ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လို ပိုင်ဆိုင်နိုင်မလဲ

အိမ်ထောင်သာယာဖို့ ဘုရားကို အားကိုးပါ

မြန်မာ
အိမ်ထောင်သာယာဖို့ ဘုရားကို အားကိုးပါ
https://cms-imgp.jw-cdn.org/img/p/1102014391/univ/art/1102014391_univ_sqr_xl.jpg
hf အပိုင်း ၁

အခန်း ၁

အိမ်ထောင်သာယာဖို့ ဘုရားကို အားကိုးပါ

အိမ်ထောင်သာယာဖို့ ဘုရားကို အားကိုးပါ

‘အစအဦးမှာ ဖန်ဆင်းရှင်က ယောက်ျားနဲ့မိန်းမကို ဖန်ဆင်းခဲ့တယ်။’ —မဿဲ ၁၉:၄

ယေဟောဝါ a ဘုရားက အိမ်ထောင်မင်္ဂလာကို အစပြုပေးတဲ့အရှင် ဖြစ်ပါတယ်။ ပထမဆုံးလူမိန်းမဖြစ်တဲ့ ဧဝကို ဖန်ဆင်းပြီးနောက် “လူရှိရာဆီ” ခေါ်သွားပေးတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီအခါ လူယောက်ျားဖြစ်တဲ့ အာဒံဟာ ပျော်လွန်းလို့ “ဒါမှ ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲက အသားပဲ” လို့ ပြောခဲ့တယ်။ (ကမ္ဘာဦး ၂:၂၂၊ ၂၃) ယေဟောဝါဘုရားက အခုချိန်ထိလည်း အိမ်ထောင်သည်တွေကို ပျော်ရွှင်ကြည်နူးစေချင်တယ်။

အိမ်ထောင်ပြုတဲ့အခါ အစစအရာရာ ပြီးပြည့်စုံသွားပြီလို့ သင် ယူဆပါလိမ့်မယ်။ လက်တွေ့မှာတော့ မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ပြုခဲ့သူတွေတောင် ပြဿနာတွေ ကြုံရတယ်။ (၁ ကောရိန္သု ၇:၂၈) ဒီစာစောင်မှာ မိသားစုပျော်ရွှင်စေမယ့် ကျမ်းစာလမ်းညွှန်ချက်တွေကို တွေ့ရပါလိမ့်မယ်။ အဲဒီလမ်းညွှန်ချက်တွေကို ကျင့်သုံးမယ်ဆိုရင် သင့်ရဲ့အိမ်ထောင်မှာ၊ မိသားစုမှာ ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။—ဆာလံ ၁၉:၈-၁၁

၁ ယေဟောဝါဘုရားပေးထားတဲ့ သင့်ရဲ့တာဝန်ကို လက်ခံပါ

ကျမ်းစာပြောဆိုရာ– အိမ်ထောင်ဦးစီးဟာ ခင်ပွန်းဖြစ်တယ်။—ဧဖက် ၅:၂၃

သင်ဟာ ခင်ပွန်းဖြစ်တယ်ဆိုရင် ဇနီးကို သနားကြင်နာမှုနဲ့ ဂရုစိုက်စောင့်ရှောက်ဖို့ ယေဟောဝါဘုရား တောင်းဆိုထားတယ်။ (၁ ပေတရု ၃:၇) သင့်ရဲ့ဘဝလက်တွဲဖော်အဖြစ် ဇနီးသည်ကို ယေဟောဝါဘုရား ပေးထားတာဖြစ်တယ်။ ဒါကြောင့် ကိုယ့်ရဲ့ဇနီးကို ဂုဏ်တင်ဖို့၊ မေတ္တာနဲ့ ပြုမူဆက်ဆံဖို့ ဘုရားအလိုရှိတယ်။ (ကမ္ဘာဦး ၂:၁၈) ကိုယ့်ဇနီးကို အလွန်ချစ်မြတ်နိုးရမယ်။ ကိုယ့်အကျိုးထက် ဇနီးရဲ့အကျိုးကို ဦးစားပေးရမယ်။—ဧဖက် ၅:၂၅-၂၉

သင်ဟာ ဇနီးဖြစ်တယ်ဆိုရင် ခင်ပွန်းကို အလွန်ရိုသေဖို့၊ သူ့ရဲ့တာဝန်ကို ထမ်းဆောင်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါဘုရား တောင်းဆိုထားတယ်။ (၁ ကောရိန္သု ၁၁:၃။ ဧဖက် ၅:၃၃) ဒါကြောင့် ခင်ပွန်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရမယ်။ (ကောလောသဲ ၃:၁၈) အဲဒီလိုဆိုရင် ခင်ပွန်းရှေ့မှာရော ယေဟောဝါဘုရားရှေ့မှာပါ သင်ဟာ အဖိုးထိုက်သူ ဖြစ်ပါလိမ့်မယ်။—၁ ပေတရု ၃:၁-၆

