန့်​နေ​တာ ရှက်​ဖို့​ကောင်း​လိုက်​တာ။ ဒါဝိဒ်ရဲ့​အစ်​ကို သုံး​ယောက်​လည်း ဘာ​ထူး​လို့​လဲ။ ဒါဝိဒ်​အမြင်​မှာ​တော့ တိ​တ္ထိ​လူ​ဂေါ​လျတ်​ဟာ အစ္စရေး​တပ်​ကို​ပဲ အရှက်​ခွဲ​နေ​တာ မဟုတ်​ဘူး။ အစ္စရေး​တို့​ရဲ့​ဘု​ရား ယေဟောဝါ​ကို​ပါ သူ စော်​ကား​နေ​တာ။ ဒါ​ပေမဲ့ ချာ​တိတ်​လေး​ဖြစ်​တဲ့ ဒါဝိဒ် ဘာ​လုပ်​နိုင်​မှာ​လဲ။ ဒါဝိဒ်ရဲ့​ယုံ​ကြည်​ခြင်း​က​နေ ကျွန်​တော်​တို့ ဘာ​သင်​ယူ​နိုင်​သလဲ။—၁ ဓမ္မရာ​ဇ​ဝင် ၁၇:၁၁-၁၄

‘ဤ​သူ​ပေတည်း၊ ဘိ​သိက်​ပေး​လော့’

ဒီ​အဖြစ်​အပျက်​မတိုင်​ခင် လ​အတော်​ကြာ​တုန်း​က ဖြစ်​ခဲ့​တာ​တွေ ပြန်​ကြည့်​ရ​အောင်။ ည​နေ​ခင်း​တစ်​ခု​မှာ ဘက်​သလီ​ဟင်​မြို့​နား​က တောင်​ကြော​တစ်​နေ​ရာ​မှာ အဖေ့​သိုး​အုပ်​တွေ​ကို ဒါဝိဒ် ထိန်း​ကျောင်း​နေ​တယ်။ ဆယ်​ကျော်​သက်​ပဲ​ရှိ​သေး​တဲ့ ဒါဝိဒ်​ဟာ လူ​ချော​တစ်​ယောက်​ပါ။ စို​ပြည်​နီ​မြန်း​တဲ့ အသား​အရေ​နဲ့ ထက်​မြက်​တဲ့ မျက်​လုံး​အစုံ​ကို သူ​ပိုင်​ဆိုင်​တယ်။ ဆိတ်​ငြိမ်​တဲ့​အချိန်တွေ​ဟာ သူ​စောင်း​တီး​ရင်း​နဲ့ တ​ရွေ့​ရွေ့​ကုန်​သွား​တာ​ပဲ။ ဘု​ရား​သခင် ဖန်​ဆင်း​ထား​တဲ့ လှ​ပတဲ့​အရာတွေ​ကို​မြင်တိုင်း သူ​​ကြည်နူး​ပြီး သီချင်း​ရေး​စပ်​သီ​ဆို​လေ့​ရှိ​တယ်။ နာ​ရီ​ပေါင်း​များ​စွာ စိတ်​ပါ​လက်​ပါ လေ့ကျင့်​ဖြစ်​နေ​တော့ စောင်း​တီး​ပညာ​မှာ​လည်း ပို​ကျွမ်း​ကျင်​လာ​တယ်။ ဒီ​ည​နေ​ခင်း​မှာ​တော့ အဖေက အခု​ချက်​ချင်း တွေ့​ချင်​နေ​တယ်​ဆို​ပြီး လူ​တစ်​ယောက် သူ့​ကို​လာ​ခေါ်​တယ်။—၁ ဓမ္မရာ​ဇ​ဝင် ၁၆:၁၂

အဖေယေ​ရှဲ​ဟာ အဖိုး​အို​တစ်​ယောက်​နဲ့ စကား​ပြော​နေ​တယ်။ အဖိုး​အို​ဟာ သစ္စာ​ရှိ​ပရော​ဖက် ရှ​မွေ​လ​ပါ။ ယေ​ရှဲ​ရဲ့ သား​တစ်​ယောက်​ကို နောက်​တက်​မယ့် အစ္စရေး​ဘု​ရင်​အဖြစ် ဘိ​သိက်​ပေး​ဖို့ သူ့​ကို ယေဟောဝါ​ဘု​ရား လွှတ်​လိုက်​တာ။ ဒါဝိဒ်ရဲ့​အစ်​ကို ခု​နစ်​ယောက်​စ​လုံး​နဲ့ ရှ​မွေ​လ တွေ့​ပြီး​ပြီ။ ဒါ​ပေမဲ့ ယေဟောဝါ​ဘု​ရား​က သူတို့​တစ်​ယောက်​ကို​မှ မရွေး​ချယ်​ဘူး​လို့ ရှ​မွေ​လ​ကို အတိ​အလင်း​ပြော​တယ်။ ဒါဝိဒ်​ရောက်​လာ​တော့ ယေဟောဝါ​ဘု​ရား​က​ ‘ဤ​သူ​ပေတည်း၊ ဘိ​သိက်​ပေး​လော့’ လို့​ပြော​တယ်။ ဒါ​နဲ့ အစ်​ကို​အားလုံး​ရှေ့​မှာ​ပဲ ရှ​မွေ​လ​က ဆီ​မွှေး​ထည့်​ထား​တဲ့ သိုး​ချို​ကို ဖွင့်​ပြီး ဒါဝိဒ်ရဲ့​ခေါင်း​ပေါ် လောင်း​လိုက်​တယ်။ အဲဒီ​လို ဘိ​သိက်​ဆီ​လောင်း​ပြီး​ချိန်​က​စ​လို့ ဒါဝိဒ်​ရဲ့​ဘဝ​ဟာ ပြောင်း​လဲ​သွား​တော့​တာ​ပဲ။ “ထို​နေ့​မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား၏ ဝိညာဉ်​တော်​သည် ဒါဝိဒ်​အပေါ်​မှာ သက်​ရောက်​လေ​၏” လို့ ကျမ်း​စာ​က​ဆို​တယ်။—၁ ဓမ္မရာ​ဇ​ဝင် ၁၆:၁၊ ၅-၁၁၊ ၁၃

