မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပွင့်ပွင့်လင်းလင်း ကြိုတင် ဆွေးနွေးထားဖို့ လိုတယ်

ချစ်ရသူတစ်ဦး ရောဂါကျွမ်းနေတဲ့အခါ

ချစ်ရသူတစ်ဦး ရောဂါကျွမ်းနေတဲ့အခါ

အသက် ၅၄ နှစ်ပဲ​ရှိသေး​တဲ့ ခင်ပွန်း ဝ​က်စ်​လေ​မှာ ကု​လို့​မ​ရတဲ့ ဦးနှောက်​အကျိတ်​ရှိနေ​မှန်း သိလိုက်​ရတဲ့​အခါ ဒိုရင်း ထိတ်လန့်​သွားတယ်။ * လ​ပိုင်း​ပဲ​ခံ​တော့မယ်​လို့ ဆရာဝန်​တွေ ပြောတယ်။ “ကိုယ့်​နား​ကိုယ် မယုံနိုင်​ဘူး။ ခြေမကိုင်မိ လက်မ​ကိုင်​မိ ဖြစ်သွား​တယ်။ ကျွန်မတို့​ကြုံနေ​ရတာ ဟုတ်​မှ​ဟုတ်ရဲ့လားဆိုပြီး လက်မခံ​နိုင်​ဘူး ဖြစ်နေ​တယ်” လို့ ဒိုရင်း ပြောပြတယ်။

ဒိုရင်း အဲဒီလို​တုံ့ပြန်​တာ မထူးဆန်း​ပါဘူး။ ဘယ်သူ​မဆို၊ ဘယ်​အချိန်​မှာ​မဆို ကု​မရနိုင်​တဲ့​ရောဂါ ရှိလာ​နိုင်တယ်။ လူများစွာ​ဟာ ချစ်ရသူ​တစ်ဦး ရောဂါ​ကျွမ်း​နေတဲ့​အခါ မညည်းမညူ ပြုစုစောင့်ရှောက်​ပေးတာ ချီးမွမ်းစ​ရာ​ပါပဲ။ တကယ်တော့ ပြုစုစောင့်ရှောက်​ရတဲ့​အလုပ်​ဟာ အင်မ​တန်​ခက်တယ်။ ရောဂါ​ကျွမ်း​နေတဲ့ ချစ်ရသူ​တစ်ဦးကို နှစ်သိမ့်​ဖို့၊ ပြုစုစောင့်ရှောက်​ဖို့ မိသားစုဝင်​တွေ ဘာ​လုပ်နိုင်​သလဲ။ ပြုစုစောင့်ရှောက်​သူတွေဟာ လူနာ​ကို ပြုစု​နေရင်း ကိုယ့်​စိတ်​ခံစားချက်​တွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်း​နိုင်မလဲ။ လူနာ ဆုံး​ခါနီး​မှာ ဘာတွေ​ကြုံရ​ဖို့ မျှော်လင့်​နိုင်သလဲ။ ဦးဆုံး၊ ရောဂါ​ကျွမ်း​နေ​သူ​ကို ပြုစုစောင့်ရှောက်​ရတာ​ဟာ အခု​ချိန်မှာ ဘာကြောင့် ခက်ခဲ​သလဲ​ဆိုတာ ကြည့်ကြစို့။

ခေတ်သစ်​အကျပ်အတည်း

ဆေး​သိပ္ပံပညာ​ကြောင့် လူတွေ သေဆုံး​ရတဲ့​အကြောင်းရင်း ပြောင်းလဲ​သွား​ပြီ။ လွန်ခဲ့တဲ့​ရာစုနှစ်​လောက်​က​ဆိုရင် ဖွံ့ဖြိုး​ပြီး​နိုင်ငံ​တွေမှာ​တောင် ပျမ်းမျှ လူ့သက်တမ်း​ဟာ အလွန်​တိုတောင်း​တယ်။ ကူးစက်ရောဂါ ဒါမှမဟုတ် မတော်တဆမှု​တွေကြောင့် ရုတ်တရက် သေဆုံးကြ​ရတယ်။ ဆေးရုံတက်​ဖို့ မလွယ်​တဲ့အတွက် လူအများ​စု​ဟာ အိမ်​မှာပဲ မိသား​စုဝင်​တွေရဲ့ ပြုစုစောင့်ရှောက်​မှု​ခံယူ​ရင်း သေဆုံးကြ​ရတယ်။