သင်လုပ်ဆောင်နိုင်ရာ

  • ခင်ပွန်းကောင်း ဒါမှမဟုတ် ဇနီးကောင်း ဘယ်လိုဖြစ်နိုင်မလဲဆိုတာ ကိုယ့်အိမ်ထောင်ဖက်ကို မေးကြည့်ပါ။ သူပြောတာကို သေချာနားထောင်ပြီး အဲဒီအတိုင်းလုပ်ဖို့ ကြိုးစားပါ

  • စိတ်ရှည်ပါ။ ကိုယ့်အိမ်ထောင်ဖက် ပျော်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိဖို့ အချိန်လိုပါလိမ့်မယ်

၂ အိမ်ထောင်ဖက်ရဲ့ ခံစားချက်တွေကို ဂရုစိုက်ပေးပါ

ကျမ်းစာပြောဆိုရာ– ကိုယ့်အိမ်ထောင်ဖက်ရဲ့ အရေးကိစ္စကို ဂရုစိုက်ပေးဖို့လိုတယ်။ (ဖိလိပ္ပိ ၂:၃၊ ၄) ကိုယ့်အိမ်ထောင်ဖက်ကို တန်ဖိုးထားပါ။ “လူအားလုံးနဲ့ ပြောဆိုဆက်ဆံတဲ့အခါ သိမ်မွေ့တဲ့သူ” ဖြစ်ပါလို့ ယေဟောဝါဘုရားတောင်းဆိုထားတဲ့ အချက်ကို သတိရပါ။ (၂ တိမောသေ ၂:၂၄) “မစဉ်းစားဘဲပြောတဲ့ စကားဟာ ဓားနဲ့ထိုးသလိုပဲ။ ဉာဏ်ပညာရှိသူရဲ့ စကားကတော့ ဒဏ်ရာကိုတောင် ပျောက်ကင်းစေတယ်” လို့ ကျမ်းစာကဆိုတယ်။ ဒါကြောင့် သေချာစဉ်းစားပြီးမှ ပြောဆိုပါ။ (ပညာအလိမ္မာ ၁၂:၁၈) ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာ ပြောဆိုတတ်ဖို့ ယေဟောဝါဘုရားရဲ့ စွမ်းအားတော်က သင့်ကို ကူညီပေးပါလိမ့်မယ်။—ဂလာတိ ၅:၂၂၊ ၂၃။ ကောလောသဲ ၄:၆

သင်လုပ်ဆောင်နိုင်ရာ

  • အရေးကြီးကိစ္စတွေကို အိမ်ထောင်ဖက်နဲ့ မဆွေးနွေးခင် စိတ်တည်ငြိမ်ဖို့၊ သဘောထားကြီးဖို့ ဆုတောင်းပါ

  • ဘာပြောမလဲ၊ ဘယ်လိုပြောမလဲဆိုတာ သေချာစဉ်းစားထားပါ

၃ ပူးပေါင်းလုပ်ဆောင်ဖို့ စဉ်းစားပါ

ကျမ်းစာပြောဆိုရာ– သင်ဟာ အိမ်ထောင်ပြုလိုက်ပြီဆိုရင် သင့်အိမ်ထောင်ဖက်နဲ့ “တစ်သားတစ်ကိုယ်တည်း” ဖြစ်သွားပြီ။ (မဿဲ ၁၉:၅) ဒါပေမဲ့ သင်တို့နှစ်ဦးဟာ သီးခြားပုဂ္ဂိုလ်တွေ ဖြစ်နေတဲ့အတွက် အမြင်ချင်းလည်း တူကြမှာမဟုတ်ဘူး။ ဒါကြောင့် သင်တို့ရဲ့ တွေးခေါ်ပုံတွေ၊ ခံစားချက်တွေ တစ်ထပ်တည်းကျအောင် ကြိုးစားဖို့လိုတယ်။ (ဖိလိပ္ပိ ၂:၂) သင်တို့နှစ်ယောက် စည်းလုံးမှုရှိမှသာ ဆုံးဖြတ်ချက်တွေကို တညီတညွတ်တည်း ချနိုင်မှာဖြစ်တယ်။ “တိုင်ပင်ဆွေးနွေးရင် အစီအစဉ်တွေ အောင်မြင်လိမ့်မယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ပညာအလိမ္မာ ၂၀:၁၈) ကျမ်းစာလမ်းညွှန်ချက်တွေကို လက်ခံပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို နှစ်ယောက်အတူတူ ချနိုင်ကြပါစေ။—ပညာအလိမ္မာ ၈:၃၂၊ ၃၃

သင်လုပ်ဆောင်နိုင်ရာ

  • ကိုယ့်အိမ်ထောင်ဖက်ကို ပြဿနာတွေ၊ ယူဆချက်တွေလောက်ပဲ မပြောပါနဲ့။ ကိုယ့်ခံစားချက်တွေကိုလည်း ပြောပြပါ

  • ဆုံးဖြတ်ချက်တွေမချခင် ကိုယ့်အိမ်ထောင်ဖက်နဲ့ တိုင်ပင်ပါ

a ဘုရားသခင်ရဲ့ နာမည်ဟာ ယေဟောဝါဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။