ကြမ်း​တမ်း​တဲ့​သား​ရဲ​ကို အနိုင်​ရ​တာ​က​ ယေဟောဝါ​ကြောင့်​ဖြစ်​မှန်း​ ဒါဝိဒ် နှိမ့်​ချ​စွာ အသိ​အမှတ်​ပြု​ခဲ့

အဲ​ဒါ​နဲ့​ပဲ ဘု​ရင့်​အရိုက်​အရာ​ကို ဆက်​ခံ​ဖို့ ဒါဝိဒ် ရည်​မှန်း​နေ​ပြီလား။ မရည်​မှန်း​ပါ​ဘူး။ ဘယ်​အချိန်​မှာ ကြီး​လေး​တဲ့​တာဝန် ထမ်း​ဆောင်​ရ​မယ်​ဆို​တာ ယေဟောဝါ​ရဲ့ စွမ်းအား​တော်​က အသိ​ပေး​မှာ​မို့ အဲဒီ​အချိန်​ကို​ပဲ  ကျေ​ကျေ​နပ်​နပ်​နဲ့ သူ​စောင့်​နေ​လိုက်​တယ်။ လော​လော​ဆယ်​တော့ နိမ့်​ကျ​တဲ့ သိုးထိန်း​အလုပ်​ကို​ပဲ သူ ဆက်​လုပ်​နေ​တယ်။ တ​ကယ်​တော့ ဒီ​အလုပ်​ကို စိတ်​ရော​ကိုယ်​ပါ မြုပ်​နှံ​ပြီး ရဲ​စွမ်း​သတ္တိ​ရှိ​ရှိ သူ​လုပ်​ခဲ့​တာ​ပါ။ အဖေ့ရဲ့ သိုး​အုပ်​ကို ခြ​င်္သေ့​နဲ့ ဝက်​ဝံ လာ​ဆွဲ​လို့ နှစ်​ကြိမ်​တောင်​ အန္တရာယ်​ကြုံ​ဖူး​တယ်။ အဲဒီ​သား​ရဲတွေ​ကို ခပ်​လှမ်း​လှမ်း​က​နေ မောင်း​ထုတ်​ရုံ​လောက်​ပဲ ဒါဝိဒ် ကြိုး​စား​ခဲ့​တာ မဟုတ်​ဘူး။ အဲဒီ​အစား ထိပ်​တိုက်​ရင်​ဆိုင်​ပြီး ခို​ကိုး​ရာ​မဲ့​နေ​တဲ့ သိုး​တွေ​ကို ကာ​ကွယ်​ပေး​ခဲ့​တယ်။ နှစ်​ကြိမ်​စလုံးမှာ ကြမ်း​တမ်း​တဲ့​သား​ရဲ​ကို သူ​တစ်​ယောက်​တည်း သတ်​ပစ်​ခဲ့​တယ်။—၁ ဓမ္မရာ​ဇ​ဝင် ၁၇:၃၄-၃၆; ဟေ​ရှာ​ယ ၃၁:၄

နောက်​တော့ ဒါဝိဒ်​ကို အခေါ်​လွှတ်​တဲ့​လူ ရောက်​လာ​ပြန်​တယ်။ သူ့​ရဲ့​ကောင်း​သတင်း​က ဘု​ရင်​ရှော​လု​နား​ထဲ ရောက်​နှင့်​နေ​ပြီ။ ရှော​လု​က​တော့ ခွန်​အား​ကြီး​တဲ့ စစ်​သူ​ရဲ​တစ်​ယောက် ဖြစ်​နေ​သေး​ပေမဲ့ ယေဟောဝါ​ဘု​ရားရဲ့ လမ်း​ညွှန်​ချက်​ကို ဆန့်​ကျင်​ခဲ့လို့ ဘု​ရားရဲ့​မျက်​နှာ​သာ မရ​တော့​ဘူး။ ယေဟောဝါ​ဘု​ရား​က စွမ်းအား​တော်​ကို ရှော​လု​ဆီ​က​နေ ရုတ်​သိမ်း​လိုက်​တာ​မို့ သူ့​ဆီ မကောင်း​တဲ့​စိတ်​ထား​တွေ ဝင်​လာ​တယ်။ ဒါ​ကြောင့် မကြာ​ခ​ဏ ဒေါသ​တွေ ပေါက်​ကွဲ၊ သံ​သယ​တွေ များ​ပြီး ကြမ်း​တမ်း​နေ​တော့​တယ်။ အဲဒီ​လို မကောင်း​တဲ့​စိတ်​ထား ဝင်​လာ​ပြီဆို​ရင် သူ့​စိတ်​ကို​ ငြိမ်း​အေး​စေ​တာ​က​ ဂီ​တ​သံ​ပဲ။ ဒါဝိဒ်​ဟာ စောင်း​တီး​ကျွမ်း​ကျင်​ပြီး တိုက်​ရည်​ခိုက်​ရည်​ရှိ​သူ​ဖြစ်​မှန်း ရှော​လု​ရဲ့ မင်း​မှု​ထမ်း​တ​ချို့ သတင်း​ကြား​တယ်။ ဒါ​ကြောင့် ဒါဝိဒ်​ကို ဆင့်​ခေါ်​လိုက်​တဲ့​အခါ သူ​ဟာ ရှော​လု​အနား ခစား​ရ​တဲ့ စောင်း​သမား၊ လက်​နက်​ကိုင်​တစ်ဦး ဖြစ်​လာ​တယ်။—၁ ဓမ္မရာ​ဇ​ဝင် ၁၅:၂၆-၂၉; ၁၆:၁၄-၂၃

