အခန်း ၉
ယေဟောဝါဘုရားကို မိသားစုလိုက် ဝတ်ပြုပါ
“ကောင်းကင်၊ မြေကြီး၊ ပင်လယ်နဲ့ စမ်းရေတွေကို ဖန်ဆင်းတဲ့အရှင်ကို ကိုးကွယ်ကြပါ။”—ဗျာဒိတ် ၁၄:၇
ဒီစာစောင်ကို လေ့လာပြီးတဲ့အခါ ကျမ်းစာလမ်းညွှန်ချက်တွေက သင်နဲ့ သင့်မိသားစု ပျော်ရွှင်ဖို့အတွက် အကူအညီ ဖြစ်စေတယ်ဆိုတာ တွေ့ပါလိမ့်မယ်။ ယေဟောဝါဘုရားက သင့်ကို ပျော်ရွှင်စေချင်တယ်။ သင့်ဘဝမှာ ယေဟောဝါဘုရားကို ဦးစားထားမယ်ဆိုရင် သင် လိုအပ်ရာတွေကို ကိုယ်တော် ဖြည့်ဆည်းပေးမယ်လို့ ကတိပြုထားပါတယ်။ (မဿဲ ၆:၃၃) ကိုယ်တော်က သင်နဲ့ မိတ်ဆွေဖြစ်ချင်တဲ့အတွက် သင့်ဘက်ကလည်း မိတ်ဆွေဖြစ်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ပါ။ ဘုရားနဲ့မိတ်ဆွေဖွဲ့ခွင့်ရတာက အကြီးမြတ်ဆုံး အခွင့်ထူးတစ်ခုပါပဲ။—မဿဲ ၂၂:၃၇၊ ၃၈။
၁ ယေဟောဝါဘုရားနဲ့ သင့်ရဲ့ဆက်ဆံရေးကို ခိုင်မြဲစေပါ
ကျမ်းစာပြောဆိုရာ– “‘ငါက မင်းတို့ရဲ့ဖခင် ဖြစ်လာမယ်။ မင်းတို့လည်း ငါ့ရဲ့သားသမီးတွေ ဖြစ်လာလိမ့်မယ်’ ဆိုပြီး အနန္တတန်ခိုးရှင် ယေဟောဝါ ပြောတယ်။” (၂ ကောရိန္သု ၆:၁၈) ဘုရားက သင်နဲ့ ရင်းနှီးချင်ပါတယ်။ ဘုရားနဲ့ရင်းနှီးနိုင်တဲ့ နည်းတစ်နည်းက ဆုတောင်းခြင်းပဲ။ ဒါကြောင့် “အမြဲမပြတ် ဆုတောင်း” ဖို့ သင့်ကို ယေဟောဝါဘုရား တိုက်တွန်းထားပါတယ်။ (၁ သက်သာလောနိတ် ၅:၁၇) သင့်ရဲ့ ရင်တွင်းခံစားချက်တွေနဲ့ စိုးရိမ်စရာတွေကိုလည်း ကိုယ်တော် နားထောင်ပေးချင်တယ်။ (ဖိလိပ္ပိ ၄:၆) သင်ဟာ မိသားစုနဲ့အတူ ဆုတောင်းတဲ့အခါ ယေဟောဝါဘုရားက သင့်အတွက် တကယ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာ မိသားစုဝင်တွေ သိလာပါလိမ့်မယ်။
ဘုရားကို ရင်ဖွင့်ပြောဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ ဘုရားပြောတာကိုလည်း နားထောင်ဖို့ လိုတယ်။ ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေကို လေ့လာတာက ဘုရားပြောတာကို နားထောင်တာနဲ့တူတယ်။ (ဆာလံ ၁:၁၊ ၂) လေ့လာသိရှိခဲ့တာတွေကို တွေးတောဆင်ခြင်ပါ။ (ဆာလံ ၇၇:၁၁၊ ၁၂) ဘုရားစကားနားထောင်ဖို့ ဝတ်ပြုအစည်းအဝေးတွေကိုလည်း မှန်မှန်တက်ဖို့ လိုပါတယ်။—ဆာလံ ၁၂၂:၁-၄။
ယေဟောဝါဘုရားနဲ့ ရင်းနှီးနိုင်မယ့် နောက်တစ်နည်းက တခြားသူတွေကို ကိုယ်တော့်အကြောင်း ပြောပြခြင်းဖြစ်တယ်။ ယေဟောဝါဘုရားအကြောင်း တခြားသူတွေကို များများပြောပြလေ ကိုယ်တော်နဲ့ ပိုပြီးရင်းနှီးလာလေပဲ။—မဿဲ ၂၈:၁၉၊ ၂၀။
သင်လုပ်ဆောင်နိုင်ရာ–
-
နေ့တိုင်း အချိန်ယူပြီး ကျမ်းစာဖတ်ပါ၊ ဆုတောင်းပါ
-
ဖျော်ဖြေရေးနဲ့ အပန်းဖြေမှုတွေထက် ဝတ်ပြုရေးနဲ့ဆိုင်တာတွေကို မိသားစုလိုက် ဦးစားပေးလုပ်ဆောင်ပါ
၂ မိသားစုဝတ်ပြုမှုကို ပျော်မွေ့ပါ
ကျမ်းစာပြောဆိုရာ– “ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။” (ယာကုပ် ၄:၈) မိသားစု ဝတ်ပြုမှု* ကို ပုံမှန်ပြုလုပ်နိုင်ဖို့ အစီအစဉ်ဆွဲပြီး အဲဒီအတိုင်း လုပ်ဆောင်ပါ။ (ကမ္ဘာဦး ၁၈:၁၉) ဒါ့အပြင် သင့်ဘဝမှာ ဘုရားသခင်ကို နေ့စဉ်သတိရပြီး အသက်ရှင်နေထိုင်ဖို့လည်း လိုအပ်ပါတယ်။ ဘုရားနဲ့ သင့်မိသားစု ရင်းနှီးမှုရှိနိုင်ဖို့ “အိမ်မှာ ထိုင်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊ အိပ်တဲ့အခါ၊ ထတဲ့အခါ” ကိုယ်တော့်အကြောင်း သူတို့ကို ပြောပြပါ။ (တရားဟောရာ ၆:၆၊ ၇) “ကျုပ်နဲ့ ကျုပ်ရဲ့မိသားစုကတော့ ယေဟောဝါဘုရားကိုပဲ ဝတ်ပြုမယ်” လို့ ယောရှု ပြောခဲ့သလို သင်လည်း ပြောနိုင်ဖို့ ပန်းတိုင်ထားပါ။—ယောရှု ၂၄:၁၅။
သင်လုပ်ဆောင်နိုင်ရာ–
-
မိသားစုဝတ်ပြုမှုကို စနစ်တကျနဲ့ ပုံမှန်လုပ်ဆောင်ပါ၊ ဝတ်ပြုမှုမှာ မိသားစုတစ်ဦးစီရဲ့ လိုအပ်ရာတွေကို ထည့်စဉ်းစားပြီး ဆွေးနွေးပါ