ဘဝအတ္ထုပ္ပတ္တိ

“ယေဟောဝါဘုရားကပဲ စစ်ပွဲမှာ အောင်မြင်ခွင့် ပေးနိုင်တယ်”

“ယေဟောဝါဘုရားကပဲ စစ်ပွဲမှာ အောင်မြင်ခွင့် ပေးနိုင်တယ်”

ပန်းချီကားအလား သိပ်လှတဲ့ ပြင်သစ်နိုင်ငံ၊ စထရာစ်ဘာ့ဂ်မြို့ကို ၂၀၁၀၊ ဇန်နဝါရီလ ၂၈ ရက်မှာ ကျွန်တော် ရောက်နေတယ်။ အလည်အပတ် ရောက်လာတာတော့ မဟုတ်ဘူး။ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (ECHR) မှာ ယေဟောဝါသက်သေတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ တရားရေးအဖွဲ့နဲ့အတူ ရောက်လာတာ။ ပြင်သစ်က ညီအစ်ကိုတွေကို အစိုးရက ယူရို ၆၄ သန်း (အမေရိကန်ဒေါ်လာ ၈၉ သန်း) နီးပါး အဆမတန် အခွန်ဆောင်ခိုင်းတာ ဥပဒေနဲ့ မညီကြောင်း သက်သေပြဖို့ ကျွန်တော်တို့ကို အဖွဲ့အစည်းက လွှတ်လိုက်တာ။ ငွေရေးကြေးရေးက အဓိက မဟုတ်ပါဘူး။ ယေဟောဝါရဲ့ နာမည်၊ ယေဟောဝါလူမျိုးရဲ့ ဂုဏ်သတင်း၊ လွတ်လပ်စွာ ဝတ်ပြုနိုင်ရေးက အဓိကပါ။ “ယေဟောဝါဘုရားကပဲ စစ်ပွဲမှာ အောင်မြင်ခွင့် ပေးနိုင်တယ်” ဆိုတာ အဲဒီတုန်းက အဖြစ်အပျက်တွေကြောင့် ပိုစိတ်ချသွားတယ်။ (၁ ရှ. ၁၇:၄၇) ရှင်းပြပါရစေ။

၁၉၉၃ ကနေ ၁၉၉၆ ခုနှစ်အတွင်း ပြင်သစ်ဌာနခွဲက လက်ခံရရှိတဲ့ အလှူငွေအတွက် အစိုးရက ၁၉၉၉ ခုနှစ်မှာ အခွန်ဆောင်ခိုင်းတယ်။ ပြင်သစ်တရားရုံးတွေ သွားပေမဲ့ စီရင်ချက်တွေ မမျှတဘူး။ အယူခံတရားရုံးမှာ အမှုရှုံးပြီးနောက် ဌာနခွဲဘဏ်အကောင့်ထဲက ယူရို လေးသန်းခွဲ (အမေရိကန်ဒေါ်လာ ၆.၃ သန်း) ကျော် အသိမ်းခံလိုက်ရတယ်။ နောက်ဆုံးမျှော်လင့်ချက်ဆိုလို့ ECHR ကို သွားဖို့ပဲ ကျန်တော့တယ်။ ဒါပေမဲ့ အမှုမကြားနာခင်မှာ ECHR က ကျွန်တော်တို့ကို အစိုးရရှေ့နေအဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းခိုင်းတယ်။ ECHR တရားရုံးအမှုဆောင် အရာရှိအမျိုးသမီးရှေ့ တွေ့ဆုံညှိနှိုင်းရမှာ။