ဒီ​ကဏ္ဍတွေ​မှာ ဒါဝိဒ်ရဲ့​ယုံ​ကြည်​ခြင်း​က​နေ လူငယ်​တွေ သင်​ယူ​စ​ရာ အများ​ကြီး​ရှိ​တယ်။ ဒါဝိဒ်​ဟာ သူ့​ရဲ့​အား​လပ်​ချိန်​တွေ​ကို ယေဟောဝါ​ဘုရား​နဲ့ ပို​ရင်း​နှီး​စေ​မယ့်​အရာတွေ လိုက်​စား​ဖို့ အသုံး​ပြု​ခဲ့​တာ သတိ​ပြု​ပါ။ အဲဒီ​အပြင် လက်​တွေ့​အသုံး​ဝင်​မယ့် အရည်​အချင်း​​ရှိ​လာ​အောင် စိတ်​ရှည်​ရှည်​နဲ့ လေ့ကျင့်​ခဲ့​တဲ့​အတွက် နောင်​တစ်​ချိန်​မှာ အလုပ်​အကိုင်​ရ​ဖို့ လွယ်​ကူ​ခဲ့​တယ်။ အရေး​ကြီး​ဆုံး​က​တော့ ယေဟောဝါ​ရဲ့ စွမ်းအား​တော် လမ်း​ညွှန်​တဲ့​အတိုင်း သူ​လုပ်​ဆောင်​ခဲ့​တာ​ပါ။ ကျွန်​တော်​တို့​အားလုံး သင်ယူ​ထိုက်​တဲ့ စံ​န​မူ​နာ​ရှင်​ပါ​ပဲ။—ဒေ​သနာ ၁၂:၁

“ထို​လူ​ကြောင့် အဘယ်​သူ​မျှ​စိတ်​မပျက်​ပါ​စေ​နှင့်”

ဒါဝိဒ်​က ရှော​လု​ဆီ​မှာ အမှု​ထမ်း​နေ​ပေမဲ့ မကြာ​မကြာ အိမ်​ပြန်​ပြီး သိုးထိန်း​လေ့​ရှိ​တယ်။ တစ်​ခါ​တ​လေ အချိန်​အတော်​ကြာ​တတ်​တယ်။ အဲဒီ​လို​အချိန်​မျိုး​မှာ​ပဲ အဖေယေ​ရှဲ​က ရှော​လု​ရဲ့​တပ်​မှာ အမှု​ထမ်း​နေ​တဲ့ အစ်​ကို​သုံး​ယောက်​ရဲ့ အခြေ​အနေ​ကို သိ​ရ​အောင် ဒါဝိဒ်​ကို လွှတ်​လိုက်​တာ​ပါ။ ဒါဝိဒ်​လည်း အဖေ့​စကား​အတိုင်း အစ်​ကို​တွေ​အတွက် ရိက္ခာ​ယူ​ပြီး ဧ​လာ​ချိုင့်​ဝှမ်း​ဆီ ထွက်​လာခဲ့​တယ်။ သူ​ရောက်​တဲ့​အခါ​ ဆောင်း​ပါး​အစ​မှာ ဖော်ပြထား​သလို​ပဲ စစ်​တပ်​နှစ်​တပ်​က မတိုး​သာ​မဆုတ်​သာ အခြေ​အနေ​ဖြစ်​နေ​တာ​ကို မြင်​လိုက်​ရလို့ ဒါဝိဒ် စိတ်​ပျက်​သွား​တယ်။ စစ်​တပ်​နှစ်​တပ်​က ကျယ်​ဝန်း​တဲ့ ချိုင့်​ဝှမ်း​ရဲ့ မျက်​နှာ​ချင်း​ဆိုင် တောင်​ကြော​နှစ်​ဘက်​မှာ နေ​ရာ​ယူ​ထား​ကြ​တယ်။—၁ ဓမ္မရာ​ဇ​ဝင် ၁၇:၁-၃၊ ၁၅-၁၉

