သင်ခန်းစာ ၁၁

ယေရှုအကြောင်း သူတို့ရေးခဲ့

ယေရှုအကြောင်း သူတို့ရေးခဲ့

ပုံထဲမှာပါတဲ့ လူတွေက ဘယ်သူတွေလဲ။— မဿဲ၊ မာကု၊ လုကာ၊ ယောဟန်၊ ပေတရု၊ ယာကုပ်၊ ယုဒနဲ့ ပေါလုတို့ဖြစ်တယ်။ သူတို့အားလုံး ယေရှုနဲ့ တစ်ချိန်တည်း အသက်ရှင်ခဲ့တယ်။ ယေရှုအကြောင်း ရေးသားခဲ့တဲ့သူတွေပေါ့။ သူတို့အကြောင်း မသိချင်ဘူးလား။

ဒီလူတွေအကြောင်း သိသလား

သူတို့ထဲက သုံးယောက်ဟာ ယေရှုနဲ့အတူလိုက်ပြီး ဟောပြောခဲ့ကြတဲ့ တမန်တော်တွေဖြစ်တယ်။ အဲဒီသုံးယောက်က ဘယ်သူတွေလဲ။— မဿဲ၊ ယောဟန်နဲ့ ပေတရုတို့ဖြစ်တယ်။ တမန်တော် မဿဲနဲ့ ယောဟန်တို့က ယေရှုအကြောင်း ကောင်းကောင်းသိကြတယ်။ သူတို့ရေးခဲ့တဲ့ ကျမ်းစာစောင်တွေမှာ ယေရှုအကြောင်း ဖော်ပြထားတယ်။ တမန်တော်ယောဟန်က ဗျာဒိတ်ကျမ်းနဲ့ စာသုံးစောင်ကိုလည်း ရေးခဲ့တယ်။ အဲဒီစာတွေကတော့ ယောဟန် ပထမစာစောင်၊ ဒုတိယစာစောင်နဲ့ တတိယစာစောင်တို့ ဖြစ်တယ်။ တမန်တော်ပေတရုက စာနှစ်စောင် ရေးခဲ့တယ်။ အဲဒီစာတွေကို ပေတရု ပထမစာစောင်နဲ့ ဒုတိယစာစောင်လို့ ခေါ်တယ်။ ဒုတိယစာစောင်ထဲမှာ ယေဟောဝါဘုရားက ကောင်းကင်ကနေ ယေရှုကို ‘ငါချစ်တဲ့ ငါ့သား။ သားအတွက် ဂုဏ်ယူတယ်’ လို့ပြောတဲ့အကြောင်း ရေးထားတယ်။

ပုံထဲမှာတွေ့ရတဲ့ တခြားသူတွေကလည်း ယေရှုအကြောင်းကို ရေးသားကြတယ်။ တစ်ယောက်ကတော့ မာကုဖြစ်တယ်။ ယေရှုကို ဖမ်းသွားတဲ့အချိန်မှာ မာကု ရှိနေပြီး ဖြစ်ပျက်တာတွေအားလုံးကို တွေ့မြင်ခဲ့ပုံရတယ်။ နောက်တစ်ယောက်ကတော့ လုကာဖြစ်တယ်။ သူက ဆရာဝန်ပေါ့။ ယေရှုသေပြီးမှ ခရစ်ယာန်ဖြစ်လာပုံရတယ်။

ပုံထဲမှာတွေ့ရတဲ့ ကျမ်းရေးသူနောက်နှစ်ယောက်က ယေရှုရဲ့ ညီတွေဖြစ်တယ်။ သူတို့နာမည်ကို သားတို့သမီးတို့ သိကြလား။— ယာကုပ်နဲ့ ယုဒတဲ့။ အစပိုင်းမှာတော့ အစ်ကိုကြီး ယေရှုကို သူတို့ မယုံကြဘူး။ ရူးနေပြီလို့တောင် ထင်ကြတာ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ယေရှုကိုယုံပြီး ခရစ်ယာန်တွေဖြစ်လာကြတယ်။

ပုံထဲမှာကျန်တဲ့ ကျမ်းရေးသူ နောက်ဆုံးတစ်ယောက်ကတော့ ပေါလုဖြစ်တယ်။ ခရစ်ယာန်မဖြစ်လာခင်က သူ့ကို ရှောလုလို့ ခေါ်ကြတယ်။ သူက ခရစ်ယာန်တွေကို သိပ်မုန်းလို့ ဒုက္ခလိုက်ပေးတယ်။ ပေါလု ခရစ်ယာန် ဘယ်လိုဖြစ်လာသလဲ သိချင်လား။— တစ်ရက်မှာ သူခရီးသွားနေတုန်း ကောင်းကင်ကနေ စကားလှမ်းပြောတာကို ရုတ်တရက် ကြားလိုက်တယ်။ စကားလှမ်းပြောတဲ့သူက ယေရှုပဲ။ ယေရှုက ‘ငါ့ကိုယုံကြည်တဲ့သူတွေကို ဘာလို့ ဒီလောက်တောင် ဒုက္ခလိုက်ပေးနေတာလဲ’ လို့မေးတယ်။ အဲဒီနောက်မှာတော့ ပေါလု ပြောင်းလဲသွားပြီး ခရစ်ယာန်ဖြစ်လာတယ်။ ရောမကျမ်းကနေ ဟီဘရူးကျမ်းအထိ ကျမ်းစာစောင် ၁၄ စောင်တောင် သူရေးခဲ့တယ်။

တို့တွေ ကျမ်းစာကို နေ့တိုင်းဖတ်ကြတယ် မဟုတ်လား။— ကျမ်းစာဖတ်ရင် ယေရှုအကြောင်း ပိုသိလာမယ်။ သားတို့သမီးတို့ရော ယေရှုအကြောင်းကို ဒီထက်မက မသိချင်ဘူးလား။—