မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရာသီဥတု ဆိုးရွားမှုဒဏ်ခံရခြင်း—ရင်ဆိုင်ဖြေရှင်းဖို့ ကျမ်းစာ ကူညီပေးနိုင်သလား

ရာသီဥတု ဆိုးရွားမှုဒဏ်ခံရခြင်း—ရင်ဆိုင်ဖြေရှင်းဖို့ ကျမ်းစာ ကူညီပေးနိုင်သလား

 ရာသီဥတု ဆိုးရွားမှုဒဏ်ကို ခံနေရတဲ့ လူသန်းပေါင်းများစွာထဲမှာ သင်လည်း ပါဝင်သလား။ ရာသီဥတု ဆိုးရွားမှု၊ ရာသီဥတုကြောင့် ထိခိုက်ပျက်စီးမှုတွေ ပုံစံအမျိုးမျိုး ရှိနေတယ်။ ဟာရီကိန်း၊ တိုင်ဖွန်း၊ ဆိုင်ကလုန်း၊ လေဆင်နှာမောင်းတို့ကြောင့် လှိုင်းလုံးကြီးတွေ၊ ရေကြီးရေလျှံမှု၊ လေပြင်းတွေ ဖြစ်ပေါ်လာတယ်။ သည်းထန်တဲ့ မိုးကြောင့် မြေပြိုနိုင်တယ်။ မုန်တိုင်းကြောင့် မိုးကြိုးတွေ ပစ်ပြီး တောမီးလောင်စေနိုင်တယ်။ မိုးခေါင်တာ၊ အပူလှိုင်းဖြတ်တာ၊ ဆောင်းရာသီ မုန်တိုင်းတွေကလည်း ထိခိုက်ပျက်စီးမှုတွေ များစေတယ်။

 ကမ္ဘာ့ဒေသများစွာမှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေ ပိုများလာသလို ပိုပြင်းထန်လာတယ်။ ကြက်ခြေနီနဲ့ လခြမ်းနီအသင်း အပြည်ပြည်ဆိုင်ရာ ဖယ်ဒရေးရှင်းရဲ့ အစီရင်ခံချက်အရ “သဘာဝဘေးတွေကြောင့် ထိခိုက်သူ အရေအတွက် တိုးများနေဆဲပဲ။ နှစ်စဉ် ရေကြီးရေလျှံတာ၊ မုန်တိုင်း၊ မိုးခေါင်တာတွေ မကြာခဏ ဖြစ်နေတဲ့အတွက် လူတွေ လုံးပါးပါးနေကြပြီ၊ အသက်ရှင် ရပ်တည်ရေး ခက်နေပြီ၊ လူသန်းနဲ့ချီ နေအိမ် ဆုံးရှုံးကုန်ပြီ။”

 ဒီဖြစ်ရပ်တွေကြောင့် လူတွေ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေကြတယ်။ အသက် အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးကုန်လို့ စိတ်ဒဏ်ရာ ရနေကြတယ်။

 သင်လည်း ရာသီဥတု ဆိုးရွားမှုဒဏ် ခံနေရတယ်ဆိုရင် ရင်ဆိုင်ဖြေရှင်းဖို့ ကျမ်းစာ ကူညီပေးနိုင်ပါတယ်။ ကျမ်းစာထဲမှာ နှစ်သိမ့်မှု၊ မျှော်လင့်ချက်၊ လက်တွေ့ကျတဲ့ အကြံပြုချက်တွေ ပါတယ်။ ဒီအကြံပြုချက်တွေက ရာသီဥတုနဲ့ဆိုင်တဲ့ ဘေးဆိုးတွေ ခံခဲ့ရသူများစွာကို အကူအညီ ဖြစ်စေခဲ့ပြီ။ (ရောမ ၁၅:၄) ‘ဒီလိုဖြစ်အောင် ဘုရား ဘာကြောင့် ခွင့်ပြုရသလဲ။ ငါ့ကို ပြစ်ဒဏ်ပေးနေတာလား’ ဆိုတဲ့ အရေးကြီးမေးခွန်းရဲ့ အဖြေလည်း ကျမ်းစာမှာ ပါတယ်။