ဒါဝိဒ်​က​တော့ ဒီ​အခြေ​အနေ​ကို သည်း​မခံ​နိုင်​ဘူး။ အသက်​ရှင်​တဲ့ ဘု​ရား​သခင် ယေဟောဝါ​ရဲ့​တပ်​ဟာ ဒီ​တိ​တ္ထိ​လူ တစ်​ယောက်​ကြောင့် ဘာ​လို့ ကြောက်​လန့်​တ​ကြား ထွက်​ပြေး​ရ​မှာ​လဲ။ ဂေါ​လျတ်ဟာ ယေဟောဝါ​ကို တိုက်​ရိုက်​စော်​ကား​နေ​တာ​လို့ ဒါဝိဒ်​ယူ​ဆ​တယ်။ ဒါ​ကြောင့် ဂေါ​လျတ်​ကို တိုက်​ခိုက်​မယ့်​အကြောင်း စစ်​သည်​တွေ​ကို အား​တက်​သရော သူ​စ​ပြော​တော့​တယ်။ သိပ်​မကြာ​ပါ​ဘူး၊ အစ်​ကို​အကြီး​ဆုံး ဧလျာ​ဘ​က ဒါဝိဒ်​ပြော​နေ​တာ ကြား​ပြီး ဆူ​ပူ​တော့​တာ​ပဲ။ တိုက်​ပွဲ​မှာ သတ်​တာ​ဖြတ်​တာ​တွေ​ကို မြင်​ချင်​လို့ ဒါဝိဒ် ရောက်​လာ​တာ​ဆို​ပြီး စွပ်​စွဲ​တယ်။ ဒါ​နဲ့ ဒါဝိဒ်​က ‘ကျွန်​တော် ဘာ​များ​လုပ်​မိ​လို့​လဲ။ မေး​ရုံ​ပဲ မေး​ကြည့်​တာ​ပါ’ လို့​ပြန်​ပြော​ပြီး ဂေါ​လျတ်​ကို အနိုင်​တိုက်​မယ့်​အကြောင်း ဆက်​ပြော​နေ​တော့​တယ်။ ဒါ​နဲ့ ဘု​ရင်ရှော​လု​ဆီ သတင်း​ပို့​လိုက်​တဲ့​အခါ ဒါဝိဒ်​ကို ရှေ့​တော်​သွင်း​ဖို့ အမိန့်​ထုတ်​လိုက်​တယ်။—၁ ဓမ္မရာ​ဇ​ဝင် ၁၇:၂၃-၃၁

ဒါဝိဒ်​က “ထို​လူ​ကြောင့် အဘယ်​သူ​မျှ စိတ်​မပျက်​ပါ​စေ​နှင့်” ဆို​ပြီး ဘု​ရင်​ကို အား​ပေး​လိုက်​တယ်။ ဂေါ​လျတ်​ကြောင့် ရှော​လု​နဲ့ သူ့​လူ​တွေ တ​ကယ် စိတ်​ပျက်​နေ​ကြ​တာ​ကိုး။ လူ့​သဘာ​ဝ​အတိုင်း ကိုယ့်​ကိုယ်​ကိုယ် လူ​ထွား​ကြီး​နဲ့ နှိုင်း​ယှဉ်​မိ​ပြီး သူတို့​သာ​ဆို အဲဒီ​လူ​ရဲ့​ခါး ဒါ​မှ​မဟုတ် ရင်ဘတ်​သာ​သာ​လောက်​ပဲ​ရှိ​မှာ​လို့ မြင်​ယောင်​သွား​တာ ဖြစ်​နိုင်​တယ်။ လက်​နက်​ကိုင်​ထား​တဲ့ အဲဒီ​လူ​ထွား​ကြီး​က လွယ်​လွယ်​လေး​နဲ့ အနိုင်​ရ​သွား​မှာ​ပဲ​ လို့ သူတို့​ထင်​နေ​တယ်။ ဒါ​ပေမဲ့ ဒါဝိဒ်​က​တော့ အဲဒီ​လို မတွေး​ဘူး။ ပြဿ​နာ​ကို ဒါဝိဒ်​မြင်​တဲ့​ပုံ​ဟာ သူတို့​နဲ့ လုံး​ဝ​ကွာ​ခြား​မှန်း ကျွန်တော်​တို့ သိ​ရ​ပါ​လိမ့်​မယ်။ ဒါဝိဒ်​က ဂေါ​လျတ်​နဲ့ စီး​ချင်း​ထိုး​မယ်​လို့ ခွင့်​တောင်း​လိုက်​တယ်။—၁ ဓမ္မရာ​ဇ​ဝင် ၁၇:၃၂

ရှော​လု​က “သင်​သည် ထို​ဖိလိတ္တိ​လူ​ကို သွား​၍​မတိုက်​နိုင်။ သင်​သည် နု​ပျို​သော​သူ​ဖြစ်​၏။ ထို​သူ​သည် ပျို​သော​အရွယ်​မှ​စ​၍ စစ်​သူ​ရဲ​ဖြစ်​ခဲ့​ပြီ” လို့​ပြော​ပြီး တား​တယ်။ ဒါဝိဒ်​ဟာ တ​ကယ်​ပဲ နု​ပျို​သေး​တဲ့ က​လေး​လား။ မဟုတ်​ပါ​ဘူး။ တပ်​ထဲ​ဝင်​ဖို့ ငယ်​သေး​တာ​ပါ။ သူ့​ရုပ်​ရည်​ကို​က နု​ပျို​လွန်း​နေ​တာ​လည်း ဖြစ်​နိုင်​တယ်။ ဒါ​ပေမဲ့ ဒါဝိဒ်​ဟာ တိုက်​ရည်​ခိုက်​ရည်​ရှိ​တဲ့​သူ​လို့ နာ​မည်​ထွက်​နေ​ပြီဆို​တော့ အဲဒီ​အချိန်​မှာ သူ့​အသက် ၁၉ နှစ်​လောက်​ရှိ​နိုင်​တယ်။—၁ ဓမ္မရာ​ဇ​ဝင် ၁၆:၁၈; ၁၇:၃၃

