အခန်း ၄

ငွေကြေးစီမံခန့်ခွဲနည်း

ငွေကြေးစီမံခန့်ခွဲနည်း

“တိုင်ပင်ဆွေးနွေးရင် အစီအစဉ်တွေ အောင်မြင်လိမ့်မယ်။” —ပညာအလိမ္မာ ၂၀:၁၈

ငွေရှိမယ်ဆိုရင် မိသားစုလိုအပ်ရာတွေကို ထောက်ပံ့ပေးနိုင်မှာဖြစ်တယ်။ (ပညာအလိမ္မာ ၃၀:၈) တကယ်တော့ “ငွေက ကာကွယ်ပေး” တယ်။ (ဒေသနာ ၇:၁၂) ဇနီးမောင်နှံတွေဟာ ငွေကြေးကိစ္စ ပြောဆိုဆွေးနွေးဖို့ ခက်နိုင်တယ်။ ဒါပေမဲ့ အိမ်ထောင်မှာ ငွေကြေးကြောင့် ပြဿနာအဖြစ်မခံပါနဲ့။ (ဧဖက် ၄:၃၂) ငွေကို ဘယ်လိုသုံးမလဲဆိုတာ ဆုံးဖြတ်ချက်ချတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ယုံကြည်စိတ်ချပြီး ပူးပေါင်းလုပ်ဆောင်သင့်တယ်။

၁ အသေအချာ စီစဉ်ပါ

ကျမ်းစာပြောဆိုရာ– “ခင်ဗျားတို့ထဲက တစ်ယောက်ဟာ မျှော်စင်ဆောက်မယ်ဆိုရင် ပြီးအောင်ဆောက်ဖို့ ငွေလောက်၊ မလောက် အရင်ဆုံးထိုင်ပြီး ကုန်ကျစရိတ်ကို တွက်ချက်မယ်မဟုတ်လား။” (လုကာ ၁၄:၂၈) ငွေကို ဘယ်လိုသုံးမလဲဆိုတာ အတူဆွေးနွေးတိုင်ပင်ဖို့ အရေးကြီးတယ်။ (အာမုတ် ၃:၃) ဘာတွေဝယ်ဖို့ လိုတယ်၊ အဲဒီအတွက် ငွေဘယ်လောက်သုံးမလဲဆိုတာ ဆုံးဖြတ်ပါ။ (ပညာအလိမ္မာ ၃၁:၁၆) တစ်ခုခုဝယ်ဖို့ သင့်မှာ ပိုက်ဆံရှိတိုင်း ဝယ်ဖို့မလိုပါဘူး။ အကြွေးမတင်ပါစေနဲ့။ ကိုယ့်မှာရှိတဲ့ငွေကိုပဲ သုံးပါ။—ပညာအလိမ္မာ ၂၁:၅။ ၂၂:၇

သင်လုပ်ဆောင်နိုင်ရာ

  • လကုန်တဲ့အခါ ငွေပိုနေသေးတယ်ဆိုရင် အဲဒီငွေနဲ့ ဘာလုပ်မလဲဆိုတာ နှစ်ယောက်အတူ ဆုံးဖြတ်ပါ

  • ဝင်ငွေထက် ထွက်ငွေက ပိုများနေတယ်ဆိုရင် အသုံးစရိတ်ကို ဘယ်လိုလျှော့ချရမလဲဆိုတာ သေချာစီစဉ်ပါ။ ဥပမာ၊ အပြင်မှာဝယ်စားမယ့်အစား အိမ်မှာ ချက်စားပါ

၂ ရိုးသားပါ၊ အရှိအတိုင်းနေပါ

ကျမ်းစာပြောဆိုရာ– “ယေဟောဝါဘုရားရဲ့ ရှေ့မှာရော လူတွေရှေ့မှာပါ အရာရာကို ရိုးရိုးသားသား လုပ်ဆောင်ကြ” ပါ။ (၂ ကောရိန္သု ၈:၂၁) ငွေ ဘယ်လောက်ရတယ်၊ ဘယ်လောက်သုံးတယ်ဆိုတာ သင့်အိမ်ထောင်ဖက်ကို ရိုးရိုးသားသား ပြောပြပါ။

ငွေကြေးနဲ့ပတ်သက်ပြီး အရေးကြီး ဆုံးဖြတ်ချက်တွေ မချခင် သင့်အိမ်ထောင်ဖက်နဲ့ အမြဲတိုင်ပင်ပါ။ (ပညာအလိမ္မာ ၁၃:၁၀) ငွေကြေးကိစ္စ ပြောဆိုတိုင်ပင်မယ်ဆိုရင် သင်တို့နှစ်ယောက် ပြဿနာတက်တော့မှာ မဟုတ်ဘူး။ သင့်ရဲ့ ဝင်ငွေကို ကိုယ်ပိုင်တဲ့ငွေလို့ သဘောမထားဘဲ မိသားစုပိုင်တဲ့ငွေလို့ ရှုမြင်ပါ။—၁ တိမောသေ ၅:၈

သင်လုပ်ဆောင်နိုင်ရာ

  • တိုင်ပင်စရာမလိုဘဲ သုံးနိုင်မယ့် ငွေပမာဏကို နှစ်ဦးသဘောတူ သတ်မှတ်ထားပါ

  • ပြဿနာမဖြစ်ခင်ကတည်းက ငွေကြေးကိစ္စကို ဆွေးနွေးထားပါ