အခုခေတ်မှာတော့ ဆေးပညာ​တိုးတက်​လာတဲ့အတွက် ဆရာဝန်​တွေဟာ အကြိတ်အနယ်​ကုသ​ပြီး လူနာ​အသက် ပို​ရှည်​အောင် စွမ်းဆောင်​နိုင်ပြီ။ အရင်တုန်းက မြန်မြန်ဆန်ဆန် သေဆုံး​စေတဲ့ ရောဂါ​တွေကို အခု​ချိန်မှာ ကုသ​ပေးနိုင်​ပြီ​ဖြစ်လို့ လူနာ​တွေ နှစ်ပေါင်း​များစွာ ဆက်​အသက်ရှင်​နိုင်တယ်။ အသက်​ကို ဆွဲ​ထား​နိုင်​ပေ​မဲ့ ရောဂါ​ပျောက်​သွားတာ​တော့ မဟုတ်ဘူး။ အများ​အားဖြင့် လူနာ​တွေဟာ သူတစ်ပါး​ကို မှီခို​နေရတဲ့ မသန်စွမ်း​ဘဝ ရောက်​သွားတယ်။ အဲဒီလိုလူ​နာ​တွေကို ပြုစုစောင့်ရှောက်​ဖို့ဆိုတာ အားစိုက်ထုတ်​ရပြီး စိတ်ပန်းလူပန်း​ဖြစ်​ရတယ်။

ဒါကြောင့် အိမ်​မှာ​ထက် ဆေးရုံမှာ သေ​တဲ့သူ ပိုများ​လာတယ်။ အခုခေတ် လူအများ​စု​ဟာ သေခါနီး​ဖြစ်​တတ်တဲ့​အရာတွေ​ကို မသိကြ​တော့ဘူး။ လူသေ​တာ​ကို ကိုယ်တိုင်​မြင်ဖူး​သူ မရှိ​သလော​က်​ပဲ။ ကြို​မသိနိုင်​တာတွေကို တွေးပူ​နေမယ်​ဆိုရင် ဖျားနာ​နေတဲ့ မိသားစုဝင်​ကို ပြုစုစောင့်ရှောက်​ဖို့ အခက်တွေ့​ပြီး ခြေမကိုင်မိ လက်မ​ကိုင်​မိ ဖြစ်သွား​နိုင်တယ်။ ဘာက ကူညီ​ပေးနိုင်သလဲ။

ကြိုတင်​စီစဉ်​ပါ

ဒိုရင်း​ရဲ့ ဖြစ်ရပ်​မှာ​လိုပဲ ချစ်ရသူ​တစ်ဦး ရောဂါ​ကျွမ်း​နေ​ပြီ​ဆိုတာ သိလိုက်​ရတဲ့​အခါ ယူကျုံးမရ ဖြစ်​တတ်ကြတယ်။ အကြီးအကျယ် စိုးရိမ်​ကြောက်လန့်​ပြီး သောကရောက်​နေတဲ့​ကြား​က ရှေ့​ဆက်​ကြုံရမယ့်​အရာတွေ​အတွက် ဘယ်လို အသင့်ပြင်​နိုင်သလဲ။ ဘုရား​အပေါ် သစ္စာရှိသူ​တစ်ယောက်က “အသက်ရှင်​ရတဲ့ နေ့ရက်​တွေကို ရေတွက်​တတ်အောင် သင်ပေးပါ။ ဒါမှ ဉာဏ်​ပညာရှိ​တဲ့ စိတ်နှလုံး​ကို ကျွန်တော်တို့ ရယူပိုင်ဆိုင်​နိုင်မှာ​ပါ” လို့ ဆုတောင်း​ခဲ့တယ်။ (ဆာလံ ၉၀:၁၂) “နေ့ရက်​တွေကို” ဉာဏ်​ပညာရှိရှိ “ရေတွက်​တတ်အောင် သင်ပေး” ဖို့ ယေဟောဝါဘုရား​ဆီ လှိုက်လှိုက်လှဲလှဲ ဆုတောင်း​ပါ။ ဒါဆို​ရင် ကျန်ရှိ​တဲ့​အချိန်တွေ​ကို ကိုယ်​ချစ်​ရတဲ့​သူနဲ့ အကျိုးရှိရှိ သုံးနိုင်​မယ်။