ဒါဝိဒ်​က ရှော​လု စိတ်​မပူ​အောင် ခြ​င်္သေ့​နဲ့ ဝက်​ဝံ​ကို သတ်​ပုတ်​ဖူး​တဲ့​အကြောင်း ပြန်​ပြော​ပြတယ်။ သူ ကြွား​ပြော​နေ​တာ​လား။ မဟုတ်​ပါ​ဘူး။ အဲဒီ​လို သတ်​ပုတ်​တုန်း​က ဘာ​လို့​အနိုင်​ရခဲ့​မှန်း သူ​သိ​တယ်။ “ခြင်္သေ့လက်၊ ဝံ​လက်​မှ ကျွန်​တော်​ကို ကယ်​နုတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ထို​ဖိလိတ္တိ​လူ​လက်​မှ ကယ်​နုတ်​တော်​မူ​လိမ့်​မည်” လို့ သူ​ပြော​တယ်။ နောက်​ဆုံး​ ရှော​လု​လည်း လက်​လျှော့​လိုက်​ပြီး “သွား​လော့။ ထာဝ​ရ​ဘု​ရား​သည် သင်​နှင့်​အတူ ရှိ​တော်​မူ​ပါ​စေ​သော” ဆို​ပြီး ခွင့်​ပေး​လိုက်​တယ်။—၁ ဓမ္မရာ​ဇ​ဝင် ၁၇:၃၇

ဒါဝိဒ်ရဲ့ ယုံ​ကြည်​ခြင်း​မျိုး ပိုင်​ဆိုင်​ချင်​သလား။ သူ့​ယုံ​ကြည်​ခြင်း​ဟာ စိတ်​ကူး​သက်​သက်၊ ဆန္ဒ​သက်​သက် မဟုတ်​ပါ​ဘူး။ ဘု​ရား​သခင်​နဲ့​ပတ်​သက်​တဲ့ အသိ​ပညာ​နဲ့ အတွေ့​အကြုံ ရှိ​ထား​တဲ့​အတွက် ဘု​ရား​အပေါ် အဲဒီ​လို​ယုံ​ကြည်​ခြင်း​မျိုး ရှိ​နေ​တာ​ပါ။ ယေဟောဝါ​ဘု​ရား​ဟာ မေတ္တာ​နဲ့ ကာ​ကွယ်​ပေး​မယ့်​အရှင်၊ ကတိ​တည်​တဲ့​အရှင်​ဖြစ်​မှန်း သူ​သိ​တယ်။ ကျွန်​တော်​တို့​လည်း သူ့​ရဲ့​ယုံ​ကြည်​ခြင်း​မျိုး ပိုင်​ဆိုင်​ချင်​ရင် ဘု​ရား​သခင်​အကြောင်း ကျမ်း​စာ​က​နေ အမြဲသင်​ယူ​ဖို့​လို​တယ်။ သင်​ယူ​ခဲ့ရာတွေ​အတိုင်း အသက်​ရှင်​နေ​ထိုင်​တဲ့​အခါ အကျိုး​ရှိ​မှန်း​သိ​လာ​ပြီး ယုံ​ကြည်​ခြင်း ပို​ခိုင်​မြဲလာ​ပါ​လိမ့်​မယ်။—ဟေဗြဲ ၁၁:၁

‘ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​လက်​သို့ သင့်​ကို​အပ်​နှင်း​တော်​မူ​မည်’

အစ​မှာ​တော့ ရှော​လု​က ဒါဝိဒ်​ကို သူ့​ရဲ့​ချပ်​ဝတ်​တန်​ဆာ ဝတ်​ခိုင်း​သေး​တယ်။ ဂေါ​လျတ်ရဲ့ ကြေး​ဝါ​ချပ်​ဝတ်​တန်​ဆာ​နဲ့ ခပ်​ဆင်​ဆင်​ပါ​ပဲ။ အကြေး​ခွံ​ကွက်​တွေ​ပါ​တဲ့​၊ အတော်​ကြီး​မား​တဲ့ သံ​ချပ်​အင်္ကျီ​ဖြစ်​နိုင်​တယ်။ ဒါဝိဒ်​က အဲဒီ​သံ​ချပ်​အင်္ကျီ​ကို စမ်း​ဝတ်​ကြည့်​ပေမဲ့ သူ့​အတွက် သွား​လာ​လှုပ်​ရှား​ဖို့ မလွယ်​မှန်း သိ​သွား​တယ်။ စစ်​သည်​တစ်​ယောက်​လို မလေ့ကျင့်​ခဲ့​တော့ ချပ်​ဝတ်​တန်​ဆာ​တွေ​ဟာ သူ​ဝတ်​နေ​ကျ မဟုတ်​ဘူး။​ အထူး​သဖြင့် အစ္စရေး​နိုင်​ငံ​ရဲ့ အရပ်​အရှည်​ဆုံး​လူ ရှော​လု​ရဲ့ ချပ်​ဝတ်​တန်​ဆာ​ပေါ့။ (၁ ဓမ္မရာ​ဇ​ဝင် ၉:၂) ဒါ​နဲ့ သံ​ချပ်​အင်္ကျီ​ကို ချွတ်​ပြီး သူ​ဝတ်​နေ​ကျ သိုးထိန်း​အဝတ်​အစား​ကို​ပဲ ရွေး​လိုက်​တယ်။—၁ ဓမ္မရာ​ဇ​ဝင် ၁၇:၃၈-၄၀

