သင်ခန်းစာ ၁
တို့တွေ သိချင်တဲ့ လျှို့ဝှက်ချက်
သားတို့သမီးတို့ကို သူများတွေ မသိအောင် တိုးတိုးလေးလာပြောတာကို ဘာလို့ခေါ်သလဲ သိလား။— a အဲဒါကို လျှို့ဝှက်ချက်လို့ ခေါ်တယ်။ ကျမ်းစာထဲမှာလည်း အထူးလျှို့ဝှက်ချက်တစ်ခု ပါတယ်။ အဲဒါကို “မြင့်မြတ်တဲ့လျှို့ဝှက်ချက်” လို့ခေါ်တယ်။ ဘုရားသခင်ဆီကလာလို့ မြင့်မြတ်တယ်လို့ ခေါ်တာ။ အရင်က ဒီအကြောင်းကို ဘယ်သူမှ မသိလို့ ဒါလျှို့ဝှက်ချက်ပဲပေါ့။ အဲဒီ လျှို့ဝှက်ချက်အကြောင်း ကောင်းကင်တမန်တွေတောင် သိချင်ကြတယ်။ သားတို့သမီးတို့ကော မသိချင်ဘူးလား။—
ကောင်းကင်တမန်တွေ ဘာအကြောင်းကို သိချင်ကြသလဲ
ဟိုးရှေးရှေးတုန်းက ယောက်ျားနဲ့ မိန်းမကို ဘုရားသခင် ဖန်ဆင်းခဲ့တယ်။ ယောက်ျားနာမည်က အာဒံ၊ မိန်းမနာမည်က ဧဝလို့ ခေါ်တယ်။ ဘုရားသခင်က သူတို့ကို သာယာလှပတဲ့ ဧဒင်ဥယျာဉ်မှာ နေခိုင်းတယ်။ အာဒံနဲ့ ဧဝသာ ဘုရားစကားနားထောင်ခဲ့ရင် သူတို့ရော၊ သူတို့ရဲ့ကလေးတွေပါ ကမ္ဘာကြီးတစ်ခုလုံးကို သာယာလှပတဲ့ဥယျာဉ်ဖြစ်လာအောင် လုပ်ဆောင်နိုင်မှာ။ အဲဒီဥယျာဉ်ထဲမှာ သူတို့ ထာဝစဉ်အသက်ရှင်သွားနိုင်မှာ။ ဒါပေမဲ့ အာဒံနဲ့ဧဝတို့ ဘာလုပ်ခဲ့သလဲ သိလား။—
ဘုရားစကားကို အာဒံနဲ့ဧဝ နားမထောင်ခဲ့ဘူး။ ဒါကြောင့် ခုချိန်မှာ သာယာလှပတဲ့ဥယျာဉ် ဖြစ်မလာတာပေါ့။ ဒါပေမဲ့ တစ်နေ့ကျရင် ကမ္ဘာတစ်ခုလုံးကို သာယာလှပတဲ့ ဥယျာဉ်ကြီးဖြစ်လာအောင် ဘုရားသခင် ပြန်လုပ်ပေးမယ်လို့ ကတိပေးထားတယ်။ အဲဒီမှာ လူအားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အမြဲတမ်း နေထိုင်သွားရမယ်။ အဲဒီလိုဖြစ်လာအောင် ဘုရားသခင် ဘယ်လိုလုပ်ပေးမှာလဲ။ အဲဒါကို နှစ်အတော်ကြာတဲ့အထိ ဘယ်သူမှ မသိဘူး။ ဒါကြောင့် လျှို့ဝှက်ချက်လို့ ခေါ်တာပေါ့။
ကမ္ဘာပေါ်မှာ ယေရှု ရှိနေတုန်းက ဒီလျှို့ဝှက်ချက်အကြောင်း လူတွေကို အများကြီး ပြောပြခဲ့တယ်။ အဲဒီလျှို့ဝှက်ချက်ဟာ ဘုရားသခင့်နိုင်ငံတော်နဲ့ ပတ်သက်တယ်။ ဘုရားသခင့်နိုင်ငံတော် လာပါစေလို့ ဆုတောင်းဖို့ ယေရှု သင်ပေးခဲ့တယ်။ အဲဒီနိုင်ငံတော်ကပဲ ကမ္ဘာကြီးကို သာယာလှပတဲ့ ဥယျာဉ်ကြီးဖြစ်လာအောင် လုပ်ပေးမှာ။
ဒီလျှို့ဝှက်ချက်ကို သိရလို့ မပျော်ဘူးလား။— ယေဟောဝါဘုရားစကား နားထောင်သူတွေပဲ ဒီသာယာလှပတဲ့ ဥယျာဉ်ကြီးမှာ နေရမှာ။ ဘုရားစကား နားထောင်ခဲ့သူတွေ အများကြီးရှိတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ သူတို့အကြောင်း မသိချင်ဘူးလား။— သူတို့ဟာ ဘယ်သူတွေလဲ၊ သူတို့နဲ့တူအောင် တို့တွေ ဘာလုပ်ရမလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်။
ကျမ်းစာကနေ ဖတ်ကြည့်ပါ
a ဒီပုံပြင်တွေထဲက မေးခွန်းတချို့ရဲ့နောက်မှာ ဒီလိုမျဉ်းရှည် (—) ကို တွေ့ရပါလိမ့်မယ်။ အဲဒီအခါ ခဏရပ်ပြီး ကလေးကို ဖြေဆိုခွင့်ပေးပါ။