အဲဒီလို​လုပ်နိုင်ဖို့ ကြိုတင်​စီစဉ်​ထားရမယ်။ လူနာ​ဟာ စကားပြော​နိုင်ပြီး မှာ​စရာ​ရှိတာ မှာ​ချင်​သေးတယ်​ဆိုရင် ဘာမှ မစွမ်းဆောင်​နိုင်​တော့​တဲ့အခါ သူ့ကိုယ်​စား ဘယ်သူ​က ဆုံးဖြတ်​ပေး​ရ​မယ်​ဆိုတာ မေး​ထားတာ ကောင်းတယ်။ သတိ​ပြန်လည်​လာအောင် လုပ်ပေး​ဖို့၊ ဆေးရုံတင်​ပေးဖို့၊ ဆေးကု​ထုံး​တစ်ခုခု ခံယူ​ဖို့ သူ ဆန္ဒရှိ​မရှိ ပွင့်လင်း​စွာ ဆွေးနွေး​ထား​နိုင်တယ်။ ဒါက နားလည်မှု​လွဲ​တဲ့​အဖြစ်မျိုး၊ သတိလစ်​နေတဲ့​လူနာ​အတွက် ဆုံးဖြတ်​ပေး​ရတဲ့ မိသားစုဝင်​တွေ စိတ်ထိခိုက်​ရတဲ့​အဖြစ်မျိုး လျော့နည်းစေနိုင်တယ်။ ပွင့်ပွင့်လင်းလင်း ကြိုတင် ဆွေးနွေး​ထားမယ်​ဆိုရင် မိသားစု​ဟာ လူနာ​ကို ပြုစုစောင့်ရှောက်​ဖို့ ပို​အာရုံစိုက်​နိုင်မယ်။ “တိုင်ပင်​ဆွေးနွေး​တာ မရှိရင် အစီအစဉ်​တွေ ပျက်​တတ်တယ်။ အကြံပေး​သူ များ​ရင်​တော့ အောင်မြင်​တတ်တယ်” လို့ ကျမ်းစာ​ပြောတယ်။—ပညာအလိမ္မာ ၁၅:၂၂

ကူညီပေး​နိုင်​ပုံ

ပြုစုစောင့်ရှောက်​သူ အဓိက​လုပ်ဆောင်​ရမှာက လူနာ​ကို နှစ်သိမ့်​ပေးဖို့ပဲ။ သူ​တစ်ယောက်တည်း မဟုတ်ဘူး၊ သူ့ကို ချစ်​တယ်ဆိုတာ လူနာ​သိအောင် ဘယ်လို​လုပ်​ရ​မလဲ။ အားရှိစရာ​ကောင်းတဲ့၊ သူ​ကြိုက်​တဲ့ စာပေ​တွေ၊ သီချင်း​တွေကို ရွေး​ပြီး ဖတ်ပြ၊ ဆို​ပြပါ။ သူ့​လက်​ကို ဆုပ်ကိုင်​ပြီး ညင်ညင်သာသာ စကားပြော​ပေးတာ​က စိတ်သက်သာ​စေတယ်။

ဘယ်သူဘယ်ဝါ လာ​ကြည့်​တယ်ဆိုတာ ပြောပြ​ပေး​ရင် ကောင်းတယ်။ စာအုပ်တစ်အုပ်မှာ ဒီလို​ဖော်ပြတယ်– “အာရုံငါးပါး​အနက် နောက်ဆုံး​မှ​ဆုံးၡုံး​တာ အကြားအာရုံ​ပဲလို့ ဆို​ကြ​တယ်။ အိပ်ပျော်​နေတယ်​လို့ ထင်​ရပေမဲ့ အကြားအာရုံ ကောင်း​နေနိုင်​တယ်။ ဒါကြောင့် လူနာ အိပ်ပျော်​နေတယ်​အထင်​နဲ့ မပြော​သင့်တဲ့​စကား​တွေကို လူနာ​လာ​ကြည့်​သူတွေ​ရှေ့ မပြော​ပါနဲ့။”