သိုးထိန်း​တောင်​ဝှေး၊ လွယ်​အိတ်​နဲ့ လောက်​လွှဲ​ကို ဒါဝိဒ် ယူ​လိုက်​တယ်။ လောက်​လွှဲ​ဆို​တော့ အထင်​ကြီး​စ​ရာ မရှိ​ဘူး​လို့ ထင်​ရ​ပေမဲ့ တကယ်​ဆို​ရင် သိပ်​အသုံး​ဝင်​တဲ့ လက်​နက်​တစ်​ခု​ပါ။ သား​ရေ​ကြိုး​ပြား ခပ်​ရှည်​ရှည်​နှစ်​ချောင်း​ကို အိတ်​သေး​သေး​နဲ့​တွဲ​ထား​တဲ့ လက်​နက်​တစ်​ခု​ဖြစ်​ပြီး သိုးထိန်း​တွေ​အတွက် သိပ်​အသုံး​ဝင်​တယ်။ အိတ်​သေး​သေး​ထဲ​မှာ ကျောက်​စ​ရစ်​ခဲ တစ်​လုံး​ထည့်၊ လက်​ကို​မြှောက်​ပြီး ကြိုး​ပြား​ကို အရှိန်​နဲ့​လွှဲ​ရ​တယ်။ အဲဒီ​နောက် ကြိုး​ပြား​တစ်​ချောင်း​ကို လွှတ်​လိုက်​တဲ့​အခါ ကျောက်​စ​ရစ်​ခဲ​ဟာ ပစ်​မှတ်​ကို တည့်​တည့်​ထိ​မှန်​ပြီး သေဆုံး​စေ​နိုင်​တယ်။ ဒီ​လက်​နက်​ဟာ သိပ်​အသုံး​ဝင်​တော့ ရှေး​ခေတ်​စစ်​တပ်​တွေ​မှာ လောက်​လွှဲ​တပ်​တွေ ရှိ​ခဲ့​ကြ​တယ်။

ဒါဝိဒ်​ဟာ အသင့်​ဖြစ်​တာ​နဲ့ ရန်​သူ​ဆီ တစ်​ဟုန်​ထိုး ပြေး​ထွက်​လာ​တယ်။ ချိုင့်​ဝှမ်း​ထဲ​က ခြောက်​သွေ့​နေ​တဲ့ စမ်း​ချောင်း​မှာ ချော​မွတ်​တဲ့ ကျောက်​စ​ရစ်​ခဲ​တွေ ကောက်​ရင်း​နဲ့ ထက်​ထက်​သန်​သန် သူ​ဆုတောင်း​နေ​တာ​ကို မြင်​ယောင်​ကြည့်​နိုင်​တယ်။ အဲဒီ​နောက် စစ်​တ​လင်း​ဆီ လမ်း​လျှောက်​မသွား​ဘဲ တစ်​ဟုန်​ထိုး​ပြေး​သွား​တယ်။

ဒါဝိဒ်​ကို​မြင်​တော့ ဂေါ​လျတ် ဘယ်​လို​ထင်​သွား​သလဲ။ “မထီ​မဲ့​မြင်​ပြု​၏။ အကြောင်း​မူ​ကား သူ​သည် နု​ပျို​သော​သူ၊ ဆံ​ပင်​နီ​၍ မျက်​နှာ​လှ​သော​သူ​ဖြစ်​၏” လို့​ကျမ်း​စာ​မှာ ရေး​ထား​တယ်။ “သင်​သည် တောင်​ဝှေး​နှင့် ငါ့​ထံ​သို့​လာရ​မည်​အကြောင်း ငါ​သည် ခွေး​ဖြစ်​သလော” လို့ အော်​ပြော​လိုက်​တဲ့ ဂေါ​လျတ်ရဲ့​အသံ​က ဟိန်း​ထွက်​လာ​တယ်။ ဒါဝိဒ်ရဲ့​တောင်​ဝှေး​ကို သူ​မြင်​ပေမဲ့ လောက်​လွှဲ​ကို မမြင်​တာ ဖြစ်​နိုင်​တယ်။ ဒါ​နဲ့ သူ့​ရဲ့​ဘု​ရား​တွေ​ကို တိုင်​တည်​ပြီး ဒါဝိဒ်​ကို ကျိန်​ဆဲ​တော့​တယ်။ အထင်​သေး​စရာကောင်း​တဲ့ ဒီ​ရန်​သူ​ကို ငှက်​တွေ၊ သား​ရဲ​တွေ​ဆီ ကျွေး​ပစ်​မယ်​ဆို​ပြီး သူ​ကျိန်​တွယ်​ပြော​တယ်။—၁ ဓမ္မရာ​ဇ​ဝင် ၁၇:၄၁-၄၄

