မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သိပါသလား

သင်သိပါသလား

ဘယ်​ဂျူး​ထုံးစံ​ကြောင့် သစ္စာ​ဆိုတာ​ကို ယေရှု ပြစ်တင်ရှုတ်ချ​ခဲ့​သလဲ။

မောရှေ​ပညတ်​အရ သစ္စာဆို​သင့်တဲ့ အချိန်အခါ​တွေ ရှိ​ပါတယ်။ ဒါပေမဲ့ ယေရှု​ခေတ်မှာ သစ္စာ​ဆိုတာ ခေတ်စား​လွန်း​လို့ ဘာ​ပြော​ပြော သစ္စာဆို​တဲ့​အကျင့် ရှိ​ကြ​တ​ယ်။ ကိုယ့်​စကားကို ပိုယုံကြည်လက်ခံ​စေဖို့ ရည်ရွယ်​တာပါ။ ဒါပေမဲ့ အဲဒီ​အကျင့်​ကို ယေရှု နှစ်ကြိမ် ရှုတ်ချ​ခဲ့တယ်။ “ဟုတ်​ရင် ‘ဟုတ်​တယ်၊’ မဟုတ်​ရင် ‘မဟုတ်ဘူး၊’ ဒါ​ပဲ​ပြောပါ” လို့ ယေရှု သင်ပေးတယ်။—မ. ၅:၃၃-၃၇။ ၂၃:၁၆-၂၂

အဘိဓာန်​တစ်အုပ် (Theological Dictionary of the New Testament) အရ “ဂျူး​တွေရဲ့ စကား​တိုင်း​လိုလို​မှာ သစ္စာဆို​တဲ့​အကျင့်” အလွန်​စွဲကပ်​နေ​ကြောင်း တာလမွဒ်​ကျမ်းစကား​တွေ​က ဖော်ပြတယ်။ ချိုးဖောက်​လို့ ရနိုင်​တဲ့၊ မရနိုင်​တဲ့ သစ္စာဆို​ချက်​တွေကို တာလမွဒ်​ကျမ်း​မှာ အသေးစိတ် ဖော်ပြထားတယ်။

ဒီ​အကျင့်​ကို ပြစ်တင်ရှုတ်ချ​တာ ယေရှု​တစ်ယောက်တည်း မဟုတ်ဘူး။ ဥပမာ၊ ဂျူး​သမိုင်းပညာရှင် ဖလေးဗီးယပ်စ် ဂျိုစီဖတ်စ်က ဂျူး​ဂိုဏ်း​တစ်ခု​အကြောင်း ဒီလိုပြောတယ်– “ကျိန်ဆို​တာ​ကို သူတို့​ရှောင်ကြ​တ​ယ်။ မုသား​သက်သေခံခြင်း​ထက် ဆိုး​တယ်လို့ ယူဆကြ​လို့ပဲ။ သူ့​စကားကို ယုံကြည်​စေဖို့ သစ္စာဆို​နေ​မှတော့ လူ​လိမ်​ပဲလို့ ယူဆကြတယ်။” စီ​ရာ​ခ်​ပညာအလိမ္မာကျမ်း ခေါ် နီ​တိ​ဒေသနာကျမ်း (၂၃:၁၁) မှာ “ကျိန်ဆို​တတ်​သူဟာ တရားမဲ့​သူ​ပဲ” လို့ဆို​ထားတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ သစ္စာဆို​တဲ့​အကျင့်​ကို ယေရှု ပြစ်တင်​ရှုတ်ချ​ခဲ့တယ်။ ကျွန်တော်တို့ဟာ မှန်​တဲ့​စကား​ကိုပဲ အမြဲ​ပြောမယ်​ဆိုရင် ပို​ယုံကြည်​ရ​အောင် သစ္စာဆို​နေ​မှာ မဟုတ်ဘူး။