ဖြစ်​နိုင်မယ်​ဆိုရင် အတူတူ ဆုတောင်း​ပါ။ တစ်ခါ​က တမန်တော်​ပေါလု​နဲ့ အပေါင်းပါ​တွေဟာ မ​ခံရပ်​နိုင်အောင် ဖိစီးမှု​ကြုံရ​ပြီး အသက်ရှင်​ဖို့တောင် မျှော်လင့်ချက်​မရှိ​သလော​က် ဖြစ်ခဲ့တယ်​လို့ ကျမ်းစာ​ပြောတယ်။ သူတို့ ဘယ်​က​နေ အကူအညီ​ရခဲ့​သလဲ။ “ခင်ဗျား​တို့လည်း ကျွန်တော်တို့​အတွက် တိုးလျှိုးအသနားခံ​ပြီး ကူညီပေး​နိုင်ပါတယ်” လို့ မိတ်ဆွေတွေ​ကို ပေါလု တောင်းဆို​တယ်။ (၂ ကောရိန္သု ၁:၈-၁၁) အကြီးအကျယ် ဖိစီးမှု​ကြုံရချိန်၊ အသည်းအသန် ဖျားနာ​ချိန်မှာ လှိုက်လှိုက်လှဲလှဲ ဆုတောင်း​တာဟာ အလွန်​တန်ဖိုးရှိ​တယ်။

အဖြစ်မှန်​ကို လက်ခံ​ပါ

ချစ်ရသူ​တစ်ဦး ဆုံး​တော့မယ်​လို့ သိရတဲ့အခါ စိတ်ထိခိုက်​တတ်ကြတယ်။ ဒါဟာ အံ့သြစရာ မဟုတ်ဘူး။ သေခြင်း​ဟာ လူတွေရဲ့ ပင်ကို​ဆန္ဒ​မဟုတ်​လို့ပဲ။ ကျွန်တော်တို့ဟာ သေခြင်း​ကို ဘဝ​ရဲ့ ပုံမှန်​အစိတ်အပိုင်း​အဖြစ် လက်ခံဖို့ ပုံစံပြု​ခံ​ထား​ရတာ မဟုတ်ဘူး။ (ရောမ ၅:၁၂) သမ္မာကျမ်းစာ​က သေခြင်း​ကို “ရန်သူ” လို့ခေါ်​ထားတယ်။ (၁ ကောရိန္သု ၁၅:၂၆) ဒါကြောင့် ချစ်ရသူ​တစ်ဦး သေ​တော့​မယ့်​အကြောင်း မစဉ်းစား​ချင်​တာဟာ သဘာဝ​ကျ​ပါတယ်။

ကြုံရမယ့်​အရာ​ကို မျှော်လင့်​ထားတာ​က မိသားစုဝင်​တွေရဲ့ စိုးရိမ်ပူပန်​မှုကို လျော့နည်း​စေပြီး လူနာ သက်သောင့်သက်သာ​ရှိအောင် အတတ်နိုင်ဆုံး အာရုံစိုက် လုပ်ဆောင်​စေနိုင်​တယ်။ မသေ​ခင်​ကြုံရမယ့် အရာ​တချို့ကို “ ဘဝ​ရဲ့ နောက်ဆုံး​အချိန်” လေးထောင့်ကွက်​မှာ ဖော်ပြထားတယ်။ လူနာ​တိုင်း အဲဒီ​အခြေအနေ​အားလုံးကို ကြုံရ​မှာ မဟုတ်သလို အစဉ်လိုက်​လည်း ကြုံ​ချင်​မှ​ကြုံ​မယ်။ လူနာ​အများစုက​တော့ အဲဒီ​အခြေအနေ​တချို့ကို ကြုံရ​ကြ​တယ်။