ဒါဝိဒ် ပြန်​ပြော​လိုက်​တဲ့​စကား​ဟာ ယုံ​ကြည်​ခြင်း​ကို ဖော်​ကျူး​တဲ့​စကား​အဖြစ် ဒီ​နေ့​ခေတ်​အထိ တည်​တံ့​နေ​ဆဲ​ပါ​ပဲ။ လူငယ်​လေး​ဒါဝိဒ်​က “သင်​သည် ဓား၊ လှံ၊ လှံ​တို​ပါ​လျက် ငါ့​ထံ​သို့​လာ၏။ ငါ​သည် သင်​ရှုတ်​ချ​ကဲ့​ရဲ့​သော ဣ​သရေ​လ​ဗိုလ်​ပါ​၏ ဘု​ရား​သခင်၊ ဗိုလ်​ခြေ​တို့​အရှင် ​​ထာဝရ​ဘု​ရား၏​နာ​မတော်​ပါ​လျက် သင်​ရှိ​ရာ​သို့​လာ၏” ဆို​ပြီး ဂေါ​လျတ်​ကို အော်​ပြော​နေ​တာ မြင်​ယောင်​ကြည့်​လိုက်​ပါ။ လူ့​အစွမ်း​ခွန်​အား​နဲ့ လက်​နက်​တွေ​ဟာ သိပ်​အရေး​မကြီး​မှန်း ဒါဝိဒ် သိ​တယ်။ ဂေါ​လျတ်​က ယေဟောဝါ​ဘု​ရား​ကို မလေး​မစား စိန်​ခေါ်​တဲ့​အတွက် ယေဟောဝါ​က​လည်း တုံ့​ပြန်​ပါ​လိမ့်​မယ်။ ဒါ​ကြောင့် ဒါဝိဒ်​က ‘ထာ​ဝ​ရ​ဘု​ရား​သည် စစ်​မှု​ကို​ပိုင်​၏’ လို့​ပြော​လိုက်​တယ်။—၁ ဓမ္မရာ​ဇ​ဝင် ၁၇:၄၅-၄၇၊​ သမ္မာ

ဂေါ​လျတ်ရဲ့ ကိုယ်​ခန္ဓာ​အရွယ်​အစား၊ ကိုင်​ထား​တဲ့ လက်​နက်​တွေ​ကို ဒါဝိဒ် မမြင်​ဘဲ​မနေ​ပါ​ဘူး။ ဒါ​ပေမဲ့ အဲ​ဒါ​တွေ​ကြောင့် ကြောက်​စိတ်​ဝင်​သွား​ဖို့ သူ့​ကိုယ်​သူ ခွင့်​မပြု​ခဲ့​ဘူး။ ရှော​လု​နဲ့ စစ်​သည်​တွေရဲ့ အမှား​မျိုး သူ​မလုပ်​ဘူး။ သူ့​ကိုယ်​သူ ဂေါ​လျတ်​နဲ့ မနှိုင်း​ယှဉ်​ဘူး။ အဲဒီ​အစား ဂေါ​လျတ်​ကို ယေဟောဝါ​ဘု​ရား​နဲ့ နှိုင်း​ယှဉ်​ကြည့်​ခဲ့​တယ်။ ကိုး​ပေခွဲ​ကျော်​မြင့်​တဲ့  ဂေါ​လျတ်​ဟာ တ​ခြား​လူ​တွေ​ထက် မိုး​ထိုး​နေ​ပေမဲ့ စ​ကြာ​ဝ​ဠာရဲ့ အချုပ်​အခြာ​အာ​ဏာ​ပိုင်​ရှင်​နဲ့ ယှဉ်​လိုက်​တဲ့​အခါ ဘယ်​လောက်​များ ကြီး​မား​နေ​လို့​လဲ။ တ​ခြား​လူ​အားလုံး​လို​ပဲ သူ​လည်း အင်း​ဆက်​တစ်​ကောင်​ထက် မပို​ပါ​ဘူး။ အဲဒီ​အပြင် ဒီ​လူ​ဟာ ယေဟောဝါ​ကွပ်​မျက်​ဖို့ အသင့်​ဖြစ်​နေ​တဲ့​သူ​ပဲ။

ဒါဝိဒ်​က ရန်​သူ့​ဆီ ပြေး​သွား​ရင်း လွယ်​အိတ်​ထဲ​က​နေ ကျောက်​စ​ရစ်​ခဲ​တစ်​လုံး နှိုက်​လိုက်​တယ်။ အဲဒီ​နောက် လောက်​လွှဲ​ထဲ​ထည့်​ပြီး အရှိန်​ရ​တဲ့​အထိ လွှဲ​ရမ်း​နေ​တုန်း ဂေါ​လျတ်​လည်း ဒိုင်း​လွှား​ကိုင်​ပေး​တဲ့​လူ​ရဲ့​နောက်​က​နေ ဒါဝိဒ်​ဆီ တိုး​လာ​တယ်။ တ​ကယ်​တော့ မြင့်​လွန်း​တဲ့ အရပ်​အမောင်း​က ဂေါ​လျတ်ရဲ့ အား​နည်း​ချက်​တစ်​ခု​ပဲ။ ဒိုင်း​လွှား​ကိုင်​ပေး​တဲ့​လူ​ဟာ သာ​မန်​လူ​တစ်​ယောက်​ပဲ​ဆို​တော့ ဒီ​လူ​ထွား​ကြီး​ရဲ့​ခေါင်း​ကို ကာကွယ်​ပေး​နိုင်​လောက်​တဲ့​အထိ အရပ်​မြင့်​မှာ​မဟုတ်​ဘူး။ အဲဒီ​ခေါင်း​ဟာ ဒါဝိဒ်ရဲ့​ပစ်​မှတ်​ပဲ။—၁ ဓမ္မရာ​ဇ​ဝင် ၁၇:၄၁

ယေဟောဝါ​ဘု​ရား​နဲ့​ ယှဉ်​လိုက်​ရင် ဧ​ရာ​မလူ​ထွား​ကြီး​တောင်​ ဘာ​မှ​မဟုတ်​မှန်း ဒါဝိဒ်​သိ​ခဲ့