အစိုးရကို အခွန်တချို့တစ်ဝက် ပေးပြီး ပြေလည်အောင် လုပ်လိုက်ဖို့ အရာရှိအမျိုးသမီး ဖိအားပေးမယ်ဆိုတာ ကျွန်တော်တို့ ကြိုတွက်ထားပြီးသား။ ဒါပေမဲ့ တစ်ယူရို ပေးလိုက်ရင်တောင် ကျမ်းစာမူကို ချိုးဖောက်ရာရောက်မှန်း ကျွန်တော်တို့ ကောင်းကောင်းသိတယ်။ ဘုရားသခင့်နိုင်ငံတော် အကျိုးစီးပွားကို ထောက်မဖို့ ညီအစ်ကို/မတွေ အလှူငွေ ထည့်ထားတာ။ အလှူငွေ တစ်ပြားတစ်ချပ်မှ အစိုးရနဲ့ မဆိုင်ဘူး။ (မ. ၂၂:၂၁) ဒါပေမဲ့ တရားရုံးလုပ်ထုံးကို လေးစားသမှုနဲ့ ကျွန်တော်တို့ သွားကြတယ်။

၂၀၁၀ ခုနှစ်၊ ECHR ရှေ့မှာ ကျွန်တော်တို့ တရားရေးအဖွဲ့

တရားရုံး အစည်းအဝေးခန်းမတစ်ခုမှာ ကျွန်တော်တို့ တွေ့ဆုံကြတယ်။ အခွန်တချို့တစ်ဝက် ပေးလိုက်ဆိုပြီး အစည်းအဝေး စစချင်းမှာပဲ အရာရှိအမျိုးသမီး ပြောပါလေရော။ “ကျွန်တော်တို့ဘဏ်အကောင့်ထဲက ယူရို လေးသန်းခွဲကျော်ကို အစိုးရ သိမ်းထားပြီးပြီဆိုတာ သိပါသလား” ဆိုပြီး ကျွန်တော်တို့ ချက်ချင်းပဲ ပြန်မေးလိုက်ကြတယ်။ စွမ်းအားတော် လှုံ့ဆော်လို့သာ အဲဒီလိုမေးဖို့ စဉ်းစားမိသွားတာ။

အရာရှိအမျိုးသမီး သိသိသာသာ မျက်နှာပျက်သွားတယ်။ ပြင်သစ်အစိုးရ ဘာတွေ လုပ်ထားမှန်း မသိပုံပဲ။ ငွေတွေ သိမ်းထားတာ မှန်ပါတယ်ဆိုပြီး အစိုးရရှေ့နေအဖွဲ့ အတည်ပြုလိုက်တော့ အရာရှိအမျိုးသမီး သဘောထား လုံးလုံးပြောင်းလဲသွားတယ်။ အစိုးရရှေ့နေတွေကို ကြိမ်းမောင်းပြီး အစည်းအဝေး ချက်ချင်း ရုပ်သိမ်းလိုက်တယ်။ ကျွန်တော်တို့ တစ်ခါမှ မတွေးမိတဲ့နည်းနဲ့ ရလဒ်ကို ယေဟောဝါ ပြောင်းလဲပေးလိုက်တာပဲ။ ယုံတောင် မယုံနိုင်ဘူး။ ဒါနဲ့ အစည်းအဝေးခန်းမကနေ ကျွန်တော်တို့ ခေါင်းမော့ပြီး ထွက်လာကြတယ်။

၂၀၁၁၊ ဇွန်လ ၃၀ ရက်မှာ ကျွန်တော်တို့ကို အမှုအနိုင်ပေးဖို့ ECHR က တညီတညွတ်တည်း စီရင်ချက် ချလိုက်တယ်။ အခွန်တောင်းခံမှုဟာ ဥပဒေနဲ့ မညီကြောင်း ထုတ်ပြန်ပြီး သိမ်းယူထားတဲ့ ငွေအပြင် အတိုးပါ ပေးဖို့ အစိုးရကို အမိန့်ချလိုက်တာ။ သမိုင်းဝင် ဒီစီရင်ချက်ဟာ ပြင်သစ်နိုင်ငံက စစ်မှန်တဲ့ ဝတ်ပြုရေးကို ဒီနေ့အထိ အကျိုးပြုနေဆဲပဲ။ ဇာတ်တိုက်ထားတာ မဟုတ်ဘဲ မေးလိုက်တဲ့ မေးခွန်းလေးတစ်ခုက ဂေါလျတ်နဖူးမှာ စိုက်ဝင်သွားတဲ့ ကျောက်စရစ်လိုပဲ ရလဒ် အလှည့်အပြောင်းဖြစ်သွားစေတယ်။ ဂေါလျတ်ကို ဒါဝိဒ် ပြောသလို ‘ယေဟောဝါဘုရားကပဲ အောင်မြင်ခွင့် ပေး’ လို့သာ ကျွန်တော်တို့ အနိုင်ရသွားတာပါ။—၁ ရှ. ၁၇:၄၅-၄၇