ချစ်ရသူ​တစ်ဦး ဆုံးသွား​တဲ့အခါ အရင်က ကူညီပေး​ဖူး​သူ ရင်းနှီးတဲ့​မိတ်ဆွေ​တစ်ဦးကို ဆက်သွယ်​တာ ကောင်းတယ်။ ချစ်​ရတဲ့​သူဟာ ဘာ​ဝေဒနာ​မှ မခံစား​ရတော့​ဘူးဆိုပြီး ပြုစုစောင့်ရှောက်​သူတွေနဲ့ မိသားစု​ကို နှစ်သိမ့်​ပေးဖို့ လိုအပ်​နိုင်တယ်။ “သေလွန်သူ​က​တော့ ဘာမှ​မသိ​ဘူး” လို့ ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင် အာမခံ​ထားတယ်။—ဒေသနာ ၉:၅

အကောင်းဆုံး ပြုစုစောင့်ရှောက်​သူ

တခြားသူတွေရဲ့ အကူအညီကို လက်ခံတတ်ရမယ်

မိသားစုဝင်​တစ်ဦး အသည်းအသန် ဖျားနာ​ချိန်မှာ​သာမက သေဆုံး​ပြီးနောက် ဝမ်းနည်းပူဆွေး​နေချိန်မှာ​ပါ ဘုရားသခင်ကို မှီခို​အားကိုး​ဖို့ လိုတယ်။ တခြားသူတွေရဲ့ နှစ်သိမ့်မှု​ဖြစ်စေတဲ့ စကား​တွေ၊ လုပ်ရပ်တွေ​အားဖြင့် ဘုရား ကူညီပေး​နိုင်တယ်။ “တခြားသူတွေ ကူညီ​ပေးတာကို ကျွန်မ လက်ခံ​တတ်လာ​တယ်။ ရရှိတဲ့​အကူအညီ​တွေ​က လိုတာ​ထက်​တောင် ပို​နေတယ်။ ‘အကူအညီ​ပေးဖို့ မင်း​တို့​နဲ့အတူ ရှိ​နေတယ်’ လို့ ယေဟောဝါ ပြော​နေ​သလို​မျိုး ကျွန်မတို့​လင်မယား ခံစား​ရတယ်။ ဒါကို ဘယ်တော့မှ မေ့​မှာ​မဟုတ်ဘူး” လို့ ဒိုရင်း​ပြောပြတယ်။

အကောင်းဆုံး ပြုစုစောင့်ရှောက်​သူက​တော့ ယေဟောဝါဘုရား​ပါပဲ။ ကျွန်တော်​တို့ကို ဖန်ဆင်း​တဲ့​အရှင်​ဖြစ်တဲ့​အတွက် ကျွန်တော်တို့ရဲ့ နာကျင်​မှု​တွေ၊ ဝမ်းနည်းမှု​တွေကို ကိုယ်တော် နားလည်​ပေးတယ်။ ကျွန်တော်​တို့ ရင်ဆိုင်ကျော်လွှား​နိုင်​ဖို့ လိုအပ်တဲ့​အကူအညီ​နဲ့ အားပေးမှု​တွေကို ပေး​နိုင်တယ်၊ ပေးဖို့ ဆန္ဒ​လည်း ရှိတယ်။ မကြာခင် သေခြင်း​ကို အပြီးအပိုင်​ဖယ်ရှားပြီး သူ့​မှတ်ဉာဏ်​ထဲမှာ ရှိတဲ့ လူသန်းပေါင်းများစွာ​ကို အသက်ပြန်ရှင်​စေမယ်​လို့ ဘုရား ကတိပေး​ထားတယ်။ (ယောဟန် ၅:၂၈၊ ၂၉။ ဗျာဒိတ် ၂၁:၃၊ ၄) အဲဒီအချိန်​ကျ​ရင် “သေ​မင်း၊ မင်း​ရဲ့​အောင်ပွဲ ဘယ်မှာ​လဲ။ သေ​မင်း၊ မင်း​ရဲ့​အဆိပ်​ဆူး ဘယ်မှာ​လဲ” ဆိုပြီး တမန်တော်ပေါလု​လို အားလုံး ပြောနိုင်​ကြပါ​လိမ့်မယ်။—၁ ကောရိန္သု ၁၅:၅၅

^ စာပိုဒ်၊ 2 အမည်​လွှဲ​ထားတယ်။