မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလှူငွေတွေကို အသုံးပြုပုံ

အစည်းအဝေးကြီးကို ကြည့်ရှုနားထောင်ခြင်း

အစည်းအဝေးကြီးကို ကြည့်ရှုနားထောင်ခြင်း

သြဂုတ် ၁၊ ၂၀၂၁

 ၂၀၂၀၊ ခရိုင်​အစည်းအဝေးဟာ ကြိုတင် ရိုက်ကူး​ပြီး အင်တာနက်​ကနေ ထုတ်လွှင့်​ပေး​တဲ့ ပထမ​ဆုံး ကမ္ဘာချီ အစည်းအဝေး​အဖြစ် သမိုင်း​တွင်​ခဲ့ပြီ။ ဒါပေမဲ့ မာလာဝီ၊ မိုဇမ်ဘစ်​မှာ ညီအစ်ကို/မ​များစွာ​က​တော့ အင်တာနက်​ မလို​ဘဲ အစည်းအဝေး​ကို တက်ရောက်​နိုင်​ကြတယ်။ ဘယ်လို​နည်းနဲ့လဲ။

 မာလာဝီ၊ မိုဇမ်ဘစ်​မှာ တီဗီ​နဲ့ ရေဒီယို​လိုင်း​ကနေ အစည်းအဝေးကြီး​ကို ထုတ်လွှင့်​ပေးဖို့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး ကော်မတီ​နဲ့ သွန်သင်ခြင်း ကော်မတီ​က ခြွင်းချက်​အနေ​နဲ့ ခွင့်ပြု​ခဲ့တယ်။ ဘာကြောင့် ဒီလို​ခွင့်ပြုချက် လိုသလဲ။ ကမ္ဘာ​မှာ အင်တာနက်​ အသုံးပြု​စရိတ် စျေး​အကြီးဆုံး​ နိုင်ငံ​တွေ​ထဲမှာ မာလာဝီ​ နိုင်ငံ​လည်း ပါဝင်တယ်။ ဒါ​ကြောင့် သက်သေခံ​ အနည်းစု​ပဲ အင်တာနက် သုံးနိုင်​ကြတယ်။ မာလာဝီ ဌာနခွဲ​ ကော်မတီဝင် ဝီလျံ ချွန်​ဘီ​က “အစည်းအဝေးကြီး အစီအစဉ်ကို ညီအစ်ကို/မ​တွေ ကြည့်ရှု​နားဆင်​လို့​ ရမယ့် တစ်ခု​တည်း​သော နည်း​က​တော့ ရေဒီယို​နဲ့ တီဗီ​တွေ​ပါ​ပဲ” လို့ ပြော​တယ်။ မာလာဝီ ဌာနခွဲ​ ကော်မတီဝင် လုကာ စီ​ဘီ​ကို​က “တီဗီ​နဲ့ ရေဒီယို​က​တစ်ဆင့် မရနိုင်​ဘူးဆို​ရင် ကျွန်တော်​တို့ ဌာနခွဲ ​နယ်မြေမှာ​ ရှိတဲ့ ညီအစ်ကို/မ အနည်းစု​ပဲ အစည်းအဝေးကြီး​ကနေ အကျိုး​ခံစား​နိုင်​ကြ​မယ်” လို့ ပြော​တယ်။ မိုဇမ်ဘစ်​မှာလည်း အင်တာနက်​ သုံးဖို့ အသာထား​ဦး၊ အစည်းအဝေး ကြည့်ရှု​လို့​ ရတဲ့ အီလက်ထရောနစ် စက်​ပစ္စည်း​တွေ​ကို​တောင် ညီအစ်ကို/မ​တချို့​ပဲ ကိုင်​နိုင်​ကြတယ်။

အစီအစဉ် ဆွဲ​ခြင်း

 ကိုဗစ်-၁၉ ကပ်ရောဂါ​ကြောင့် ရေဒီယို၊ ရုပ်မြင်သံကြား အသံလွှင့်ရုံ​တချို့​မှာ အသင်းတော် အစည်းအဝေးတွေကို ထုတ်လွှင့်​ပေး​တဲ့​ အစီအစဉ် ရှိ​ထား​တယ်။ * ညီအစ်ကို​တွေ​က အဲဒီ​အသံလွှင့်ရုံ​တွေ​ကို ဆက်သွယ်​ပြီး အစည်းအဝေးကြီး​ကိုလည်း ထုတ်လွှင့်​ပေးဖို့ တောင်းဆို​ကြတယ်။

