သင်ခန်းစာ ၁၀
နာခံမှုရှိတဲ့ ယေရှု
မိဘစကား နားထောင်ဖို့ အမြဲတမ်း လွယ်သလား။— တစ်ခါတလေတော့ နားထောင်ဖို့ ခက်တယ်နော်။ ယေရှုကတော့ ယေဟောဝါဘုရားရဲ့စကားကိုရော၊ မိဘစကားကိုပါ နားထောင်ခဲ့တယ်ဆိုတာ သိလား။— ယေရှုရဲ့အကြောင်း သိထားရင် မိဘစကား နားထောင်ဖို့ လွယ်မယ်။ ယေရှုအကြောင်း လေ့လာကြည့်ကြစို့။
ယေရှု ကမ္ဘာပေါ် မလာခင် ကောင်းကင်မှာ သူ့ဖေဖေ ယေဟောဝါဘုရားနဲ့ အတူတူနေခဲ့တယ်။ မြေကြီးပေါ်မှာလည်း ယေရှုရဲ့ မိဘတွေရှိတယ်။ သူ့အဖေက ယောသပ်၊ အမေက မာရိ ဖြစ်တယ်။ သူတို့က ဘယ်လိုလုပ်ပြီး ယေရှုရဲ့ မိဘတွေ ဖြစ်လာကြတာလဲ သိလား။—
ယေဟောဝါဘုရားက ကောင်းကင်မှာရှိတဲ့ ယေရှုရဲ့အသက်ကို မာရိရဲ့ ဗိုက်ထဲ ထည့်ပေးလိုက်တယ်။ ဒါကြောင့် ယေရှုက တို့တွေလို လူအဖြစ် မွေးဖွားလာတာပေါ့။ အံ့သြစရာ ကောင်းတယ်မဟုတ်လား။ မေမေရဲ့ဗိုက်ထဲမှာ ကလေးတို့ တဖြည်းဖြည်း ကြီးလာသလို ယေရှုလည်း မာရိရဲ့ဗိုက်ထဲမှာ တဖြည်းဖြည်း ကြီးလာတယ်။ ကိုးလလောက်ကြာတော့ ယေရှုကို မွေးဖွားလာတယ်။ ဒီလိုနဲ့ မာရိနဲ့ ယောသပ်ဟာ မြေကြီးပေါ်က ယေရှုရဲ့ မိဘတွေ ဖြစ်လာကြတာ။
ယေရှုတို့မိသားစုဟာ ပသခါပွဲတက်ဖို့ အဝေးကြီးမှာရှိတဲ့ ဂျေရုဆလင်မြို့ကို သွားခဲ့ကြတယ်။ ပသခါပွဲဆိုတာ အစ္စရေးတွေ အီဂျစ်ပြည်ကနေ လွတ်မြောက်လာတာကို အမှတ်ရဖို့ ကျင်းပတဲ့ပွဲဖြစ်တယ်။ အဲဒီအချိန်မှာ ၁၂ နှစ်ပဲရှိသေးတဲ့ ယေရှုက ကောင်းကင်မှာရှိတဲ့ သူ့ရဲ့အဖေ ယေဟောဝါဘုရားကို ဘယ်လောက်ချစ်သလဲဆိုတာ ဖော်ပြခဲ့တယ်။ အိမ်အပြန်မှာ ယောသပ်နဲ့ မာရိဟာ ယေရှုကို ရှာမတွေ့ကြတော့ဘူး။ ယေရှု ဘယ်ရောက်နေသလဲ သိလား။—
ဗိမာန်တော်မှာ ယေရှု ဘာဖြစ်လို့ ရှိနေတာလဲ
ယောသပ်နဲ့ မာရိဟာ ဂျေရုဆလင်မြို့ကို မြန်မြန်ပြန်သွားပြီး ယေရှုကို လိုက်ရှာကြတယ်။ ယေရှုကို မတွေ့တဲ့အခါ သူတို့ တအားစိတ်ပူနေကြတာ။ သုံးရက်ကြာတော့မှ ယေရှုကို ဗိမာန်တော်မှာ တွေ့သွားကြတယ်။ ဗိမာန်တော်မှာ ယေရှု ဘာဖြစ်လို့ နေရစ်ခဲ့တာလဲ။— အဲဒီမှာ သူ့ရဲ့အဖေ ယေဟောဝါဘုရားအကြောင်း သိရလို့ပေါ့။ ယေရှုက ယေဟောဝါဘုရားကို အရမ်းချစ်တယ်။ ဘုရားပျော်အောင် ဘာလုပ်ရမလဲဆိုတာ သိချင်တယ်။ ယေရှု လူကြီးဖြစ်လာတဲ့အချိန်မှာတောင် ယေဟောဝါဘုရားရဲ့စကားကို အမြဲ နားထောင်တယ်။ နားထောင်ဖို့ မလွယ်ကူတဲ့အချိန်မှာရော၊ ဒုက္ခခံရမယ်ဆိုတာ သိတဲ့အချိန်မှာပါ ဘုရားစကားကို နားထောင်ခဲ့တယ်။ ယောသပ်နဲ့ မာရိရဲ့စကားကိုရော ယေရှု နားထောင်ခဲ့သလား။— နားထောင်ခဲ့တယ်လို့ ကျမ်းစာက ဖော်ပြတယ်။
ယေရှုဆီကနေ ဘာသင်ယူနိုင်သလဲ။— မိဘစကားကို သားတို့သမီးတို့ နားမထောင်ချင်တဲ့အခါတွေလည်း ရှိမှာပဲ။ ဒါပေမဲ့ အမြဲ နားထောင်ရမယ်နော်။ သားတို့သမီးတို့ မိဘစကားကို နားထောင်မလား။—