ယေဟောဝါသက်သေတွေ အနိုင်ရတာ ဒီတစ်မှုတည်း မဟုတ်ပါဘူး။ နိုင်ငံပေါင်း ၇၀ က တရားရုံးချုပ်တွေနဲ့ နိုင်ငံတကာခုံရုံးတွေမှာ အနိုင်ရတဲ့ အမှု ၁,၂၂၅ ခု ရှိသွားပြီ။ တကယ်တော့ အင်အားကြီးတဲ့ နိုင်ငံရေး၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာ။ တရားဝင်ဘာသာရေးအဖြစ် ရပ်တည်ခွင့်၊ လူသိရှင်ကြား ဟောပြောခွင့်၊ နိုင်ငံရေးအခမ်းအနားတွေမှာ ပါဝင်တာကို ငြင်းဆိုခွင့်၊ သွေးသွင်းတာကို ငြင်းဆိုခွင့် စတဲ့ ကျွန်တော်တို့ရဲ့ အခြေခံအခွင့်အရေးတွေကို ဒီတရားရေးအောင်ပွဲတွေက ကာကွယ်ပေးတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်မှာ ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်မှာ အမှုဆောင်နေရင်းကနေ ဘယ်လိုလုပ်ပြီး ဥရောပတရားရေးကိစ္စမှာ ကျွန်တော် ပါဝင်ဖြစ်သလဲ ပြောပြပါရစေ။

ထက်သန်တဲ့ သာသနာပြု မိဘလက်အောက်မှာ ကြီးပြင်းလာ

အဖေ့နာမည်က ဂျော့ဂျ်။ အမေ့နာမည်က လူစီယယ်။ သူတို့က ၁၂ ကြိမ်မြောက် ဂိလဒ်သင်တန်းဆင်းတွေ။ အီသီယိုးပီးယားနိုင်ငံမှာ အမှုဆောင်ရင်း ၁၉၅၆ ခုနှစ်မှာ ကျွန်တော့်ကို မွေးတယ်။ ပထမရာစု သတင်းကောင်းဟောပြောသူ ဖိလိပ္ပုရဲ့ နာမည်ကို အစွဲပြုပြီး ဖိလစ်လို့ နာမည်ပေးထားကြတာ။ (တ. ၂၁:၈) အစ်မ ဂျူဒီနဲ့ ညီလေး လက်စလီလည်း အီသီယိုးပီးယားမှာ မွေးတာပဲ။ ကျွန်တော် မွေးပြီး နောက်တစ်နှစ် ၁၉၅၇ ခုနှစ်မှာ အဖွဲ့အစည်းလုပ်ငန်း ပိတ်ပင်ခံလိုက်ရတယ်။ ကျွန်တော် တော်တော်လေး ငယ်သေးပေမဲ့ လျှို့ဝှက်ပြီး စည်းဝေးရတာ၊ ဟောပြောရတာ မှတ်မိနေတုန်းပဲ။ ကလေးဆိုတော့ စိတ်လှုပ်ရှားပြီး ပျော်တောင် ပျော်နေလိုက်သေးတယ်။ စိတ်မကောင်းစရာကတော့ ၁၉၆၀ ခုနှစ်မှာ အစိုးရက ကျွန်တော်တို့ကို ပြည်နှင်ဒဏ် ပေးလိုက်တာပါပဲ။

၁၉၅၉ ခုနှစ်တုန်းက အီသီယိုးပီးယားနိုင်ငံ၊ အဒစ် အဘာဘာမြို့မှာ ကျွန်တော်တို့မိသားစုဆီ ညီအစ်ကို နေသန် နောရ် (ဘယ်ဘက် အစွန်ဆုံး) လာလည်စဉ်

