အခန်း ၆

သေလွန်သူတွေအတွက် ဘာမျှော်လင့်ချက် ရှိသလဲ

သေလွန်သူတွေအတွက် ဘာမျှော်လင့်ချက် ရှိသလဲ

၁။ သေလွန်သူတွေအတွက် ဘာသတင်းကောင်း ရှိသလဲ။

 ဂျေရုဆလင်မြို့အနီး ဗေသနိရွာကို ယေရှု ရောက်တော့ မိတ်ဆွေ လာဇရု ဆုံးသွားတာ လေးရက်ရှိနေပြီ။ ဒါနဲ့ ယေရှုဟာ သေလွန်သူရဲ့ အစ်မ နှစ်ယောက် မာသ၊ မာရိတို့နဲ့အတူ သင်္ချိုင်းကို သွားခဲ့တယ်။ မကြာပါဘူး၊ လူအုပ်တစ်အုပ်လည်း ရောက်လာတယ်။ လာဇရု အသက်ပြန်ရှင်လာအောင် ယေရှု လုပ်ပေးတဲ့အခါ မာသနဲ့ မာရိတို့ ဝမ်းသာအားရဖြစ်သွားတာကို မြင်ယောင်ကြည့်နိုင်ပါတယ်။​—ယောဟန် ၁၁:၂၁-၂၄၊ ၃၈-၄၄ ကိုဖတ်ပါ။

 သေလွန်သူတွေနဲ့ပတ်သက်တဲ့ သတင်းကောင်းကို မာသ သိရှိပြီးသားပါ။ ယေဟောဝါဘုရားက သေလွန်သူတွေကို မြေကြီးပေါ်မှာ အသက်ပြန်ရှင်ခွင့် ပေးမယ်ဆိုတာ မာသ သိထားတယ်။​—ယောဘ ၁၄:၁၄၊ ၁၅ ကိုဖတ်ပါ။

၂။ သေလွန်သူတွေရဲ့ အခြေအနေက ဘယ်လိုရှိသလဲ။

ဘုရားသခင်က အာဒံကို ဒီလိုပြောခဲ့တယ်– “မင်းဟာ မြေမှုန့်ဖြစ်တဲ့အတွက် မြေမှုန့်ကိုပဲ ပြန်ရမယ်။”​—ကမ္ဘာဦး ၃:၁၉

 လူသားတွေဟာ မြေမှုန့်နဲ့ ဖန်ဆင်းခံရတာ ဖြစ်ပါတယ်။ (ကမ္ဘာဦး ၂:၇။ ၃:၁၉) ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာထဲမှာ မမြင်နိုင်တဲ့ ဝိညာဉ်ဆိုတာ မရှိပါဘူး။ သေပြီးတဲ့နောက် ဘာအစိတ်အပိုင်းမှ အသက်ရှင်ကျန်ရစ်တာမျိုးလည်း မရှိဘူး။ လူသေသွားတဲ့အခါ ဦးနှောက်ရဲ့လုပ်ဆောင်မှုပါ ရပ်ဆိုင်းသွားတာမို့ ဘာကြံစည်တွေးတောနိုင်စွမ်းမှ မရှိတော့ပါဘူး။ ဒါကြောင့်လည်း လာဇရုဟာ သေဆုံးတုန်းက ဘာမှမတွေ့ကြုံခဲ့ရတဲ့အတွက် ဘာမှပြောပြစရာ မရှိခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သေလွန်သူတွေဟာ ဘာကိုမှ မသိတော့လို့ပါပဲ။​—ဆာလံ ၁၄၆:၄။ ဒေသနာ ၉:၅၊ ၆၊ ၁၀ တို့ကိုဖတ်ပါ။