ဒီနေ့ခေတ် ရာသီဥတု ဆိုးရွားမှုဟာ ဘုရားသခင် ဒဏ်ခတ်နေခြင်း မဟုတ်

 လူတွေ ကြုံနေရတဲ့ ဆင်းရဲဒုက္ခတွေအတွက် ဘုရားသခင်မှာ တာဝန်မရှိဘူးလို့ ကျမ်းစာက သွန်သင်တယ်။ “မကောင်းတဲ့အရာတွေနဲ့ ဘုရားသခင်ကို ဘယ်သူမှ စမ်းသပ်လို့ မရသလို ဘုရားသခင်ကလည်း ဘယ်သူ့ကိုမှ မကောင်းတဲ့အရာနဲ့ မစမ်းသပ်ဘူး” လို့ အာမခံထားတယ်။ (ယာကုပ် ၁:၁၃) လက်ရှိ ဖြစ်ပေါ်နေတဲ့ ရာသီဥတု ဆိုးရွားမှုတွေဟာ ဘုရားသခင်ကြောင့် မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။

 ကျမ်းစာမှာ ဘုရားသခင်က သဘာဝစွမ်းအားတွေ သုံးပြီး လူဆိုးတွေကို ပြစ်ဒဏ်ပေးတဲ့ မှတ်တမ်းတွေ ပါတယ်။ ဒါပေမဲ့ အဲဒါတွေဟာ ကြိုသတိပေးခြင်း မရှိတဲ့၊ လူဆိုးလူကောင်း သိမ်းရုံးထိခိုက်စေတဲ့ ဒီနေ့ခေတ် အဖျက်စွမ်းအားကြီး သဘာဝဘေးတွေနဲ့ မတူဘူး။ ကျမ်းစာမှတ်တမ်းအရ ဘုရားသခင်က အပြစ်မဲ့သူတွေကို အမြဲ ကာကွယ်တယ်၊ ကြိုသတိပေးတယ်၊ ပြစ်ဒဏ်ပေးရတဲ့ အကြောင်းရင်းကို ရှင်းပြတယ်။ ဥပမာ၊ နောဧလက်ထက်က ရေလွှမ်းမိုးဘေး ဘာကြောင့် ကျရောက်စေမယ်ဆိုတာ ဘုရား ကြိုပြောပြတယ်၊ မတိုင်ခင် ကြိုသတိပေးတယ်၊ နောဧနဲ့ မိသားစုကိုလည်း ကာကွယ်ပေးခဲ့တယ်။—ကမ္ဘာဦး ၆:၁၃။ ၂ ပေတရု ၂:၅

 ဒီနေ့ခေတ် သဘောဝဘေးတွေဟာ ဘုရားသခင် ပြစ်ဒဏ်ပေးတာ မဟုတ်ကြောင်း သိဖို့ “သဘာဝဘေးအန္တရာယ်အကြောင်း ကျမ်းစာ ဘာပြောသလဲ” ဆောင်းပါးကို ကြည့်ပါ။

ရာသီဥတု ဆိုးရွားမှုဒဏ် ခံနေရသူတွေကို ဘုရားသခင် ဂရုစိုက်

 ယေဟောဝါဘုရားက a ဂရုစိုက်တတ်တဲ့၊ စာနာတတ်တဲ့ ဘုရား ဖြစ်တယ်လို့ ကျမ်းစာက ဆိုတယ်။ နှစ်သိမ့်မှု ဖြစ်စေတဲ့ အောက်ပါကျမ်းပိုဒ်တွေကို သုံးသပ်ကြည့်ပါ။

  •   ဟေရှာယ ၆၃:၉ “သူတို့ ဒုက္ခရောက်ချိန်တစ်လျှောက်လုံးမှာ ဘုရားလည်း နာကျင်ခံစားခဲ့ရတယ်။”

     အဓိပ္ပာယ်။ ယေဟောဝါဟာ ဒုက္ခခံစားနေရသူတွေကို မြင်တဲ့အခါ အလွန် စိတ်ထိခိုက်တယ်။

  •   ၁ ပေတရု ၅:၇ “ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့ အရှင် ဖြစ်လို့ပဲ။”