အမေရိကန်ပြည်ထောင်စု၊ ကန်စပ်စ်ပြည်နယ်၊ ဝီချီတာမြို့ကို ကျွန်တော်တို့မိသားစု ပြောင်းလာတယ်။ မိဘတွေ ထက်သန်တာကတော့ သာသနာပြုဘဝတုန်းကအတိုင်းပဲ။ ယေဟောဝါကို သားသမီး သုံးယောက်စလုံး ချစ်တတ်လာအောင်၊ စိတ်နှလုံးအကြွင်းမဲ့ အမှုဆောင်ချင်လာအောင် သင်ပေးကြတယ်။ ကျွန်တော် အသက် ၁၃ နှစ်မှာ နှစ်ခြင်းခံတယ်။ ဟောပြောသူ ပိုလိုအပ်တဲ့ ပီရူးနိုင်ငံ၊ အာရေကီပါမြို့ကို သုံးနှစ်အကြာမှာ မိသားစုလိုက် သွားအမှုဆောင်တယ်။

၁၉၇၄ ခုနှစ်၊ ကျွန်တော် အသက် ၁၈ နှစ်မှာ ကျွန်တော်နဲ့ ညီအစ်ကိုလေးယောက်ကို ပီရူးဌာနခွဲက အထူးရှေ့ဆောင် ခန့်တယ်။ လုံးဝ မဟောပြောရသေးတဲ့ အင်ဒီးစ်တောင်တန်းဒေသတွေဆီ သွားဟောပြောရမှာ။ အဲဒီမှာ ကက်ချူဝါနဲ့ အိုင်မာရာ စကားပြောသူတွေ ရှိတယ်။ နောဧသင်္ဘောလို့ နာမည်ပေးထားတဲ့ သေတ္တာပုံစံ ရှည်မျောမျော ကားအိမ်လေးနဲ့ ကျွန်တော်တို့ သွားလာကြတယ်။ ဆင်းရဲနွမ်းပါးမှု၊ ဖျားနာမှု၊ သေခြင်းကို ယေဟောဝါ ဖယ်ရှားပေးတော့မယ်ဆိုတာ ဒေသခံတွေကို ကျမ်းစာသုံးပြီး ရှင်းပြရတာ အမှတ်ရစရာပါပဲ။ (ဗျာ. ၂၁:၃၊ ၄) ဒေသခံ တော်တော်များများ သတင်းကောင်း လက်ခံလာကြတယ်။

၁၉၇၄ ခုနှစ်၊ ကျွန်တော်တို့ရဲ့ “နောဧသင်္ဘောကြီး”

ကမ္ဘာ့ဌာနချုပ်သို့

၁၉၇၇ ခုနှစ်မှာ ပီရူးကို အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို အဲလ်ဘတ် ရှရိုးဒါ လာလည်တော့ ကမ္ဘာ့ဌာနချုပ် ဗေသလလုပ်ငန်းအတွက် လျှောက်လွှာတင်ဖို့ အားပေးတာနဲ့ ကျွန်တော် လျှောက်လွှာတင်လိုက်တယ်။ သိပ်မကြာခင် ၁၉၇၇၊ ဇွန်လ ၁၇ ရက်မှာ ဘရွတ်ကလင်ဗေသလမှာ စအမှုဆောင်ရတယ်။ သန့်ရှင်းရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးဌာနတွေမှာ လေးနှစ်ကျော် အမှုဆောင်တယ်။