 လူတွေဟာ သေပြီးတဲ့နောက် မီးငရဲမှာ နှိပ်စက်ညှဉ်းပန်းခံရပါသလား။ သေလွန်သူတွေ ဘာမှ မသိတော့ဘူးလို့ ကျမ်းစာမှာ ဖော်ပြထားတဲ့အတွက် မီးငရဲမှာ ညှဉ်းဆဲခံရတယ်ဆိုတာက ဘုရားသခင်ကို ရှုတ်ချတဲ့ သွန်သင်ချက်ဖြစ်တယ်။ လူတွေကို မီးနဲ့ နှိပ်စက်ညှဉ်းပန်းတယ်ဆိုတဲ့ အယူအဆကို ဘုရားသခင် လုံးဝမနှစ်သက်ပါဘူး။​—ယေရမိ ၇:၃၁ ကိုဖတ်ပါ။

 သေလွန်သူတွေရဲ့ အခြေအနေက ဘယ်လိုရှိသလဲ ဗီဒီယိုကိုကြည့်ပါ။

၃။ သေလွန်သူတွေ စကားပြောနိုင်သလား။

 သေလွန်သူတွေဟာ စကားလည်း မပြောနိုင်သလို ကြားလည်း မကြားနိုင်ပါဘူး။ (ဆာလံ ၁၁၅:၁၇) ဒါပေမဲ့ တချို့ကောင်းကင်တမန်ဆိုးတွေက သေလွန်သူအယောင်ဆောင်ပြီး လူတွေနဲ့ စကားပြောဆိုနိုင်ပါတယ်။ (၂ ပေတရု ၂:၄) သေလွန်သူတွေနဲ့ စကားမပြောဖို့ ယေဟောဝါဘုရား တားမြစ်ထားပါတယ်။​—တရားဟောရာ ၁၈:၁၀၊ ၁၁ ကိုဖတ်ပါ။

၄။ ဘယ်သူတွေ အသက်ပြန်ရှင်လာကြမလဲ။

 သေလွန်သူ သန်းပေါင်းများစွာ ဒီကမ္ဘာပေါ်မှာ အသက်ပြန်ရှင်လာကြပါလိမ့်မယ်။ ဘုရားသခင်အကြောင်း မသိလိုက်ရဘဲ မကောင်းမှုတွေ လုပ်ခဲ့တဲ့ သေလွန်သူတချို့တောင် အသက်ပြန်ရှင်လာကြမှာဖြစ်တယ်။​—လုကာ ၂၃:၄၃။ တမန်တော် ၂၄:၁၅ တို့ကိုဖတ်ပါ။

 အသက်ပြန်ရှင်လာတဲ့သူတွေဟာ ဘုရားသခင်နဲ့ဆိုင်တဲ့ အမှန်တရားတွေကို သင်ယူပြီး ယေရှုရဲ့စကားကို နာခံခြင်းအားဖြင့် ယေရှုကို ယုံကြည်ကြောင်း တင်ပြခွင့်ရကြပါမယ်။ (ဗျာဒိတ် ၂၀:၁၁-၁၃) ဘုရားသခင် နှစ်သက်တဲ့အရာတွေကို ပြုလုပ်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ထာဝစဉ် အသက်ရှင်နိုင်ကြပါလိမ့်မယ်။​—ယောဟန် ၅:၂၈၊ ၂၉ ကိုဖတ်ပါ။

၅။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကနေ ယေဟောဝါဘုရားအကြောင်း ဘာသိရသလဲ။

 ဘုရားသခင်ဟာ သားတော်ကို အသေခံဖို့ စေလွှတ်ခြင်းအားဖြင့် သေလွန်သူ တွေကို အသက်ပြန်ရှင်ခွင့် မျှော်လင့်ချက်ပေးခဲ့တယ်။ ဒါကြောင့် ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကနေ ယေဟောဝါဘုရားရဲ့ မေတ္တာနဲ့ သနားကြင်နာမှုအကြောင်း သိရှိခွင့်ရတယ်။ သေလွန်သူတွေ အသက်ပြန်ရှင်လာတဲ့အခါ အထူးသဖြင့် ဘယ်သူ့ကို သင်တွေ့ချင်ပါသလဲ။​—ယောဟန် ၃:၁၆။ ရောမ ၆:၂၃ တို့ကိုဖတ်ပါ။