 မာလာဝီ​က ညီအစ်ကို​တွေ​လည်း အခက်ကြုံ​ကြတယ်။ ပုံမှန်​အားဖြင့် အသံလွှင့်ရုံ​တွေ​က တစ်​နာရီ​စာ​ပဲ ထုတ်လွှင့်​ပေး​လေ့​ရှိတယ်။ ဒီထက်​ ပို​ကြာ​တဲ့ အစီအစဉ်ကို ပရိသတ်​တွေ စိတ်ဝင်စား​မှာ​ မဟုတ်ဘူး​ဆိုပြီး တွေးပူ​ကြတယ်။ ဒါပေမဲ့ ညီအစ်ကို​တွေ​က ကျွန်တော်​တို့​ရဲ့ လုပ်ငန်းဟာ လူထု​အကျိုးပြု​လုပ်ငန်း ဖြစ်​ကြောင်း ရှင်းပြတယ်။ လော့​ဒေါင်း​ကာလ​အတွင်းမှာ​တောင် ကျမ်းစာ​ထဲ​က နှစ်သိမ့်မှု​ ဖြစ်စေ​တဲ့ သတင်းကောင်း ဝေမျှ​နေကြတယ်။ ဒါဟာ လူတွေကို နိုင်ငံသား​ကောင်း ဖြစ်ဖို့၊ မိသားစု သာယာ​ပျော်ရွှင်​ဖို့ ကူညီ​ပေး​နေခြင်း ဖြစ်တယ်။ ဒီလို​ရှင်းပြ​လိုက်တဲ့အခါ အသံလွှင့်ရုံ​က ညီအစ်ကို​တွေ​ရဲ့ တောင်းဆိုချက်​ကို လက်ခံ​လိုက်တယ်။

 မာလာဝီ​မှာ အစည်းအဝေးကြီး အစီအစဉ်ကို ရုပ်မြင်သံကြား​ဌာန တစ်ခု၊ ရေဒီယို​ အသံလွှင့်​ဌာန တစ်ခု​ကနေ ထုတ်လွှင့်​ပေး​တဲ့​အတွက် တစ်နိုင်ငံ​လုံး​က လူ​သန်းနဲ့​ချီ ဖမ်းယူ​ပြီး ကြည့်ရှု နားဆင်​နိုင်တယ်။ မိုဇမ်ဘစ်​မှာ အစည်းအဝေးကြီး​ကို ရုပ်မြင်သံကြား​ဌာန တစ်ခု၊ ရေဒီယို​ အသံလွှင့်​ဌာန ၈၅ ခု​ကနေ ထုတ်လွှင့်​ပေး​ခဲ့တယ်။

 နှစ်​နိုင်ငံ​စ​လုံး​မှာ ရုပ်မြင်သံကြား​ကနေ ထုတ်လွှင့်​မှု​အတွက် ဒေါ်လာ ၂၈,၂၂၇၊ * ရေဒီယို​ကနေ ထုတ်လွှင့်​မှု​အတွက် ဒေါ်လာ ၂၀,၀၀၀ နီးပါး ကုန်ကျ​တယ်။ ရေဒီယို​ ထုတ်လွှင့်​မှု​အတွက် ကုန်ကျ​ငွေ​က​တော့ အသံလွှင့်ရုံ​ငယ်​အတွက် ၁၅ ဒေါ်လာ​ကနေ တစ်နိုင်ငံ​လုံး​ဆီ ထုတ်လွှင့်​ပေး​တဲ့ အသံလွှင့်ရုံ​ကြီး​အတွက် ၂,၇၇၇ ဒေါ်လာ​အထိ ကုန်ကျ​တယ်။