၁၉၇၉ ခုနှစ်၊ မင်္ဂလာဆောင်နေ့

၁၉၇၈၊ ဇွန်လ၊ လူဝီဇီယားနားပြည်နယ်၊ နယူးအော်လင်းဇ်မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးမှာ ညီအစ်မ အဲလီဇဘက် အာဗလုန်းနဲ့ ဆုံတယ်။ သူလည်း ကျွန်တော့်လိုပဲ ထက်သန်တဲ့ သက်သေခံမိဘလက်ထဲ ကြီးပြင်းလာတာ။ မှန်မှန်ရှေ့ဆောင် လုပ်တာ လေးနှစ် ရှိပြီ။ တစ်သက်လုံး အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ချင်တာတဲ့။ အစည်းအဝေးကြီး ပြီးသွားတော့ ကျွန်တော်တို့ အဆက်အသွယ် လုပ်ဖြစ်တယ်။ ဒီလိုနဲ့ ချစ်ကျွမ်းဝင်သွားပြီး ၁၉၇၉၊ အောက်တိုဘာလ ၂၀ ရက်မှာ လက်ထပ်လိုက်တယ်။ ဗေသလမှာ မောင်နှံစုံလိုက် အမှုဆောင်တယ်။

ကျွန်တော်တို့ ဦးဆုံးပူးပေါင်းရတဲ့ ဘရွတ်ကလင် စပိန်အသင်းတော်မှာ ရှိတဲ့ ညီအစ်ကို/မတွေက သိပ်ချစ်စရာကောင်းကြတယ်။ နောက်ပိုင်းနှစ်တွေမှာ ပူးပေါင်းတဲ့ အသင်းတော်သုံးခုက ညီအစ်ကို/မတွေကလည်း ဗေသလမှာ ကျွန်တော်တို့ ဆက်အမှုဆောင်နိုင်ဖို့ အားပေးထောက်မကြတယ်။ ဒီလိုအားပေးထောက်မမှုအတွက် သိပ်ကျေးဇူးတင်တယ်။ နှစ်ဖက်မိဘတွေ အသက်ကြီးလာချိန်မှာ ဝိုင်းဝန်းစောင့်ရှောက်ပေးကြတဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။

၁၉၈၆ ခုနှစ်၊ ဘရွတ်ကလင် စပိန်အသင်းတော်နဲ့ ပူးပေါင်းတဲ့ ဗေသလအိမ်သားတွေ

တရားရေးတိုက်ပွဲများ

၁၉၈၂၊ ဇန်နဝါရီလမှာ ဗေသလ တရားရေးဌာနမှာ အမှုဆောင်ခွင့်ရတယ်။ သုံးနှစ်ကြာတော့ ဥပဒေတက္ကသိုလ် တက်ပြီး လိုင်စင်ရရှေ့နေ ဖြစ်အောင် လုပ်ဖို့ အဖွဲ့အစည်းက တောင်းဆိုလာတယ်။ ယေဟောဝါသက်သေတွေရဲ့ တရားရေးအောင်ပွဲတွေကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာက လူတွေ အခြေခံ လွတ်လပ်ခွင့်တွေ ရလာတဲ့အကြောင်း တက္ကသိုလ်သင်ရိုးမှာ ပါနေလို့ အံ့ဩပြီး ပီတိဖြစ်ရတယ်။ ဒီတရားရေးအောင်ပွဲတွေအကြောင်း အတန်းထဲမှာ အကျယ်တဝင့်ကို ဆွေးနွေးတာ။

၁၉၈၆ ခုနှစ်၊ ကျွန်တော် အသက် ၃၀ မှာ တရားရေးဌာန ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရတယ်။ အသက်ငယ်သေးပေမဲ့ ဗေသလက ယုံယုံကြည်ကြည် တာဝန်ပေးလာလို့ ဝမ်းသာမိတယ်။ တစ်ဖက်မှာလည်း အတွေ့အကြုံ နည်းသေးတော့ တာဝန်ကြီးတယ်လို့ ခံစားမိတယ်။