ကျောက်​စ​ရစ်​ခဲ​ကို ဒါဝိဒ် လွှတ်​လိုက်​တဲ့​အခါ ပစ်​မှတ်​ဆီ အရှိန်​နဲ့ လွင့်​ထွက်​သွား​တဲ့ တဒင်္ဂ​အချိန်​လေး​ကို မြင်​ယောင်​ကြည့်​ပါ။ ကျောက်​ခဲ​နောက်​တစ်​လုံး​ကို ဒါဝိဒ်​ပစ်​စ​ရာ မလို​အောင် ယေဟောဝါ အသေအချာ​ လုပ်​ဆောင်​ပေး​ခဲ့​တယ်။ ကျောက်​စ​ရစ်​ခဲ​ဟာ ပစ်​မှတ်​တည့်​တည့် ထိ​မှန်​ပြီး ဂေါ​လျတ်ရဲ့​န​ဖူး​ထဲ နစ်​ဝင်​သွား​တယ်။ ဧ​ရာ​မရုပ်​ထု​ကြီး မြေပေါ်​လဲ​ကျ​သလို ဂေါ​လျတ်​တစ်​ယောက် မြေပေါ်​မှောက်​လျက်​ကြီး လဲ​ကျ​သွား​တယ်။ ဒိုင်း​လွှား​ကိုင်​ပေး​တဲ့​လူ​လည်း ကြောက်​လန့်​တ​ကြား ထွက်​ပြေး​သွား​ပုံ​ရ​တယ်။ ဒါ​နဲ့ ဒါဝိဒ် အနား​တိုး​သွား​ပြီး ဂေါ​လျတ်​ရဲ့​ဓား​ကို ဆွဲ​ထုတ်​လိုက်​တယ်။ လူ​ထွား​ကြီး​ရဲ့​ခေါင်း​ကို အဲဒီ​ဓား​နဲ့​ပဲ ခုတ်​ချ​လိုက်​တယ်။—၁ ဓမ္မရာ​ဇ​ဝင် ၁၇:၄၈-၅၁

နောက်​ဆုံး​တော့ ရှော​လု​နဲ့ သူ့​စစ်​သည်​တွေ သတ္တိ​ဝင်​လာ​တယ်။ စစ်​ညာ​သံ​ပေး​ပြီး ဖိလိတ္တိ​လူ​တွေ​ဆီ တစ်​ဟုန်​ထိုး​ပြေး​သွား​ကြ​တယ်။ “ကိုယ်​တော်​သည် . . . သင်​တို့​အားလုံး​ကို ငါ​တို့​လက်​သို့ အပ်​နှင်း​တော်​မူ​လိမ့်​မည်” ဆို​ပြီး ဂေါ​လျတ်​ကို ဒါဝိဒ်​ပြော​ခဲ့​တဲ့​အတိုင်း ဖြစ်​လာ​တယ်။—၁ ဓမ္မရာ​ဇ​ဝင် ၁၇:၄၇၊ ၅၂၊ ၅၃ခ​မ

ဒါ​ဟာ အတိတ်​တုန်း​က ဖြစ်​ရပ်​ပါ။ ဒီ​နေ့​ခေတ်​မှာ​တော့ ယေဟောဝါ​ဘု​ရားရဲ့ ကျေး​ကျွန်​တွေ​ဟာ ပကတိ​စစ်​ပွဲ​တွေ​မှာ မပါ​ဝင်​ကြ​ပါ​ဘူး။ (မဿဲ ၂၆:၅၂) ဒါ​ပေမဲ့ ဒါဝိဒ်ရဲ့​ယုံ​ကြည်​ခြင်း​ကို အတု​ယူ​ဖို့ လို​အပ်​နေ​တုန်း​ပဲ။ သူ့​လို​ပဲ ယေဟောဝါ​ဘု​ရား​ကို တ​ကယ့်​ပု​ဂ္ဂိုလ်​တစ်ပါး​အဖြစ်၊ ကျွန်​တော်​တို့ ကိုးကွယ်​ရ​မယ့်၊ ကြည်​ညို​လေး​မြတ်​ရ​မယ့် တစ်ပါး​တည်း​သော ဘု​ရား​သခင်​အဖြစ် မြင်​တတ်​ဖို့ လို​တယ်။ တစ်​ခါ​တ​လေ ပြဿ​နာ​တွေ​နဲ့ နှိုင်း​ယှဉ်​မိ​တဲ့​အခါ သိမ်​ငယ်​စိတ်​ဝင်​နိုင်​တယ်။ ဒါ​ပေမဲ့ ယေဟောဝါ​ဘု​ရားရဲ့ အတိုင်း​အဆ​မဲ့​တန်ခိုး​နဲ့ နှိုင်း​ယှဉ်​လိုက်​ရင် ပြဿ​နာ​တွေ​ဟာ အသေး​အမွှား ဖြစ်​သွား​တယ်။ ယေဟောဝါ​ကို ဘု​ရား​သခင်​အဖြစ် ရွေး​ချယ်​ပြီး ဒါဝိဒ်​လို​ပဲ ယုံ​ကြည်​ကိုး​စား​မယ်​ဆို​ရင် ဘယ်​အခက်​အခဲ ပြဿနာ​မဆို ကြောက်​စ​ရာ​မလို​တော့​ဘူး။ ယေဟောဝါ​ရဲ့​တန်ခိုး​ထက် ကြီး​မား​တာ ဘာ​မှ​မရှိ​ပါ​ဘူး။ မု​ချ​အောင်​မြင်​ပါ​လိမ့်​မယ်။