     အဓိပ္ပာယ်။ ယေဟောဝါဟာ သင့်အတွက် စိတ်ပူတယ်၊ သင့်ကောင်းကျိုးကို လိုလားတယ်။

 ယေဟောဝါရဲ့ ဂရုစိုက်တတ်တဲ့စိတ်၊ စာနာတဲ့စိတ်က လက်တွေ့လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတယ်။ ကျမ်းစာမှာ ပါတဲ့ လက်တွေ့ကျ အကြံပြုချက်၊ အနာဂတ်မှာ ရာသီဥတုနဲ့ဆိုင်တဲ့ ဘေးဆိုးတွေ မကြုံရတော့ဘူးဆိုတဲ့ မျှော်လင့်ချက်ကတစ်ဆင့် နှစ်သိမ့်ပေးတယ်။—၂ ကောရိန္သု ၁:၃၊ ၄

အနာဂတ်မှာ ရာသီဥတု ဆိုးရွားမှု ရှိတော့မှာ မဟုတ်

 ကျွန်တော်တို့ “မျှော်လင့်တဲ့ အနာဂတ်မျိုး” ပေးမယ်လို့ ယေဟောဝါ ကတိပေးတယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြတယ်။ (ယေရမိ ၂၉:၁၁) သာယာလှပတဲ့ ကမ္ဘာမြေမှာ ရာသီဥတုကို စိုးရိမ်စရာ မလိုဘဲ နေထိုင်ဖို့ ဘုရား ရည်ရွယ်ထားတယ်။—ကမ္ဘာဦး ၁:၂၈။ ၂:၁၅။ ဟေရှာယ ၃၂:၁၈

 ဘုရားသခင်က ယေရှု ဦးဆောင်မယ့် နိုင်ငံတော်အားဖြင့် လှပတဲ့ အနာဂတ် ဆောင်ကြဉ်းပေးတော့မယ်။ (မဿဲ ၆:၁၀) ယေရှုမှာ ရာသီဥတု ဆိုးရွားမှုကို တားဆီးပေးနိုင်တဲ့ ဉာဏ်ပညာနဲ့ အစွမ်းတန်ခိုး ရှိတယ်။ ယေရှုက ကမ္ဘာပေါ် ရှိချိန် ရာသီဥတုကို ထိန်းချုပ်နိုင်စွမ်း ရှိကြောင်း ပြခဲ့တယ်။ (မာကု ၄:၃၇-၄၁) နားလည်ပေးနိုင်စွမ်း၊ ဉာဏ်ပညာကို သုံးပြီး အုပ်ချုပ်မယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တတ်အောင်၊ သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေထိုင်တတ်အောင် သင်ပေးမယ်။ (ဟေရှာယ ၁၁:၂) ယေရှုဦးဆောင်မှုအောက်မှာ လူတွေဟာ ရာသီဥတု ဆိုးရွားမှုဒဏ်ကို ခံရတော့မှာ မဟုတ်ဘူး။

 ‘ရာသီဥတု ထိန်းချုပ်နိုင်စွမ်းကို ယေရှု ဘယ်တော့ သုံးမလဲ’ လို့ တွေးမိနိုင်တယ်။ အဖြေ ရဖို့ “ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကို ဘယ်အချိန်မှာ အုပ်ချုပ်မလဲ” ဆောင်းပါးကို ကြည့်ပါ။

ရာသီဥတု ဆိုးရွားမှုဒဏ်ကို ရင်ဆိုင်ဖြေရှင်းခြင်း

 ကျမ်းစာအကြံပြုချက်က ရာသီဥတု ဆိုးရွားမှု မတိုင်မီ၊ အတောအတွင်း၊ ပြီးနောက်မှာ ကူညီနိုင်ပါတယ်။

  •   မတိုင်မီ။ ချက်ချင်း လုပ်ဆောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ပါ။

     ကျမ်းစာအဆို။ “အမြော်အမြင်ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။ အတွေ့အကြုံ မရှိသူကတော့ သွားမြဲ သွားနေလို့ ဆိုးကျိုးတွေပဲ ခံရတတ်တယ်။”—ပညာအလိမ္မာ ၂၂:၃