၁၉၈၈ ခုနှစ်မှာ လိုင်စင်ရရှေ့နေ ဖြစ်လာတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေး ဘယ်လောက် ထိခိုက်သွားတယ်ဆိုတာ ကျွန်တော် သတိမထားမိလိုက်ဘူး။ အဆင့်မြင့်ပညာရေးက ရည်မှန်းချက် ကြီးလာစေတယ်၊ တခြားသူတွေထက် ပိုသာတယ်ဆိုတဲ့အတွေး ဝင်လာစေတယ်။ ယေဟောဝါနဲ့ ရင်းနှီးလာစေမယ့်အရာတွေကို အရင်လို ပြန်အာရုံစိုက်နိုင်ဖို့ အဲလိဇဘက် ကူညီပေးလို့သာပေါ့။ အချိန်တစ်ခု ပေးလိုက်ရပေမဲ့ ယေဟောဝါနဲ့ ပြန်ရင်းနှီးလာလို့ တော်ပါသေးတယ်။ ပညာအများကြီး တတ်တာ ဘဝမှာ အရေးကြီးဆုံးအရာ မဟုတ်မှန်း ကိုယ်တွေ့သိသွားတယ်။ ဘုရားနဲ့ ရင်းနှီးနေတာ၊ ဘုရားနဲ့ ဘုရားလူမျိုးကို နှစ်နှစ်ကာကာ ချစ်တာကသာ ဘဝရဲ့ အနှစ်သာရပါ။

သတင်းကောင်းဟောပြောခွင့်ကို ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်စေခြင်း

တက္ကသိုလ် ပြီးသွားတော့ ဗေသလ တရားဥပဒေရေးရာပိုင်းမှာ ကူညီပေးဖို့၊ သတင်းကောင်းဟောပြောခွင့်ကို ခုခံကာကွယ်ဖို့ ပိုအာရုံစိုက်လာနိုင်တယ်။ အရှိန်အဟုန်နဲ့ ရှေ့ကို လှမ်းချီနေတဲ့၊ တိုးတက်နေတဲ့၊ အပြောင်းအလဲတွေ မြန်ဆန်လှတဲ့ အဖွဲ့အစည်းကို ထောက်မရတာ စိတ်လှုပ်ရှားစရာကောင်းသလို တာဝန်လည်း ကြီးတယ်။ ဥပမာ၊ ကျမ်းစာစာပေတွေကို သတ်မှတ်ထားတဲ့ အလှူငွေနဲ့ ဝေငှလာတာ နှစ်တော်တော်ကြာပြီ။ ဒါပေမဲ့ စာပေ ဝေငှတာနဲ့ပတ်သက်ပြီး တရားဥပဒေရေးရာ အချက်အလက်တွေ၊ အကြံပြုချက်တွေ တင်ပြဖို့ ၁၉၉၀ ခုနှစ်မှာ တရားရေးဌာန တောင်းဆိုခံရတယ်။ အဖွဲ့အစည်းကို ဦးဆောင်နေတဲ့ ညီအစ်ကိုတွေ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ပါ။ ဆုံးဖြတ်ချက် မှားသွားရင် အခွန်ပြဿနာတွေ ရှိလာနိုင်တယ်။ ဟောပြောခြင်းလုပ်ငန်းမှာ အဟန့်အတား ဖြစ်သွားနိုင်တယ်။ ဒါကြောင့် တော်တော် တာဝန်ကြီးတယ်လို့ ပြောတာ။ ဒီလိုနဲ့ နောက်ပိုင်းမှာ စာပေတွေ အခမဲ့ပဲ ဝေငှတော့တယ်။ ဗေသလနဲ့ လယ်ကွင်းမှာ အလုပ်မပိုတော့ဘူး။ အခွန်ပြဿနာတွေ ကင်းသွားတယ်။ ဒီလိုသာ စာပေတွေ အခမဲ့ ဝေငှနေရင် အဖွဲ့အစည်းအလှူငွေ နည်းလာပြီး အမှုဆောင်လုပ်ငန်း ထိခိုက်လာမယ်လို့ တချို့ ထင်ကြတယ်။ ဒါပေမဲ့ ထင်တာနဲ့ တခြားစီပဲ။ ၁၉၉၀ ခုနှစ်ကစပြီး အမှုဆောင်သူ အရေအတွက် နှစ်ဆ ဖြစ်သွားတယ်။ လူတွေကို အသက်ရစေတဲ့ ကျမ်းစာစာပေတွေ အခမဲ့ ဝေငှနေနိုင်တာလည်း ဒီနေ့အထိပါပဲ။ ယေဟောဝါ ပေးတဲ့ ခွန်အား၊ သစ္စာရှိကျွန်ကတစ်ဆင့် ပေးတဲ့ လမ်းညွှန်ချက်တွေကြောင့်သာ အဖွဲ့အစည်းရဲ့ ဒီလိုအပြောင်းအလဲတွေ၊ တခြားအပြောင်းအလဲတွေ အောင်မြင်နိုင်တာပါ။—ထွ. ၁၅:၂။ မ. ၂၄:၄၅