 အလှူငွေတွေကို အကျိုးရှိရှိ သုံးနိုင်​ဖို့ ညီအစ်ကို​တွေ အလွန်​ ကြိုးစား​ကြတယ်။ မာလာဝီ​မှာ စျေး​သက်သက်သာသာ​နဲ့ ရဖို့ ညှိ​နိုင်​ခဲ့လို့ ဌာန​တစ်ခု​မှာ ၃၀ ရာခိုင်နှုန်း လျှော့​စျေး​နဲ့ ရတယ်။ ဒါ​ကြောင့် စုစုပေါင်း ၁,၇၁၁ ဒေါ်လာ သက်သာ​သွားတယ်။ မိုဇမ်ဘစ်​မှာ အသံလွှင့်ရုံ​တချို့က ညီအစ်ကို​တွေ ရိုးသား​တယ်၊ အချိန်​အတိအကျ ငွေ​ချေ​တယ်​ဆို​တဲ့ နာမည်​ကောင်း ကြား​ထား​လို့ စျေး​လျှော့​ပေး​ကြတယ်။

ကျေးဇူး​တင်​ကြောင်း ဖော်ပြခြင်း

 ဒေသ​တွင်း အသံလွှင့်ရုံ​တွေ​ကနေ ထုတ်လွှင့်​ပေး​တဲ့ အစည်းအဝေးကြီး အစီအစဉ်ကို ကြည့်ရှု​ခွင့်၊ နားထောင်​ခွင့်​ရလို့ ညီအစ်ကို​တွေ အလွန် ကျေးဇူး​တင်​ကြတယ်။ မာလာဝီ​က အကြီးအကဲ ပက်ထရစ်​က “ကပ်ရောဂါ​ကာလ​အတွင်း ဒီလို စီစဉ်​ပေး​တဲ့​အတွက် အုပ်ချုပ်ရေး အဖွဲ့ဝင် ညီအစ်ကို​တွေ​ကို သိပ်​ကျေးဇူး​တင်​တယ်” လို့ ပြော​တယ်။ မာလာဝီ​က အိုင်းဇက်​က​လည်း “ကျွန်တော်​တို့​မှာ ဖုန်း​တို့၊ တက်ဘလက်​တို့ မရှိဘူး။ အစည်းအဝေးကြီး​ကို ရေဒီယို​ကနေ နားထောင်​နိုင်အောင် ယေဟောဝါရဲ့ အဖွဲ့အစည်း စီစဉ်​ပေး​လို့ သိပ်​ကျေးဇူး​တင်​တာ​ပဲ။ ဒီလို​စီစဉ်​ပေး​မှု​ကြောင့် ကျွန်တော်​တို့ တစ်​မိသားစု​လုံး အစည်းအဝေးကနေ အကျိုး​ခံစား​ရတယ်။ ဒါက ယေဟောဝါ​ဟာ မိမိရဲ့​ လူတွေကို ချစ်တယ်​ဆို​တဲ့ သက်သေပါပဲ” လို့ ပြော​တယ်။

 မိုဇမ်ဘစ်​က ကြေညာသူ​တစ်ဦး​အတွက်​တော့ ၂၀၂၀ အစည်းအဝေးကြီး​ဟာ ပထမ​ဆုံး​အကြိမ် တက်​ဖူး​တဲ့ အစည်းအဝေးကြီး​ပါ။ “အစည်းအဝေးကြီး အစီအစဉ်ကို တီဗီ​ကနေ ကြည့်​ရလို့ ယေဟောဝါ​ဟာ အနန္တ​တန်ခိုးရှင် ဖြစ်​မှန်း အမှတ်ရမိ​တယ်။ ကပ်ရောဂါ​ကြောင့် ယုံကြည်ခြင်း ခိုင်ခံ့​စေ​တဲ့ ကျမ်းစာ​အကြောင်းအရာတွေ လက်လွတ်​မသွား​ရုံ​မ​က ကိုယ့်​အိမ်ခန်း​ထဲ​အထိ ရောက်​အောင် ဘုရား ပို့ပေး​နေတာ။ ယေဟောဝါရဲ့​ လူတွေ အချင်းချင်း​အပေါ် ထား​တဲ့​ မေတ္တာကိုလည်း မြင်ရ​တယ်။ ဒါဟာ စစ်မှန်တဲ့​ ဘာသာ​ပဲ ဆိုတာ ကျွန်တော် တထစ်ချ​ ယုံကြည်တယ်” လို့ ပြော​တယ်။