     အဓိပ္ပာယ်။ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သတိထားရင် ချက်ချင်း လုပ်ဆောင်နိုင်ပြီး မိသားစုကို ကာကွယ်နိုင်မယ်။

     တွေ့ကြုံမှု။ “တောမီးကနေ လွတ်လာတဲ့နေ့တုန်းက ကျွန်တော်တို့ ကြိုပြင်ဆင်ခဲ့ကြတာ။ အရေးပေါ်အိတ် ရှိပြီးသား။ ဆေးတွေ၊ အဝတ်တွေ အသင့်ရှိတယ်။ လူတွေ ထိတ်ထိတ်ပျာပျာနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြတယ်။ ကျွန်တော်တို့မှာတော့ အားလုံး ရှိထားတယ်။ ဒီအတွက် ကျေးဇူးတင်လိုက်တာ။”—တာမရာ၊ ကယ်လီဖိုးနီးယား၊ ယူအက်စ်အေ။

  •   အတောအတွင်း။ အရေးကြီးဆုံးအရာတွေကို အာရုံစိုက်ပါ။

     ကျမ်းစာအဆို။ “လူတစ်ယောက်ဟာ စည်းစိမ်ကြွယ်ဝနေရင်တောင် သူ့စည်းစိမ်က အသက်မပေးနိုင်ဘူး။”—လုကာ ၁၂:၁၅

     အဓိပ္ပာယ်။ အသက်ဟာ ရုပ်ပစ္စည်းပိုင်ဆိုင်ရာတွေထက် အရေးကြီးပါတယ်။

     တွေ့ကြုံမှု။ “တိုင်ဖွန်း လာဝင် b တိုက်ခတ်ပြီး ကျွန်မရဲ့ အိမ် ပျက်စီးသွားတဲ့အခါ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်သွားတယ်။ ဒါပေမဲ့ ယေဟောဝါဆီ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိတယ်။ အဲဒီအခါ ပစ္စည်းဥစ္စာတွေပဲ ဆုံးရှုံးတာ၊ အသက်တော့ ချမ်းသာရနေပါလားဆိုတာကို သဘောပေါက်သွားတယ်။”—လက်စလီ၊ ဖိလစ်ပိုင်။

  •   ပြီးနောက်။ တစ်နေ့တာ အခက်အခဲကိုပဲ အာရုံစိုက်ပါ။

     ကျမ်းစာအဆို။ “နေ့ရက်တိုင်းဟာ သူ့စိုးရိမ်စရာနဲ့သူ ရှိနေမှာဆိုတော့ မနက်ဖြန်အတွက် ဘယ်တော့မှ မစိုးရိမ်ပါနဲ့။”—မဿဲ ၆:၃၄

     အဓိပ္ပာယ်။ အနာဂတ်ရေး ကြိုတွေးပြီး အစိုးရိမ်မလွန်ပါနဲ့။

     တွေ့ကြုံမှု။ “ဟာရီကိန်း အီမာ တိုက်ခတ်ပြီးတဲ့နောက် ကျွန်မရဲ့ အိမ် ရေမြုပ်သွားတယ်။ ဆုံးဖြတ်စရာတွေ၊ လုပ်စရာတွေ တစ်ပုံတစ်ခေါင်းကြီးဆိုတော့ ခေါင်းမီးတောက်နေခဲ့တာ။ တစ်နေ့တာ အခက်အခဲကိုပဲ စဉ်းစားပါဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို လိုက်နာတယ်။ ယေဟောဝါ ကူညီမှုနဲ့ ထင်ထားတာထက် အဆင်ပြေပြေ ဖြေရှင်းနိုင်ခဲ့တယ်။”—စယ်လီ၊ ဖလော်ရီဒါ၊ ယူအက်စ်အေ။

 လက်တွေ့ကျ အကြံပြုချက်တွေအတွက် “သဘာဝဘေး ကျရောက်တဲ့အခါ—အသက်ချမ်းသာရာ ရနိုင်တဲ့နည်းများ” ဆောင်းပါးမှာ ကြည့်ပါ။

a ယေဟောဝါဆိုတာ ဘုရားနာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈

b တိုင်ဖုန်း ဟိုင်မာလို့လည်း လူသိများတယ်။