ရှေ့နေတွေ တော်တာ တစ်ခုတည်းကြောင့် တရားရေးအောင်ပွဲတွေ ရလာတာ မဟုတ်ဘူး။ များသောအားဖြင့် အာဏာပိုင်တွေကို စိတ်ထိမိသွားစေတာက ဘုရားလူမျိုးရဲ့ အမူအကျင့်ကောင်း ဖြစ်နေတတ်တယ်။ ၁၉၉၈ ခုနှစ်၊ ကျူးဘားနိုင်ငံမှာ ကျင်းပတဲ့ ခရိုင်အစည်းအဝေးကြီးတွေကို အုပ်ချုပ်ရေးအဖွဲ့ဝင် သုံးယောက်နဲ့ ဇနီးတွေ လာတက်တုန်းကအချိန် မှတ်မိသေးတယ်။ ယဉ်ကျေးမှု၊ လေးစားမှု ရှိတဲ့ သူတို့ရဲ့ အမူအကျင့်တွေက ယေဟောဝါသက်သေတွေကို အာဏာပိုင်တွေ နားလည်မှု လွဲနေတာနဲ့ပတ်သက်ပြီး ရုံးတွေကနားတွေမှာ ကျွန်တော်တို့ သွားရှင်းပြတာထက် ပိုထိရောက်နေတယ်။

“သတင်းကောင်းဟောပြောခွင့်ကို ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်အောင်” လုပ်မှကို ရတဲ့အချိန်တွေလည်း ရှိတယ်။ (ဖိ. ၁:၇) ဥပမာ၊ စစ်မှုထမ်းဖို့ ငြင်းဆိုခွင့်ကို ဥရောပနဲ့ တောင်ကိုရီးယား အာဏာပိုင်တွေ ဆယ်စုနှစ်ချီ ကြာတဲ့အထိ အသိအမှတ်မပြုကြဘူး။ ဥရောပက ညီအစ်ကို ၁၈,၀၀၀ လောက်နဲ့ တောင်ကိုရီးယားက ညီအစ်ကို ၁၉,၀၀၀ ကျော်ဟာ ဘာသာရေး ခံယူချက်ကြောင့် စစ်မှုမထမ်းလို့ ထောင်ချခံကြရတယ်။

၂၀၁၁၊ ဇူလိုင်လ ၇ ရက်မှာတော့ ညီအစ်ကို ဘာရတ်ရန်ရဲ့ အမှု (Bayatyan v. Armenia) နဲ့ပတ်သက်ပြီး ECHR က စီရင်ချက် ချလိုက်တယ်။ ဘာသာရေး ခံယူချက်ကြောင့် စစ်မှုမထမ်းသူတွေကို ဥရောပနိုင်ငံအားလုံး အရပ်ဘက်လုပ်ငန်း စီစဉ်ပေးရတော့တယ်။ ၂၀၁၈၊ ဇွန်လ ၂၈ ရက်မှာ တောင်ကိုရီးယားနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးကလည်း အလားတူ စီရင်ချက် ချတယ်။ ညီအစ်ကိုငယ် တချို့တလေလောက်ပဲ ကြားနေမှု ချိုးဖောက်ခဲ့ရင်တောင် ဒီလိုတရားရေးအောင်ပွဲမျိုး ရလာမှာ မဟုတ်ဘူး။