 ဝေ​စန်​လို့​ ခေါ်​တဲ့ အကြီးအကဲ​က “ကပ်ရောဂါ​ကာလ​အတွင်း ကျွန်တော်​တို့ကို သစ္စာရှိ​ကျွန် ဂရုစိုက်​စောင့်ရှောက်​ပုံ​ဟာ သိပ်​ကျေးဇူး​တင်စရာ ကောင်းတယ်။ ရေဒီယို၊ တီဗီ​က​တစ်ဆင့် အစည်းအဝေးကြီး​ကို ထုတ်လွှင့်​ပေး​တာ​က ဒီလို​ဆင်းရဲ​တဲ့​ နိုင်ငံ​မှာ ငွေကြေး​ကျပ်တည်း​တဲ့ ကျွန်တော်​တို့အတွက် အများကြီး အကူအညီ ဖြစ်​စေတယ်၊ အကျိုး​ခံစား​ရစေတယ်” လို့ ပြော​တယ်။

 ၂၀၂၁ ခရိုင်​အစည်းအဝေး​အတွက်​လည်း ရွေးချယ်​ထား​တဲ့ ဒေသ​တွေ​မှာ တီဗီ၊ ရေဒီယို​က​တစ်ဆင့် အစည်းအဝေး အစီအစဉ်ကို ထုတ်လွှင့်​ပေးဖို့ ညှိနှိုင်းရေးမှူး ကော်မတီ၊ သွန်သင်ခြင်း ကော်မတီ​က စီစဉ်​ထား​တယ်။ ဒီလို အစည်းအဝေးကြီး အစီအစဉ်ကို ထုတ်လွှင့်​ပေး​နိုင်​ဖို့ ကုန်ကျ​စရိတ် ဘယ်လို ကာမိ​ကြသလဲ။ donate.jw.org ကနေ နည်း​အမျိုးမျိုးနဲ့ ပေးလှူ​တဲ့ ကမ္ဘာချီ လှူဒါန်း​မှု​တွေ​အားဖြင့် ဖြစ်တယ်။ အခုလို ရက်ရက်ရောရော ပေးလှူ​ကြ​လို့ ကျေးဇူး​တင်​ပါ​တယ်။

^ ၂၀၂၀ နှစ်ဆန်း​ပိုင်း​မှာ ညှိနှိုင်းရေးမှူး ​ကော်မတီ​က ရွေးချယ်​ထား​တဲ့ ဒေသ​တွေ​မှာ ကိုဗစ်-၁၉ ကပ်ရောဂါ​အတွင်း ရေဒီယို၊ တီဗီ​က​တစ်ဆင့် အစည်းအဝေးကြီး​ကို ထုတ်လွှင့်​ဖို့ ခွင့်ပြု​တယ်။ အင်တာနက် မရှိတဲ့၊ အင်တာနက်​ဖိုး မတတ်နိုင်​တဲ့ ဒေသမှာ နေထိုင်​ရလို့ ဒေသခံ အသင်းတော် အစည်းအဝေးတွေမှာ ပါဝင်​ဖို့၊ JW တိုက်ရိုက်​ထုတ်လွှင့်​မှု​ကို ကြည့်ရှု​ဖို့ ခက်​နေ​သူတွေ​အတွက် ဒီ​အစီအစဉ်​က အလွန် အကူအညီ ဖြစ်​စေတယ်။ ဒါပေမဲ့ ဒီ​အစီအစဉ်​က ဒေသခံ​ အသင်းတော် အစည်းအဝေး​ကို ချိတ်ဆက်​တက်ရောက်​နိုင်​သူတွေ​အတွက် မရည်ရွယ်​ပါ​ဘူး။

^ ဒီ​ဆောင်းပါး​မှာ ပါတဲ့ ဒေါ်လာ​ပမာဏ​တွေ​က ယူအက်စ်​ဒေါ်လာ​ကို ရည်ညွှန်းတယ်။