လွတ်လပ်စွာ ဝတ်ပြုခွင့်၊ ဟောပြောခွင့်ကို ကာကွယ်ဖို့ ကမ္ဘာ့ဌာနချုပ်နဲ့ ကမ္ဘာတစ်ဝန်းက ဌာနခွဲတွေမှာ ရှိတဲ့ တရားရေးဌာနတွေ မနားတမ်း ကြိုးပမ်းကြတယ်။ ညီအစ်ကို/မတွေရှေ့ကနေ ရပ်တည်ပြီး တရားရေးကိစ္စတွေ ရင်ဆိုင်ဖြေရှင်းခွင့်ရတာ သိပ်ဂုဏ်ယူမိတယ်။ တရားရုံးမှာ အမှုနိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ ဘုရင်ခံတွေ၊ ဘုရင်တွေနဲ့ လူအများရှေ့မှာ သက်သေခံခွင့်ရတာ အမြတ်ပါပဲ။ (မ. ၁၀:၁၈) တရားရုံးကို တင်သွင်းတဲ့ စာရွက်စာတမ်းတွေ၊ လျှောက်လဲချက်တွေမှာ ကျွန်တော်တို့ ကိုးကားတဲ့ ကျမ်းပိုဒ်တွေကို တရားသူကြီးတွေ၊ အစိုးရကိုယ်စားလှယ်တွေ၊ မီဒီယာသမားတွေ၊ အများပြည်သူတွေ မစဉ်းစားမိဘဲ မနေဘူး။ ယေဟောဝါသက်သေတွေဟာ ဘယ်သူတွေ ဖြစ်တယ်၊ ယုံကြည်ချက်တွေက ဘာကို အခြေခံတယ်ဆိုတာ စိတ်ရိုးဖြောင့်သူတွေ သိလာကြတယ်။ တချို့ဆိုရင် ယုံကြည်သူတွေတောင် ဖြစ်လာကြတယ်။

ကျေးဇူးတင်ပါတယ်၊ ယေဟောဝါ

လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်အတွင်း ကမ္ဘာတစ်ဝန်းက ဌာနခွဲရုံးတွေနဲ့ တရားရေးကိစ္စတွေ ပူးပေါင်းလုပ်ဆောင်ခွင့်ရတယ်။ တရားရုံးချုပ်တွေ၊ အထက်တန်းအရာရှိတွေ အများကြီးရှေ့မှာ ရှေ့နေလိုက်ခွင့်ရတယ်။ ကမ္ဘာ့ဌာနချုပ်နဲ့ ကမ္ဘာတစ်ဝန်းက တရားရေးဌာနတွေမှာ ရှိတဲ့ လုပ်ဖော်ဆောင်ဖက်တွေကို ကျွန်တော် သိပ်ချစ်ခင်လေးစားပါတယ်။ ကျွန်တော့်အသက်တာတစ်ခုလုံး ကောင်းချီးတွေ၊ ကျေနပ်စရာတွေ တကယ့်ကို အပြည့်ပါပဲ။

လွန်ခဲ့တဲ့ ၄၅ နှစ်လုံးလုံး အေးအတူပူအမျှ ရှိနေပေးတဲ့၊ မေတ္တာနဲ့ ထောက်မပေးတဲ့ အဲလိဇဘက်ကို ကျွန်တော် သိပ်မြတ်နိုးတယ်။ သူ့ခမျာ မကျန်းမာလို့ အားအင်ယုတ်လျော့လာတဲ့ကြားက ထောက်မပေးရှာတာ။

ကိုယ့်ဘာသာကိုယ်ဆိုရင် ဘယ်လိုမှ အစွမ်းခွန်အား ရှိမနေနိုင်ဘူး၊ မအောင်မြင်နိုင်ဘူး။ ဒါဝိဒ် ပြောသလို “ယေဟောဝါဟာ လူမျိုးတော်အတွက် အစွမ်းခွန်အားပဲ။” (ဆာ. ၂၈:၈) “ယေဟောဝါဘုရားကပဲ စစ်ပွဲမှာ အောင်မြင်ခွင့် ပေးနိုင်တယ်။”